www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 1, 2016

စိုးရိမ်ဖွယ်ဖြစ်လာသည့် တောင်ကိုရီးယားနိုင်ငံရေး အရှုပ်တော်ပုံ


A protestor holds a placard showing portraits of South Korean President Park Geun Hye


( ဇေယျဘုန်း )

တောင်ကိုရီးယား နိုင်ငံ၌ သမ္မတကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ ထွက်ပေါ်လာပြီး သမ္မတ ပါ့ခ်ဂွမ်ဟေး ကိုပင် ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြသူ များက တောင်းဆို လာခြင်းကြောင့် ယင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်လာခဲ့သည်ကို တွေ့ရသည်။  ပါ့ခ် နှင့် ကာလရှည် ခင်မင်ရင်းနှီးသူ အမျိုးသမီး တစ်ဦးက သမ္မတနှင့် ရင်းနှီးမှုကို အခွင့်ကောင်း ယူ၍ စီးပွားရေး အကျိုးအမြတ် ရယူပြီး နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ခဲ့သည် ဟု အတိုက်အခံ ပါတီနှင့် ပြည်သူများက ယူဆပြီးနောက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံအတွင်း ပြည်သူများ၏ အမျက်ဒေါသ ကြီးထွားလာ သည်နှင့်အမျှ ပါ့ခ် အပေါ် ကျရောက်လာသော နိုင်ငံရေးဖိအား များမှာလည်း တစ်စထက်တစ်စ ကြီးထွား လာခဲ့သည်။

ချွဲဆွန်ဆေလ် အမည်ရှိ သမ္မတ ပါ့ခ် ၏ မိတ်ဆွေ အမျိုးသမီးသည် သမ္မတနှင့် ရင်းနှီးကျွမ်းဝင် မှုကို အကြောင်းပြု၍ နိုင်ငံအတွင်းရှိ ကုမ္ပဏီကြီး များအပေါ် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည် ဟူသော စွပ်စွဲချက် များလည်း ထွက်ပေါ် လာခြင်းကြောင့် အတိုက်အခံ ပါတီက သမ္မတအား အကျိုးဆက်ကို တာဝန်ယူသည့် အနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆို လာခဲ့ခြင်း ဖြစ်သည်။

သမ္မတ ပါ့ခ် သည် အစောပိုင်း ကလည်း နိုင်ငံတော်၏ လျှို့ဝှက်သတင်း ပေါက်ကြားမှုနှင့် စပ်လျဉ်း၍ တုံ့ပြန်သည့် အနေဖြင့် ၄င်း၏ထိပ်တန်း အကြံပေးများကို အောက်တိုဘာ ၂၈ ရက်က ရာထူးမှ ဖယ်ရှားပစ် ခဲ့သည်။ ရာထူးမှ ဖယ်ရှားခံရသူ များတွင် ကျွမ်းကျင်သူ အများအပြား ပါဝင်ခဲ့သည်။

ထို့ပြင် ပါ့ခ် သည် မြင့်တက်လာသည့် ပြည်သူများ၏ အမျက်ဒေါသ ကို လျှော့ချနိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် သမ္မတရုံးမှ အရာရှိချုပ် အပါအဝင် အကြံပေးများ၏ ရာထူးမှ နုတ်ထွက်ခွင့် တင်သွင်းခြင်းကို လက်ခံခဲ့ပြီး အစိုးရအဖွဲ့ ကိုလည်း တစ်စိတ်တစ် ဒေသ ပြောင်းလဲပစ် ခဲ့သည်။ သို့သော် ယင်း လုပ်ဆောင်ချက် များက ပြည်သူများ ၏ အမျက်ဒေါသကို လျှော့ချပစ်နိုင် ခဲ့ခြင်း မရှိပေ။ ပါ့ခ် ကို ရာထူးမှ နုတ်ထွက်ပေးရန် ပြည်သူများက လမ်းမများ ပေါ်ထွက်၍ ဆန္ဒပြ တောင်းဆိုနေစဉ် အတွင်း သမ္မတ၏ ထိပ်တန်း အကြံပေး များက ချွဲဆွန်ဆေလ် အား နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ခွင့် ပြုခဲ့ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ အစိုးရရှေ့နေ များက စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

အောက်တိုဘာ ၂၉ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြ တောင်းဆိုပွဲတွင် ပြည်သူ ၈ဝဝဝ ခန့်ပါဝင်ခဲ့ပြီး တောင်းဆိုမှုများကို ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ ကြသည်။ သမ္မတ ပါ့ခ် သည် ပြည်သူများက ၄င်းအပေါ် ထားရှိသည့် ယုံကြည်မှုကို သစ္စာဖောက်ခဲ့ ရုံသာမက အစိုးရအဖွဲ့ကို မှားယွင်းစွာ စီမံခန့်ခွဲ ခဲ့သည်ဟု ပြည်သူများက ပြောကြားထားပြီး ၄င်းအနေဖြင့် နိုင်ငံကို ဆက်လက် ဦးဆောင်ခွင့် ဆုံးရှုံးသွားပြီဟု ဆန္ဒပြသူများက ပြောသည်။

ထို့ပြင် ချွဲဆွန်ဆေလ် ၏ကိစ္စရပ်နှင့် ထွက်ပေါ်လာသည့် အရှုပ်တော်ပုံေ ကြာင့် သမ္မတပါ့ခ် ၏ လူထုထောက်ခံမှု နှုန်းမှာ ယခုအခါ အနိမ့်ဆုံးအဆင့်သို့ ကျဆင်း လာခဲ့သည်။ ပြည်သူ ၄၀ ရာခိုင်နှုန်း ကျော်သည် ပါ့ခ် အား နိုင်ငံ၏ သမ္မတအဖြစ်မှ နုတ်ထွက်ပေးရန် ဆန္ဒရှိနေသည့် အပြင် ၄င်းအား တရားစွဲဆို သင့်သည်ဟု ၄င်းတို့က ပြောကြားခဲ့သည်။

ပါ့ခ်အား ဆန္ဒပြသူ များတွင် ၂ဝ၁၂ ခုနှစ် ရွေးကောက်ပွဲ အတွင်း ၄င်းအား ထောက်ခံမဲပေး ခဲ့သူ အများအပြား ပါဝင်ပြီး အထက်တန်း နှင့် တက္ကသိုလ် ကျောင်းသား အများအပြား လည်း ပါဝင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဆန္ဒပြသူ တချို့သည် သမ္မတ အိမ်တော်သို့ ချီတက်ဆန္ဒပြရန် အထိ ကြိုးပမ်းခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို လက်ဝဲယိမ်း အဖွဲ့များက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး မြို့တော်ဆိုးလ်၌ ပြုလုပ်သည့် ဆန္ဒပြမှု အတွင်း လူပေါင်း ၃ဝဝဝဝ အထိ ပါဝင်ခဲ့သည်ဟု စီစဉ်သူများက ပြောကြားထားသည်။

အာဏာပိုင်များသည် ချွဲဆွန်ဆေလ် အား သမ္မတ ပါ့ခ် ၏ မိန့်ခွန်းများနှင့် အစိုးရနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း များကို ကိုင်တွယ် အသုံးပြုရန် ခွင့်ပြုခဲ့သည်ဟု စွပ်စွဲခံထား ရသူများကို ယခုအခါ စစ်ဆေးလျက် ရှိသည်။ ဒေသတွင်း သတင်းစာကြီး တစ်စောင်၏ ထုတ်ပြန်ချက် အရ ချွဲဆွန်ဆေလ် သည် သမ္မတ၏ အခွင့်အာဏာ ကို အသုံးပြု၍ဝမ် ၅ဝ ဘီလီယံ (ဒေါ်လာ ၄၄ သန်းခန့်) ပမာဏရှိ စီးပွားရေး ကော်ပိုရေးရှင်း ကြီးများ၏ ငွေကြေး ထောက်ပံ့မှုဖြင့် ဖောင်းဒေးရှင်း နှစ်ခု တည်ထောင်ခဲ့ပြီး ငွေကြေး အကျိုးအမြတ် ရယူခဲ့သည်။ အလားတူ ချွဲဆွန်ဆေလ် ၏ သမီးဖြစ်သူ ချန်ယူရာ သည် EWHA အမျိုးသမီး တက္ကသိုလ်သို့ တက်ရောက် ရာတွင်လည်း ၄င်း၏ မိခင်ဖြစ်သူမှာ သမ္မတနှင့် ရင်းနှီးကျွမ်းဝင် နေခြင်းကြောင့် တခြား ကျောင်းသား များကြား မျက်နှာသာပေးခြင်း ခံရသည် ဟူသော စွပ်စွဲမှုများ ထွက်ပေါ်လျက် ရှိသည်။

သို့ရာတွင် မိမိအနေဖြင့် သမ္မတပါ့ခ် ၏ မိန့်ခွန်းများကို ပြင်ဆင် တည်းဖြတ် ပေးခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း နိုင်ငံရေးတွင် ၀င်ရောက် စွက်ဖက်သည် ဟူသော စွပ်စွဲချက်များကို ချွဲဆွန်ဆေလ် က ငြင်းဆိုထားသည်။ ထို့ပြင် အစိုးရနှင့် ဆက်နွယ်မှုမှ ငွေကြေး အကျိုးအမြတ် ရယူခဲ့ခြင်းကိုလည်း ၄င်းက ပယ်ချထားခဲ့သ်ည။ ချွဲဆွန်ဆေလ် သည် ၄င်းအပေါ် စွဲဆိုထားသည့် စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ ဖြေရှင်းရန် ဂျာမနီနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ ပြန်လည်ရောက် ရှိလာခဲ့သည်။

အဆိုပါ နိုင်ငံရေး အရှုပ်တော်ပုံ ပေါ်လာပြီး နောက်ပိုင်းတွင် ပါ့ခ် က ပြည်သူများကို တောင်းပန်စကား ပြောကြားခဲ့ပြီး ချွဲဆန်ဆေလ် သည် မိမိအား သမ္မတအဖြစ် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း တွင်သာ အကြံဉာဏ်များ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောကြား ခဲ့သည်။

သို့ရာတွင် ပါ့ခ် အနေဖြင့် ပြည်သူများအား မည်မျှပင် တောင်းပန်စကား ပြောကြားခဲ့ သော်လည်း ပြည်သူများ၏ အမျက်ဒေါသမှာ တဖြည်းဖြည်း ကြီးထွားလာပြီး ၄င်းအား ရာထူးမှနုတ်ထွက် ပေးရန်သာ ထပ်တလဲလဲ တောင်းဆိုလျက် ရှိသည်ကို တွေ့ရသည်။

အသက် ၆၄ နှစ်အရွယ်ရှိ သမ္မတ ပါ့ခ်ဂွမ်ဟေး သည် တောင်ကိုရီးယား နိုင်ငံကို ဦးဆောင်ရန် ရွေးချယ်ခံ ရသည့် ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခဲ့ သော်လည်း ယခုအခါ ၄င်းကို ထောက်ခံမဲ ပေးခဲ့သည့် ပြည်သူများ၏ ယုံကြည်မှုကို ဆုံးရှုံးစပြုလာပြီ ဖြစ်သည်။ ၄င်းသည် သက်တမ်းပြည့် ငါးနှစ် ထမ်းဆောင်ရန် တစ်နှစ် လိုနေသေးသည်။ သို့သော် ပါ့ခ် အနေဖြင့် သက်တမ်းပြည့် ဆက်လက် ထမ်းဆောင်ရန် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက် ရှိသည်ဟုလည်း ဆိုနိုင်သည်။ ၄င်းအနေဖြင့် ပြည်သူများ၏ ဒေါသပြေပျောက် စေရန် ၄င်း၏ အစိုးရအဖွဲ့ ထိပ်တန်း တာဝန်ရှိသူ တချို့ကို ရာထူးမှဖယ်ရှား၍ တုံ့ပြန်ခဲ့ သော်လည်း ပြည်သူများအား ကျေနပ်မှု ရှိစေရန် စွမ်းဆောင်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် သမ္မတ ပါ့ခ်ဂွမ်ဟေး အနေဖြင့် တဖြည်းဖြည်း ကြီးထွားလာသည့် နိုင်ငံရေး အရှုပ်တော်ပုံ ကြီးမား မည်သို့မည်ပုံ ဖြေရှင်းမည်ကို အများက စိတ်ဝင်တစား စောင့်ကြည့် နေကြမည်သာ ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger