အချိန်လေးစား ထိုလူသား တိုးပွားကြစေရာ
စက္ကန့် ၆ဝ တစ်မိနစ်၊ မိနစ် ၆ဝ တစ်နာရီ၊ ၂၄ နာရီတစ်ရက် ဆိုသည့် အချိန်သတ်မှတ် ချက်များကို မူလတန်းကျောင်းသား ဘဝမှစ၍ ကျက်မှတ်ခဲ့ ရသည်။ အချိန်နာရီ၊ ရက်၊ လ၊ နှစ်တွေ တရွေ့ရွေ့ ပြောင်းလဲမှု ဖြစ်စဉ်နှင့် အချိန်၏တန်ဖိုး တို့ကို မတွေးမိသော ကလေးပီပီ အချိန် သတ်မှတ်ချက်ကိုသာ ဆိုကောင်းကောင်း နှင့် အသံကုန်ဟစ် ကျက်မှတ်ခဲ့ခြင်း ဖြစ်သည်။
လူတစ်ဦး မွေးဖွားလာသည်နှင့် အချိန်ဟူသော ပိုင်ဆိုင်မှုမှလွဲ၍ တခြားမည်သည့် အရာမျှ ပါလာကြသည် မဟုတ်သကဲ့သို့ လူတိုင်းအတွက် နေ့စဉ်တူညီသော ပိုင်ဆိုင်မှုမှာ ၂၄ နာရီဖြစ်သည်။ မည်သူမျှပို၍ မရ၊ လို၍မရ ညီတူညီမျှသာ ဖြစ်သည်။ လူတစ်ဦးသည် လူမှုကိစ္စအဝဝ တို့ကို တာဝန်ယူနိုင်သည့် အချိန် အရွယ်သို့ ရောက်ပြီဆိုသည်နှင့် အချိန်ဇယား ခွဲခြားထားရမည်။ အချိန်ဇယား ခွဲခြားရာတွင် တစ်နေ့တာ အိပ်ချိန်၊ အလုပ်လုပ်ချိန် နှင့် အနားယူချိန် သို့မဟုတ် စိတ်ပြေလက်ပျောက် ရှိစေရန် အားကစား လေ့ကျင့်ခြင်း၊ စာပေ ဖတ်ရှု လေ့လာခြင်း၊ မိတ်ဆွေ အပေါင်းအဖော် များနှင့် နှီးနှောဖလှယ် ဆွေးနွေးခြင်း၊ မိသားစုနှင့်အတူ ရှိနေခြင်း စသည်တို့ဖြင့် တစ်နေ့တာ အနားယူချိန်အတွင်း စိတ်လက် ပေါ့ပါးမှုကို ရရှိနိုင်သည်။
အချိန်ဇယား ခွဲဝေမှုတွင် အိပ်ချိန်သည် ကျန်းမာရေး ကောင်းမွန်မှုကို ရရှိစေနိုင်သည် မှတစ်ပါး တခြားအကျိုး မရနိုင်ပေ။ အိပ်စက်ခြင်းမှာ ကြီးပွားတိုးတက် စေမည့် မျိုးစေ့မပါ သည့်အတွက် အိပ်နေခြင်းအားဖြင့် ရုပ်ဝတ္ထုများနှင့် ကြီးပွားချမ်းသာရေး တို့အလိုလို ရောက်လာမည် မဟုတ်ပေ။ လူတစ်ဦး ကျန်းမာရေး ကောင်းစေရန် တစ်နေ့လျှင် အိပ်ချိန် ရှစ်နာရီ သတ်မှတ်သင့်ကြောင်း ပညာရှင်များက အသိပေးထား ကြသည်။ ယခုအချိန်တွင် လူနေမှု အဆင့်အတန်း တိုးတက်လာသည်ကို အမီလိုက်နိုင်ရန် အလုပ်ချိန်ကို ရှစ်နာရီမှ ဆယ်နာရီအထိ ထားရန် လိုအပ်ကောင်း လိုအပ်ပေမည်။ ထို့ကြောင့် အနားယူချိန်သည် ခြောက်နာရီမှ ရှစ်နာရီသာ ကျန်ရှိမည်ဖြစ်ပြီး အနားယူ ချိန်သည် လူတစ်ဦး အောင်မြင်မှု အတွက် အရေးအကြီးဆုံး အချိန်ဖြစ်သည်။ အနားယူချိန် အတွင်း ပညာရအောင် ရှာမှီးနိုင်ခွင့်ရှိသည်။ မိမိတွင်ရှိပြီးသော စွမ်းအားကို ပိုမိုအကျိုးရှိအောင် မည်သို့ အသုံးချမည်။ စွမ်းအားပိုမို ထက်မြက်စေရန် မည်သို့ရယူမည် စသည့် စိတ်ကူးကြံစည်မှု များဖြင့် မိမိဘဝပိုမို တိုးတက်စေမည့် အစီအစဉ်များ ချမှတ်နိုင်မည် ဖြစ်သည်။ ထို့ပြင် လူ့အဖွဲ့အစည်း အတွင်း သဟဇာတဖြစ်စေမည့် လူမှုဆက်ဆံရေး ကိစ္စများ ကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အနားယူချိန် အတွင်း ဆိုခဲ့သော ကိစ္စရပ်များကို မဆောင်ကြဉ်းဘဲ မိမိအာရုံကျသလို ပျော်ရွှင်မှုများဖြင့်သာ အချိန်ကုန်လွန် စေသူတစ်ဦး အတွက် ကံကောင်းထောက်မ မှုကြောင့် ရှားရှားပါးပါး ရရှိသော အခွင့်အရေး အနည်းငယ်မှ တစ်ပါး မည်သည့်နေရာတွင်မျှ အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ပေ။ အားလပ်ချိန် များသည် လူ့ဘဝကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးစလုံးကို ဖန်တီးနိုင်သည်။ အားလပ်ချိန်သည် မိမိအတွက် အခွင့်အလမ်း ရရှိချိန်အဖြစ် နားလည်သူက ကောင်းကျိုးသုခ ရရှိနိုင်မည့် ကိစ္စတို့အတွက် အသုံးချကြသည်။ အားလပ်ချိန် အတွင်းမှာ ဘဝအတွက် အနှောင့်အယှက် အပျက်အစီး ဘက်သို့ ဦးတည်သော ကြံစည်စိတ်ကူးမှု များကိုသာပြုသူ အတွက်မှာမူ ထိုအချိန်သည် သူ့အတွက် ကံဆိုးမိုးမှောင် ကျချိန်သာ ဖြစ်ပေမည်။
အားလပ်ချိန်သည် မိမိအတွက်ရော တခြားသူများ အတွက်ပါ အကျိုးဖြစ်ထွန်း စေသောကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းသင်း ရပေမည်။ လူတစ်ဦး ပိုင်ဆိုင်သော အချိန်သည် ထိုသူတစ်ဦးတည်း ပိုင်သည်ဟု ဆိုရစေကာမူ ထိုသူအပေါ် မှီခိုနေထိုင် ကြရ သူများနှင့် ထိုသူ လုပ်ကိုင်နေသော လုပ်ငန်းရှင် တို့ကလည်း ထိုသူ၏ အချိန်ကို သွယ်ဝိုက်သော နည်းဖြင့် ပိုင်ဆိုင်ကြပေရာ တန်ဖိုးရှိသော အချိန်ကို အလဟဿ ဖြုန်းတီးပစ် သူများ နှင့် ပေါင်းသင်း ဆက်ဆံခြင်းကို ရှောင်ကြဉ်ကြ ရပေမည်။ တစ်ကိုယ်ကောင်း မဆန်သူတို့ သည် အချိန်ကို လေးစားမှုရှိပြီး အပြုသဘော ဆောင်သော လုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများ အတွက်သာ အချိန်ကို အကျိုးရှိစွာ အသုံးချ ကြသည်။
လူသည် တစ်ဦး တစ်ယောက်တည်း နေထိုင်ရသည် မဟုတ်ဘဲ အများနှင့် ပေါင်းသင်းဆက်သွယ် နေရသည်ဖြစ်ရာ သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေး အတွက် လူတိုင်း တာဝန်ကိုယ်စီ ရှိကြသည်။ သို့သော် များလှစွာသော လူတို့သည် လူ့ယဉ်ကျေးမှု အစဉ်အလာမှ ရရှိသော အခွင့်အရေး များကို မိမိတို့ကိုယ်ကျိုး အတွက်သာ ရယူသုံးစွဲ လိုကြပြီး တခြားသူများ အတွက် ပြန်လည် အကျိုးပြုရန် နှောင့်နှေး နေတတ်ကြပေရာ လိုအပ်သော အချိန်တွင် လိုအပ်သော ပြုဖွယ်ကိစ္စကို ပြုခြင်းသည်သာ သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည် ဖြစ်ပေသည်။
( အယ်ဒီတာ့အာဘော် )
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)
No comments:
Post a Comment