www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 24, 2016

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ၀မ်တိန် နှင့် မန်ဟိုင်းဒေသ အတွင်း မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် တရုတ်နိုင်ငံဘက်မှ အကြောင်းကြားစာ ပေးပို့လာခြင်းနှင့် ပတ်သက်၍ စိစစ်သတင်းထုတ်ပြန်




နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဝမ်တိန်နှင့် မန်ဟိုင်းဒေသ အတွင်းသို့ မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဝမ်တိန်ဘက်သို့ ၁၁ လုံး၊ မန်ဟိုင်းဘက်သို့ နှစ်လုံး၊ စုစုပေါင်း ၁၃ လုံး ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ ထိုသို့ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် တရုတ်ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဘက်မှ ပြည်သူ ၁ဝဝဝ ကျော်ခန့်လည်း ဝမ်တိန်နှင့် မန်ဟိုင်းဘက်သို့  ရောက်ရှိနေကြောင်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ တယ်ဟုန်တိုင်း အခြေချ နယ်စပ် ကာကွယ်ရေး တပ်ဖွဲ့မှ အကြောင်းကြားစာ ပေးပို့လာခဲ့သည်။

တရုတ်နိုင်ငံဘက်မှ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ သည်ဟု အကြောင်းကြားစာ ပေးပို့လာသည့် ဝမ်တိန်ဒေသ သည် မြန်မာနိုင်ငံ၊ ကြူကုတ်(ပန်ဆိုင်း) မြို့နှင့် လည်းကောင်း၊ မန်ဟိုင်းဒေသသည် မြန်မာနိုင်ငံ၊ မုံးကိုးမြို့နှင့် လည်းကောင်း နယ်နိမိတ်ချင်း ထိစပ်နေသော နေရာများ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကြူကုတ်(ပန်ဆိုင်း) နှင့် မုံးကိုးမြို့ များတွင် နှစ်နိုင်ငံနယ်စပ် သဘောတူညီချက် ပါ အကွာအဝေး အတိုင်း မြန်မာ-တရုတ် နယ်စပ်ကပ်လျက် မိမိတပ်နှင့် ရဲစခန်းများ ထားရှိ လုံခြုံရေး ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ ၂ဝ ရက်တွင် စခန်းအသီးသီးသို့ KIA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူများ က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှု သတင်းကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့ သတင်း၌ ဖော်ပြပြီးဖြစ်သည်။

တရုတ်နိုင်ငံ အတွင်းသို့ ကျည်ကျရောက် ပေါက်ကွဲမှုအား စိစစ်ချက်အရ တပ်နှင့် ရဲစခန်း နေရာများသို့ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အရှေ့တောင်ဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက် တို့မှ အနောက် မြောက်ဘက်၊ မြောက်ဘက် နှင့် အရှေ့မြောက် ဘက် သို့ ဦးတည်ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ပြီး မိမိလုံခြုံရေး စစ်သည်များက တောင်ဘက်၊ အရှေ့တောင်ဘက် နှင့် အနောက်တောင်ဘက် အကြမ်းဖက် သောင်းကျန်းသူများ ရှိသည့်နေရာ များသို့ ဦးတည်ပြန်လည် ပစ်ခတ်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်၍ ပစ်ခတ်တိုက်ခိုက်မှု ဦးတည်ချက်များ အရ ဝမ်တိန်ဒေသနှင့် မန်ဟိုင်းဒေသ လက်နက်ကြီးကျည် ၁၃ လုံး ကျရောက် ပေါက်ကွဲ ခြင်းမှာ KIA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်ပျက်စီး စေရန်ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

စစ်ဆေးတွေ့ရှိချက် များအား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ တယ်ဟုန်တိုင်း အခြေချ နယ်စပ် ကာကွယ်ရေးတပ်ဖွဲ့ သို့ မြန်မာ့တပ်မတော် နယ်စပ်ဒေသ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်မှ တစ်ဆင့် ပေးပို့ပြီးဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger