www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

သီလ၀ါအထူးစီးပွားရေးဇုန် တွင် ကားထုတ်လုပ်သည့် စက်ရုံတည်ဆောက် ပြီးစီးပါက Suzuki ကားကုမ္ပဏီမှ မော်ဒယ်မြင့်ကားများ ထုတ်လုပ် ရောင်းချသွားမည်



ရန်ကုန် ၊ ၈-၁၁-၂၀၁၆

မြန်မာနိုင်ငံ၌ ဈေးကွက် အခိုင်အမာ ရရှိထားပြီး ဖြစ်သည့် ဂျပန်နိုင်ငံမှ Suzuki ကားကုမ္ပဏီသည် လာမည့်နှစ်တွင် သီလဝါ အထူးစီးပွားရေးဇုန် ၌ ကားထုတ်လုပ် သည့် စက်ရုံ တည်ဆောက်ပြီးစီး ပါက နှစ်စဉ် ပြည်တွင်းရှိ ပြည်သူများ လိုအပ်ချက်ရှိသည့် မော်ဒယ်မြင့် ကား အမျိုးအစား များစွာ ထုတ်လုပ်ရောင်းချ သွားမည်ဖြစ်ကြောင်း Suzuki ကားကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးမှ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ တာကာယူကီ စုဂီရာမာ ထံမှ သိရသည်။

''ပြည်တွင်းမှာ ကားအသုံးပြု လိုတဲ့လူဦးရေ နဲ့ ကားအရေအတွက် က မမျှသေးပါဘူး။ ဒါကြောင့် Suzuki ကားကုမ္ပဏီက အကောင်းဆုံးပုံစံနဲ့ ထုတ်လုပ်ပြီး ဖြည့်ဆည်း ပေးသွားမှာပါ။ ဝယ်စီးတဲ့အခါ မှာလည်း စိတ်ကျေနပ်မှု အပြည့် ရစေမယ်လို့ အာမခံပါတယ်'' ဟု မစ္စတာ တာကာယူကီ စုဂီရာမာ ကပြောသည်။

အဆိုပါ ကားထုတ်လုပ်သည့် စက်ရုံကို သီလဝါ အထူးစီးပွားရေးဇုန် အတွင်းရှိ ဟက်တာ ၂ဝ ကျယ်ဝန်းသော မြေနေရာကို ဝယ်ယူပြီး လာမည့်နှစ်တွင် ယင်းစက်ရုံကို အပြီး တည်ဆောက်ရန် စီစဉ်ထားသည်။ လက်ရှိတွင် အဆိုပါ ကုမ္ပဏီမှ ကားထုတ်လုပ် ရာတွင် လိုအပ်သည့် ပစ္စည်း အစိတ်အပိုင်း များကို ပြည်ပမှ တင်သွင်းပြီး ပြည်တွင်း၌ ပြန်လည် တပ်ဆင်ကာ ကားများထုတ်လုပ် ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း သိရသည်။

Suzuki ကားကုမ္ပဏီသည် လက်ရှိတွင် ပြည်တွင်း၌ ERTIGA နှင့် Ciaz အမျိုးအစား နှစ်မျိုးကို ထုတ်လုပ်ထားပြီး ယင်း အမျိုးအစား နှစ်မျိုးစလုံးကို ဝယ်ယူမှု များကြောင်း သိရသည်။

ယင်းကုမ္ပဏီမှ မော်ဒယ်မြင့် အိမ်စီးကား များကို အဓိကအနေဖြင့် ထုတ်လုပ် ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းကိုလည်း ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်မည့် နှုန်းထားဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ထို့ပြင် ကားများ ထုတ်လုပ်သည့် အခါ မြန်မာနိုင်ငံ၏ လမ်းစနစ်မှာ ညာကပ်မောင်း စနစ်ဖြစ်သည့် အတွက် ယင်းစနစ်ဖြင့် အဆင်ပြေမည့် ဘယ်မောင်း ယာဉ်များကိုသာ ထုတ်လုပ် သွားမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ Suzuki ကားကုမ္ပဏီကဲ့သို့ ကားထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် ပြည်ပ ကားကုမ္ပဏီသုံးခု ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။ 

(သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger