www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 1, 2016

ကျောက်လိုဏ်ဂူအတွင်းက အံ့ချီးဖွယ်ရာများ


ကျောက်လိုဏ်ဂူအတွင်းက အံ့ချီးဖွယ်ရာများ

( သိပ္ပံစာရေးဆရာ ကိုကိုနိုင် )

ကမ္ဘာ့အရပ်ဒေသ အသီးသီးတွင် လိုဏ်ဂူများကို အများအပြား တွေ့ရှိနိုင်သည်။ ကမ္ဘာပေါ်ရှိ ကျောက်လိုဏ်ဂူ များအနက် အရေအတွက် အားဖြင့် အများစုမှာ လူသူ အရောက်အပေါက် နည်းလှသော ဝေးလံ ခေါင်သီသည့် တောတောင် လျှိုမြောင်များ အတွင်း၌ တည်ရှိ နေကြသည်။ အနည်းစုသော ကျောက်လိုဏ်ဂူ တို့ကသာလျှင် အများပြည်သူ တို့ နေထိုင်ရာ မြို့ရွာများနှင့် မလှမ်းမကမ်း၌ တည်ရှိ နေကြသည်။

ဆဒ္ဒန်လိုဏ်ဂူ (ကရင်ပြည်နယ်) ဇွဲကပင်

ပြဒါးလင်းဂူ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့

ထန်ဆန်းဂူ ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့

ရွှေဥမင်ဂူ ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့ 

ချင်းဒေါင်းဂူ ၊ ထိုင်းနိုင်ငံ (မြောက်ပိုင်း) ချင်းမိုင်မြို့

ချင်းဒေါင်းဂူ ၊ ထိုင်းနိုင်ငံ (မြောက်ပိုင်း) ချင်းမိုင်မြို့

ထိုသို့သော အနည်းစု ဖြစ်သည့် ကျောက်လိုဏ်ဂူ များထဲ၌ပင် ဖော်ထုတ်တွေ့ရှိ ခဲ့ပြီးဖြစ်သော လိုဏ်ဂူ အရေအတွက်မှာ အချို့အဝက်သာ ရှိပြီး ကျန်ရှိနေ သေးသော ကျောက်လိုဏ်ဂူ များကိုမူ ရှာဖွေတွေ့ရှိ ဖော်ထုတ် နိုင်ခြင်း မရှိကြသေးပေ။ ကျောက်လိုဏ်ဂူ များကို ရှာဖွေဖော်ထုတ် နိုင်မှုတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ က အများဆုံး ဖြစ်ပြီး ထိုထိုသော ဖွံ့ဖြိုးပြီး နိုင်ငံများက သည်ပင်လျှင် မိမိတို့ရှာဖွေ ဖော်ထုတ်ပြီးသော ကျောက်လိုဏ်ဂူ များအနက် အရေအတွက် အနည်းငယ် ကိုသာလျှင် အများပြည်သူ လေ့လာကြည့်ရှု နိုင်ရန် စီစဉ်ဖွင့်လှစ် ပေးထားလျက် ရှိသည်။

ကျောက်လိုဏ်ဂူ တစ်လုံးကို အများပြည်သူတို့ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ရန် စီစဉ်ရာ၌ ဘက်စုံ ထောင့်စုံမှ စနစ်တကျ ပြင်ဆင်ကြ ရသည်။ အများပြည်သူတို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝင်ရောက် လေ့လာ ကြည့်ရှုနိုင်ရေး အတွက် စူးစမ်းလေ့လာ မှုများကို ဦးစွာပြုလုပ်ကြ ရသည်။ လိုဏ်ဂူ အတွင်းရှိ နက်သော လျှိုများ၊ အကွေ့အကောက် များလွန်းပြီး ကျဉ်းမြောင်းသော နေရာများ စသည်တို့၌ လူအများ အသက်ရှူနိုင်ရန် လုံလောက်သော အောက်ဆီဂျင် ဓာတ်ငွေ့ပမာဏ ရှိ၊ မရှိကို တိုင်းတာ စစ်ဆေးကြရ သကဲ့သို့ ဂူအတွင်းရှိ နက်မှောင် အေးစိမ့်လွန်းသော နေရာအချို့ကို လူအများအား ဝင်ရောက်ခွင့် ပြုရန် သင့်၊ မသင့်ကိုလည်း လေးလေးနက်နက် စဉ်းစား ဆုံးဖြတ်ကြ ရသည်။

ထို့ပြင် အချွန်အတက် ဖြစ်နေသော ကျောက်ပန်းဆွဲများ၊ ကျောက်စက် မိုးမျှော်များ၏ တည်ရှိနေပုံ များအရ အချို့သော နေရာများတွင် အများပြည်သူတို့ နီးနီးကပ်ကပ် လေ့လာ ကြည့်ရှုရန် သင့်၊ မသင့်ကိုလည်း ဘေးအန္တရာယ် ကင်းရှင်းရေး ရှုထောင့်မှနေ၍ စဉ်းစားသုံးသပ် ကြရသည်။ လိုဏ်ဂူ အမိုးပေါ်မှ တွဲလောင်းခိုကျ ဆင်းနေသော ကျောက်ပန်းဆွဲများ အနက် အချို့မှာ လိုဏ်ဂူကြမ်းခင်း နှင့် လူတစ်ရပ် လွတ်ရုံမျှသာ ရှိပြီး လွန်စွာနီးကပ် နေတတ် သကဲ့သို့ လိုဏ်ဂူကြမ်းပြင်မှ အပေါ်သို့ ထိုးထိုး ထောင်ထောင် ထွက်ပေါ်နေသော ကျောက်စက် မိုးမျှော်များ အနက် အချို့မှာ လှံသွားတမျှ ချွန်ထက် နေတတ်သည်။ ထိုကဲ့သို့သော ကျောက်ပန်းဆွဲနှင့် ကျောက်စက် မိုးမျှော်တို့၏ သဘာဝအတိုင်း တည်ရှိနေပုံမှာ လိုဏ်ဂူ အတွင်းသို့ ဝင်ရောက်လေ့လာ ကြည့်ရှုကြမည့် အများပြည်သူ တို့အတွက် ထိခိုက်မှု အန္တရာယ်မှ အသက် အန္တရာယ်ထိ ဖြစ်ပွားနိုင်သည့် အတွက် လိုဏ်ဂူတစ်ခုကို အများပြည်သူတို့ ကြည့်ရှုရန် ဖွင့်လှစ်ခြင်း မပြုမီ စနစ်တကျ စူးစမ်းလေ့လာမှု များကို ကြိုကြိုတင်တင် စီစဉ်လုပ်ဆောင် ကြရခြင်း ဖြစ်သည်။

ကမ္ဘာအရပ်ရပ်ရှိ ထုံးကျောက် ပေါကြွယ်ဝသော ဒေသများတွင် လိုဏ်ဂူများကို တွေ့ရှိနိုင်သည်။ ထုံးကျောက် တောင်များအတွင်း သဘာဝ အလျောက် ဖြတ်သန်းစီးဆင်း နေသော စမ်းချောင်းများ၏ ရေစီးအလျဉ်နှင့် သဘာဝ ရေတွင် ဖွဲ့စည်းပါဝင် နေသော ဒြပ်စင်များကြောင့် လိုဏ်ဂူများကို ဖြစ်ပေါ်စေခဲ့ပြီး နှစ်ပေါင်းသန်းနှင့် ချီ၍ ကြာမြင့် လာသည့်အခါ လိုဏ်ဂူများ အတွင်း၌ အလွန်လှပပြီး ရင်သပ်ရှုမောအံ့သြမကုန် ဖြစ်ရသည့် ကျောက်ပန်းဆွဲများ ဖြစ်တည် လာရသည်။ ပန်းချီဆရာနှင့် ပန်းပုပညာရှင် များက မည်သို့ပင် စိတ်ကူးယဉ် မှန်းဆပြီး ရေးဆွဲထုဆစ် စေကာမူ သဘာဝ ကျောက်ပန်းဆွဲ များ၏ ဖြစ်တည် ဖွဲ့စည်းနေပုံကို အန်တု၍ မရနိုင်ပေ။

ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် တည်ရှိရာ နေရာနှင့် နီးကပ်သော ထုံးကျောက်တောင် ကြီးများသည် ကမ္ဘာ့ အံ့ချီးဖွယ်ရာ ကျောက်လိုဏ်ဂူကြီး များကို ဖြစ်ပေါ် လာစေသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုက်များ၌ စုပုံဖွဲ့စည်း နေသော ဟိုက်ဒရို ကာဗွန် ဒြပ်ပေါင်းများသည် ထုံးကျောက်တောင် များအတွင်း ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် ဓာတ်ငွေ့ကို ထွက်ပေါ် လာစေသည်။ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် ဓာတ်ငွေ့များသည် ကျောက်လွှာများ အတွင်း ဖြတ်သန်းစီးဆင်း နေသော မိုးရေတွင် ပါဝင်သည့် အောက်ဆီဂျင်နှင့် ဓာတ်ပြုကာ ဆာလ်ဖျူရစ် အက်စစ်များကို ထုတ်လုပ်ပေးသည်။ ဆာလ်ဖျူရစ် အက်စစ်များ ဖြတ်သန်း စီးဆင်းရာ လမ်းကြောင်း တစ်လျှောက်ရှိ ထုံးကျောက် များသည် ဖျော်ချဖျက်ဆီးခြင်း ခံကြရကာ လိုဏ်ဂူများကို ဖြစ်ပေါ် လာစေသည်။ ရေနှင့် ဆာဖျူရစ် အက်စစ်များသည် လိုဏ်ဂူနံရံ ကျောက်သားများ အတွင်း၌ ကျန်ရစ်ခဲ့ကြ ပြီး ထိုသို့သော သဘာဝဖြစ်စဉ် များက သည်ပင်လျှင် လိုဏ်ဂူများ အတွင်း၌ အလွန်သန့်ရှင်း စင်ကြယ်သော ရေချိုရေသန့်များ ဖြတ်သန်း စီးဆင်းမှုကို ဖြစ်ပေါ်လာ စေသည်။

ရေတွင် ပါဝင်သော သတ္တုဓာတ် ပစ္စည်းများသည် အနည်ထိုင် ကျန်ရစ်ခဲ့ကြပြီး ပုံစံမျိုးစုံရှိသော လိုဏ်ဂူ မျက်နှာကြက်များ၊ နံရံများနှင့် ကြမ်းပြင်များကို ဖြစ် တည်လာ စေတော့သည်။ ရင်သပ် ရှုမောဖွယ်ရာ ဖြစ်သော အလွန်လှပသည့် ကျောက်ပန်းဆွဲများ၊ ကျောက်စက် မိုးမျှော်များ နှင့်အတူ လိုဏ်ဂူအတွင်း ဝေ့ကာ ဝိုက်ကာဖြင့် ဖြတ်သန်းစီးဆင်း နေသော စမ်းချောင်းငယ် လေးများကိုလည်း ဖွဲ့စည်း ဖြစ်ပေါ်လာ စေသည်။

ကျောက်လိုဏ်ဂူများ အတွင်းရှိ သန့်ရှင်း စင်ကြယ်သော ရေချိုရေသန့် များသည် လိုဏ်ဂူအမိုး မျက်နှာကြက် များမှ တွဲလောင်းခိုကျ ဆင်းနေကြသော ကျောက်ပန်းဆွဲ များမှတစ်ဆင့် ယိုစိမ့်စီးဆင်းလျက် ရှိနေကြသည်။ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်လေ့လာ ကြည့်ရှုကြသူများက အဆိုပါ ကျောက်စက်ရေကို အမြတ်တနိုး တန်ဖိုးထားကာ သောက်သုံးလေ့ ရှိကြသည်။ အချို့ကမူ ရေဘူးများဖြင့်ပင် ထည့်သွင်း ယူဆောင်သွားတတ် ကြသည်။

ထုံးကျောက်တောင် များအတွင်း သဘာဝ အလျောက် ဓာတ်ပြုရာမှ ထွက်ပေါ်လာသော ရေချိုများသည် သန့်ရှင်း စင်ကြယ်သည့် အပြင် ကျောက်လိုဏ်ဂူ နံရံများကို ဖြတ်သန်း စီးဆင်း လာကြရသည့် အတွက် အလွန်ပင် အေးမြလှသည်။ ထိုအေးမြလှသော ကျောက်စက်ရေ များကို သောက်သုံးခြင်း သည် ကျန်းမာရေးအရ သင့်လျော်ရုံမျှ မက ၄င်းကျောက်စက်ရေ များဖြင့် မျက်လုံးအိမ် အတွင်းကို ဆေးကြော သန့်စင်ခြင်း၊ မျက်နှာသစ်ခြင်း တို့သည်လည်း အန္တရာယ် ကင်းသော အမြင် ကြည်လင်မှုကို ရရှိစေနိုင်သည်။

ကျောက်လိုဏ်ဂူ များ၏ သဘာဝသည် နက်မှောင်ပြီး အေးမြလွန်း လှသည့် အားလျော်စွာ အများသူငါ ကြည့်ရှုနိုင်ရန် အတွက် သီးသန့်စီစဉ် ပေးထားခြင်း မရှိသေးသော လိုဏ်ဂူများ အတွင်းသို့ ဝင်ရောက် လေ့လာကြည့်ရှု လိုသူများသည် အနွေးထည်၊ လက်နှိပ်ဓာတ်မီး၊ မီးခြစ်၊ ဖယောင်းတိုင် စသည် တို့ကို အသင့်ယူဆောင် သွားကြရမည် ဖြစ်သည်။ အနိမ့်ဆုံး အပူချိန် ၁၂ ဒီဂရီ ဆဲလ်စီးယပ် ခန့်ထိရှိနိုင်သော ကျောက်လိုဏ်ဂူ များအတွင်း၌ အနွေးထည်သည် အအေးဒဏ်မှ ကာကွယ်ရန် ဖြစ်ပြီး လက်နှိပ် ဓာတ်မီးသည် မှောင်မိုက်သော နေရာများ၌ အသုံးပြုရန်ဖြစ်သည်။ အတွင်းပိုင်းရှိ နက်သော လျှိုများအတွင်းသို့ မဝင်ရောက်မီ ဖယောင်းတိုင်မီးကို ထွန်းညှိခြင်းဖြင့် အောက်ဆီဂျင် လုံလောက်စွာ ရှိ၊ မရှိကို စူးစမ်း သိရှိနိုင်ကာ အသက် အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်သည်။ ကျောက်လိုဏ်ဂူ အတွင်းရှိ ရင်သပ်ရှုမော ဖွယ်ကျောက် ပန်းဆွဲများကို တွေ့ရစဉ်။ ကျရောက်ခဲ့လျှင် အသက် အန္တရာယ်ထိ ဖြစ်နိုင်သော ကြောင့်ပင် ဖြစ်သည်။

အများသူငါတို့ ကြည့်ရှုနိုင်ရန် စနစ်တကျ စီစဉ်၍ ဖွင့်လှစ်ပေးထားသော ကျောက်လိုဏ်ဂူကြီး များ၌မူ လျှပ်စစ်မီး အလင်းရောင်ကို လုံလောက်စွာ ထွန်းညှိ ပေးထားခြင်း၊ လူသွားလမ်းလေး များကို အတတ်နိုင်ဆုံး ပြေပြစ်အောင် စီစဉ်ပြုလုပ် ပေးထားခြင်း၊ အောက်ဆီဂျင် ဓာတ်ငွေ့နည်းပါးသော လျှိုနံရံများ ကြားသို့ ဝင်ရောက်ခွင့် တားမြစ်ထားခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်သည့် အစီအမံများ ပြုလုပ်ပေးထားခြင်း တို့ကို တွေ့ရှိနိုင်သည်။

ကမ္ဘာအရပ်ရပ်ရှိ ကျောက်လိုဏ်ဂူ ကြီးများကို စွန့်ဦးရှာဖွေသူ များက တွေ့ရှိနိုင်ရန် လင်းနို့ငှက်များ က လမ်းပြခဲ့ကြခြင်း ဖြစ်သည်။ လင်းနို့များသည် သားပေါက်ရာသီ ရောက်ရှိလာသည့် အခါ အဝင်၊ အထွက် တစ်ပေါက်တည်းသာ ရှိသည့် ကျောက်လိုဏ်ဂူများ အတွင်းသို့ အုပ်စုလိုက် ပြောင်းရွှေ့ ရောက်ရှိ လာကြသည်။ နေ့ဘက်တွင် လိုဏ်ဂူအတွင်း၌ အိပ်စက် အနားယူကြပြီး အလင်းရောင် ကင်းမဲ့သည့် ညအချိန်သို့ ရောက်သောအခါ လိုဏ်ဂူအပြင် ဘက်သို့ အုပ်စုလိုက် အစာရှာ ထွက်ကြသည်။ လင်းနို့ငှက်များ အုပ်စုလိုက် ဝင်၊ ထွက် ပြုလုပ်နေသည် ကို သတိပြုမိသော စွန့်ဦးရှာဖွေရေး သမားတို့က ရင်သပ်ရှုမောအံ့သြ မကုန်အောင် လှပ ဆန်းကြယ်သော ကျောက်လိုဏ်ဂူ များကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။

ကမ္ဘာ့အံ့ဖွယ် ကျောက်လိုဏ်ဂူ များထဲတွင် တစ်ခု အပါအဝင် ဖြစ်သော အမေရိကန် ပြည်ထောင်စု၊ နယူးမက္ကဆီကို ပြည်နယ် ကားစ်ဘက်မြို့ အနီးရှိ ကားစ်ဘက် လိုဏ်ဂူကြီးကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ် ထုတ်ပြန်ခဲ့သည်။

သဲကန္တာရ မျက်နှာပြင်၏ အောက်ဘက်၌ ဂူငယ်ပေါင်း တစ်ရာကျော်ဖြင့် ဖွဲ့စည်းတည်ရှိ နေသည့် အဆိုပါ ကျောက်လိုဏ်ဂူကြီး ၏နေရာ အနည်းစုကိုသာ အများပြည်သူအား ကြည့်ရှုခွင့် ပေးထားပြီး နေရာအများစု ကိုမူ သုတေသန လုပ်ငန်းများ အတွက် သီးသန့်ခွင့်ပြု ပေးထားလျက် ရှိသည်။

ကမ္ဘာ အရပ်ရပ်တွင် ကျောက်လိုဏ်ဂူများ အများအပြား ရှိကြသည့်အနက် အများပြည်သူ မရောက်ဘူး သေးသော ကျောက်လိုဏ်ဂူ အချို့ကို စူးစမ်းလေ့လာရေး အဖွဲ့များအတွက် သီးသန့်ခွင့်ပြု ပေးထား သကဲ့သို့ အချို့သော လိုဏ်ဂူများ အတွင်း၌ ကင်ဆာရောဂါ ကို ကုသနိုင်မည့် အဏုဇီဝ ပိုးမွှားများကို ရှာဖွေ သုတေသန ပြုနိုင်ရန်အတွက် ဆေးသိပ္ပံ ပညာရှင်များကို အထူး ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ပေး ထားလျက် ရှိသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ပြင်ဦးလွင်ဒေသ ရှိ ပိတ်ချင်းမြောင် လိုဏ်ဂူနှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဒေသရှိ ထန်စန်းလိုဏ်ဂူ တို့သည်လည်း ကျောက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်၊ စမ်းချောင်းငယ် များဖြင့် သဘာဝအလျောက် ဖြစ်တည် လာခဲ့သည့် လိုဏ်ဂူများ ဖြစ်ကြပြီး အများပြည်သူတို့ ကြည့်ရှုလေ့လာ အပန်းဖြေ နိုင်စေရန် ဖွင့်လှစ်ပေးထား လျက်ရှိသည်။

နတ်များ ထွင်းထုထားသည့် လက်ရာအလား ရင်သပ်ရှုမော အံ့သြမကုန် နိုင်အောင် ထူးခြားဆန်းကြယ် လှပလွန်းသည့် ကျောက်ပန်းဆွဲများ၊ ကျောက်စက် မိုးမျှော်များ၊ စမ်းချောင်းငယ် များဖြင့် ဖွဲ့စည်း ဖြစ်တည် နေကြသော ကမ္ဘာ့ဒေသ အသီးသီးရှိ ကျောက်လိုဏ်ဂူကြီး များသည် နှစ်ကာလ သန်းနှင့်ချီ၍ ကြာမြင့်ပြီးမှ ဖြစ်တည် လာခဲ့ကြသည့် တန်ဖိုး မဖြတ်နိုင်သော ကမ္ဘာ့အမွေအနှစ် နေရာများ ဖြစ်သည့် အတွက် ကျောက်လိုဏ်ဂူကြီး များကို ဖျက်ဆီးခြင်း၊ သဘာဝ အနေအထားများကို ပျက်ယွင်းစေခြင်း၊ ဖြတ်တောက် ဖယ်ရှားခြင်း၊ လူလုပ်ရုပ်ဝတ္ထု ပစ္စည်းများဖြင့် အစားထိုးခြင်းနှင့် တွဲစပ် တည်ဆောက်ခြင်း စသည်ုတိ့ကို မပြုလုပ်ကြပဲ သဘာဝအတိုင်း သာလျှင် အစဉ်သဖြင့် ထိန်းသိမ်း စောင့်ရှောက် သွားကြရမည် ဖြစ်ပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger