www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

နာဂနှစ်သစ်ကူးပွဲတော်သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်မည်



လဟယ် ၊ ၁၅-၁၂-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်နှင့် နန်းယွန်း မြို့နယ် တို့၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ တွင် ကျင်းပမည့် နာဂနှစ်သစ်ကူး ပွဲတော်သို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရန် ပြည်တွင်းရှိ ခရီးသွား ဝန်ဆောင်မှု အေဂျင်စီများသို့ စာရင်းပေး ထားခြင်းကြောင့် ယခင်နှစ်ထက် ယင်းပွဲတော်သို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်မှု ပိုမိုများလာမည် ဖြစ်ကြောင်း ခရီးသွား ဝန်ဆောင်မှု အေဂျင်စီများထံမှ သိရသည်။

'' ပြီးခဲ့တဲ့ လေး၊ ငါးနှစ် လောက်က ဒီပွဲတော်ကို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ က သိပ်စိတ်မဝင်စား ကြပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်လောက် ကစပြီး နာဂလူမျိုး တွေရဲ့ အကြောင်းကို အင်တာနက်ကနေ တစ်ဆင့်သိပြီး နာဂ နှစ်သစ်ကူး ပွဲတော်ကို လာရောက် လည်ပတ်ကြတာပါ။ လာမယ့်နှစ်ရဲ့ နာဂ နှစ်သစ်ကူး ပွဲတော်သို့ ယခင်နှစ်များ ကထက် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ပိုမိုလာရောက် ကြမှာဖြစ်လို့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေက ဝန်ဆောင်မှုတွေ ပေးဖို့ စီစဉ် ဆောင်ရွက် နေပါတယ်'' ဟု မြင့်ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ ဒေါ်မြင့်ဆွေ ကပြောသည်။

အဆိုပါပွဲတော်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး လက်ရှိတွင် ယင်းပွဲတော်သို့ လာရောက် လည်ပတ်မည့် နိုင်ငံခြား ခရီးသွား ဧည့်သည်ဦးရေ စာရင်း အတိအကျကို မသိရှိ ရသေးကြောင်း သိရသည်။

အဆိုပါပွဲတော်သို့ လာရောက် လည်ပတ်မည့် နိုင်ငံခြား ခရီးသွားဧည့်သည် အများစုမှာ နာဂလူမျိုးတို့၏ ဓလေ့စရိုက်၊ ကိုးကွယ်မှုနှင့် ယဉ်ကျေးမှု တို့ကို လေ့လာကြပြီး ယခုနှစ်တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသို့ လက်ရှိ အချိန်ထိ နိုင်ငံခြား ခရီးသွား ဧည့်သည် ၄၈ ဦး လာရောက် လည်ပတ် ထားကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger