www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 21, 2016

ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည့် မလေးရှားနိုင်ငံ


ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည့် မလေးရှားနိုင်ငံ

( ရှိန်းထက် )

လေးရှားနိုင်ငံ၌ ပြည်သူများ စိတ်ဝင်စားခဲ့သည့် ဘဏ္ဍာရေး အရှုပ်တော်ပုံသည် ယခုတစ်ကြိမ် တွင်လည်း ဆန္ဒပြမှုများဖြင့် ပြန်လည်စတင် လာခဲ့ပြန်ပြီ ဖြစ်သည်။ ပထမအကြိမ်က လူပေါင်း နှစ်သိန်းခန့် ဆန္ဒပြခဲ့ကြ သော်လည်း မလေးရှား ဝန်ကြီးချုပ် ကို ဖြုတ်ချနိုင် လောက်သည် အထိတော့ မအောင်မြင် ခဲ့ပေ။

ယခုတစ်ကြိမ် ၌မူ သုံးရက်အတွင်း ဆန္ဒပြသည့် လူဦးရေပေါင်း ၂ဝဝဝဝ ကျော်အထိ ရှိလာပြီး ဝန်ကြီးချုပ် နာဂျစ်ရာဇက် အတွက် ၁၅ လအတွင်း ဒုတိယအကြိမ် ဆန္ဒပြခံရမှု ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်က ဝန်ကြီးချုပ် နာဂျစ် ဖွဲ့စည်းခဲ့သော 1MDB ရန်ပုံငွေတွင် အမေရိကန်ဒေါ်လာ ဘီလီယံနှင့် ချီရှိသည်။ ထိုအထဲမှ ဝန်ကြီးချုပ် နာဂျစ် က သူ့ကိုယ်ပိုင် ဘဏ်စာရင်းထဲသို့ အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ထည့်ခဲ့သည် ဟူသော သတင်းက ဆန္ဒပြသူများကို ပိုမိုဒေါသထွက် စေခဲ့သည်။

ထို့ကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် ပေးရေးကို အပြင်းအထန် ဆန္ဒပြ နေကြခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် ဆန္ဒပြသည့် အထဲတွင် နိုင်ငံရေးနယ်ပယ်မှဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် နှင့် အဖြုတ်ချခံခဲ့ရ သည့် ဒုတိယ ဝန်ကြီးချုပ် တို့ပင် ပါဝင်ပတ်သက် လာသည်။ ထို့ကြောင့် ဆန္ဒပြပွဲသည် ပိုမိုအားကောင်း လာခဲ့သည်။ ထိုကြားထဲ ဝန်ကြီးချုပ် နာဂျစ် က ဆန္ဒပြခေါင်းဆောင် များကို ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်နေ သောကြောင့် ဒီမိုကရေစီ မဆန်သည့် လုပ်ရပ်များကို ပြည်သူများက ပိုမိုဒေါသထွက် နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဝန်ကြီးချုပ် နာဂျစ် ပြုတ်ကျရေးနှင့် ဆန္ဒပြ ခေါင်းဆောင်များ ပြန်လည် လွတ်မြောက်ရေး သည် နောက်ထပ် အကြောင်းအရာ တစ်ခုအဖြစ် ပါဝင်လာရ တော့သည်။ ဝန်ကြီးချုပ် နာဂျစ် က ဆန္ဒပြသူတို့ ပြောသည့် အတိုင်း၊ ထွက်သွား  စေချင်တိုင်း ရာထူးက နုတ်ထွက်မပေးနိုင် ဟု ပွင့်ပွင့်လင်းလင်း ပင် ပြောကြားခဲ့သည်။ ထို့ပြင် ဆန္ဒပြပြည်သူများ အနီးတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၇ဝဝဝ ခန့်ကို ချထားခဲ့ပြီး အနီးကပ် စောင့်ကြည့်လျက် ရှိသည်။

ဝန်ကြီးချုပ် နာဂျစ် က လိုအပ်လာပါက မျက်ရည်ယိုဗုံး များနှင့် ရေပိုက်များ အသုံးပြု၍ လူစုခွဲရန် အထိပင် အစီအစဉ် ရှိနေသည်။ ထို့ကြောင့် ဆန္ဒပြပွဲသည် ဝန်ကြီးချုပ် နာဂျစ် နှင့် ထိပ်တိုက်တွေ့ရန် လမ်းစများက ပိုမိုပီပြင် လာတော့သည်။ ဝန်ကြီးချုပ် နာဂျစ် က ဆန္ဒပြသူများ ပြုလုပ်နေသည့် အရာများသည် မှားယွင်းနေကြောင်း၊ သူ့အပေါ်တွင် အထင်လွဲ နေကြောင်း၊ ရန်ပုံငွေ ထဲက တစ်ပြားတစ်ချပ် မျှ သူ့ဘဏ်စာရင်း ထဲကို ထည့်သွင်းထားခြင်း မရှိကြောင်း စသည်ဖြင့် တစိုက်မတ်မတ် ငြင်းဆန်ခဲ့သည်။

သူမည်သို့ပင် ငြင်းဆန်ပြောဆို သော်လည်း ဆန္ဒပြသူများ ကိုတော့ ယုံကြည်အောင် ပြောဆို၍မရပေ။ သူ့ရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ သူ့ဘဏ်စာရင်းထဲ ထည့်ထားသည့် ကိစ္စကို Wall Street ဂျာနယ်က အတိအလင်း ဖော်ပြထား သောကြောင့် ပြည်သူများက တရားရုံး၏ အစစ်အဆေးကို ခံယူပြီး ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်စေလိုခြင်း ဖြစ်သည်။

သို့သော်လည်း ဝန်ကြီးချုပ်နာဂျစ် က ပြည်သူများ မည်မျှပင် ဆန္ဒပြစေကာမူ ရာထူးမှ  နုတ်ထွက်မပေး နိုင်ဟု ပြတ်သားစွာ ဆိုထားသည်။ ထို့ကြောင့် ဆန္ဒပြမှုများသည် မကျေလည်မှု ရှိနေသမျှ ကာလပတ်လုံး ဝန်ကြီးချုပ်နာဂျစ်နှင့် သဘောထား မတိုက်ဆိုင်သည့် ပြည်သူများကြားတွင် ဆက်လက်ဖြစ်ပေါ် နေဦးမည် ဖြစ်သည်။ ယခုပင် အခြေအနေက တစ်နေ့တခြား ပိုမိုဆိုးလာနေပြီး ဆန္ဒပြသူ အင်အား ထပ်တိုးလာကာ ဖမ်းဆီးခံ ရသည့် ဆန္ဒပြသူများလည်း ထပ်တိုးလာလျက် ရှိသည်။

ဝန်ကြီးချုပ် နာဂျစ် က အခြေအနေများကို ထိန်းမရလျှင် မျက်ရည်ယိုဗုံး များနှင့် ရေပိုက်များဖြင့် ဖြိုခွဲရန်အသင့် ဖြစ်နေသည်။ နာဂျစ် ဝန်ကြီးချုပ် လုပ်ခဲ့သည့် သက်တမ်းတွင် သူ့အားဝေဖန် ဆန္ဒပြသူများကို ဖမ်းသည်။ သူ့အား ဝေဖန်သည့် ရုပ်သံလိုင်း များကို ပိတ်ပစ်သည်။ သူနှင့် အဆင်မပြေသည့် အစိုးရထိပ်ပိုင်းမှ အကြီးတန်း အရာရှိများကို ဖြုတ်သည်၊ ထုတ်သည်၊ နေရာများ လဲသည် စသည်ဖြင့် အာဏာရှင် ဆန်သည့် လုပ်ရပ်များကို လုပ်ခဲ့သည်။

ထို့ပြင် သူ့အာဏာ တည်မြဲရေးအတွက် ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်ကို ပိုမို ရရှိလာစေရန် နာဂျစ် က ကြိုးစားခဲ့သည်။ ဥပမာ- ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ က ပါလီမန်ကို အပြင်းအထန် တိုက်တွန်းပြီး ၂ဝ၁၆ ခုနှစ်တွင် အကောင်အထည် ဖော်ခဲ့သည့် လုံခြုံ ရေး ဥပဒေကဲ့သို့ ပင်ဖြစ်သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ၏ လုပ်ပိုင်ခွင့်ကို အမြင့်ဆုံး အခြေအနေ အထိ တိုးမြှင့်လိုက်သည့် ဥပဒေတစ်ခု အဖြစ်လည်း ဝေဖန်ခံနေရပြီး နိုင်ငံအတွင်းရှိ မည် သည့်နေရာ ကိုမဆို အရေးပေါ် အခြေအနေ မာရှယ်လော ချက်ချင်း ထုတ်နိုင်သည် အထိ ထိုဥပဒေသည် အာဏာ သက်ရောက်လှသည်။

ထို့ကြောင့် ဝန်ကြီးချုပ်နာဂျစ် ၏ တိုက်ရိုက်အမိန့်ဖြင့် မလေးရှား ရဲများ မည်သည့်ဝရမ်းမှ မပါဘဲ ကား၊ ရထား၊ အိမ်နှင့် နိုင်ငံတွင်း ရှိနေသည့် မည်သည့်နေရာ၊ မည်သူ့ကိုမဆို စစ်ဆေးခွင့် ရှိသည်။ အကြမ်းဖက် တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် ပေါ်လာသည့် ယင်းဥပဒေသည် ဝန်ကြီးချုပ် နာဂျစ် အတွက် အလွန် အဆင်ပြေ လွန်းလှသည်။ ခေါင်းဆောင် ကိုလည်းကောင်း၊ အတိုက်အခံ များကို လည်းကောင်း ထိုဥပဒေ အသုံးချကာ တစ်ခါတည်း ဖိနှိပ်ပြီးသား ဖြစ်၍ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ဖြစ်သည်ဟု အများစုက ပြောဆိုကြသည်။

ဝန်ကြီးချုပ် နာဂျစ် သည် အမေရိကန် ဒေါ်လာ သန်းရာချီ လာဘ်စားမှုဖြင့် ၂ဝ၁၅ ခုနှစ် ကတည်းက နာမည်ကြီးနေခဲ့သူ ဖြစ်ပြီး အတိုက်အခံ များကြောင့် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရန်အထိ ဖိအားပေး ခံခဲ့ရသူလည်း ဖြစ်သည်။ ထို့ကြောင့် သူ၏ အခွင့်ထူးခံ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေကို အသုံးချပြီး အတိုက်အခံ များအား တစ်ဖန် ပြန်လည် နှိပ်ကွပ်မည်ကို စိုးရိမ် နေရပြန်သည်။

ကုလသမဂ္ဂ၏ အရှေ့တောင်အာရှ လူ့အခွင့်အရေး အကြီးအကဲ လောရန့်မီလန်  က ယင်းဥပဒေသစ် သည် တည်ငြိမ်နေသော လူ့အဖွဲ့အစည်းကို ပျက်ပြားစေနိုင် သည့် ဥပဒေတစ်ခု အဖြစ် မြင်သည်ဟု ထုတ်ဖော်ပြောကြား ထားပြီး လူ့အခွင့်အရေး အတွက် အကြမ်းဆုံး ဥပဒေတစ်ခုပင် ဖြစ်သည်ဟု ဆိုသည်။ ဝန်ကြီးချုပ် နာဂျစ် ကမူ မလေးရှား ပြည်သူများ၏ လုံခြုံရေးကို ထိပါးလာသည့် အရာမှန်သမျှကို တာဝန်ယူ ရမည့် သူသည် မိမိပင်ဖြစ်သည်၊ မိမိသည် တာဝန်အရှိဆုံး ဖြစ်သည် စသည်ဖြင့် ခေါင်းစဉ်ကောင်း ယူထားသော်လည်း ပြည်သူများ၏ အမြင်တွင် ဝန်ကြီးချုပ် နာဂျစ် သည် ဒီမိုကရေစီ ခေါင်းဆောင်း ထားသည့် စစ်အာဏာရှင် တစ်ဦးပုံစံ ဖြစ်နေသည်။

ထို့ပြင် နာဂျစ်က ဆန္ဒပြမှုများသည် အတိုက်အခံ များ၏ လက်ကိုင်တုတ်များ ဖြစ်သည်၊ အသုံးတော်ခံများ ဖြစ်နေသည်၊ အတိုက်အခံ များက ဆန္ဒပြသမား များကို အသုံးချပြီး သူနှင့် ပြည်သူများကြား ရန်တိုက်ပေး နေသည် စသည်ဖြင့် ဝေဖန်ထားပြီး ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ် နှစ်နှစ် စလုံးသည် ဝန်ကြီးချုပ် နာဂျစ် အဖို့ ဆန္ဒပြခံရသော နေ့ရက်များကို ကျော်ဖြတ်ရလျက် ရှိသည်။

ဆန္ဒပြမှုများနှင့် ဝန်ကြီးချုပ်အပေါ် သံသယ ဖြစ်မှုများသည် ဝန်ကြီးချုပ် နာဂျစ် ရာထူးမှ နုတ်ထွက်မပေးသေး သရွေ့ ပြီးဆုံးသွားမည့် အခြေအနေ မဟုတ်ပေ။ ယခုတော့ ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး လှုပ်ရှားသော ရှပ်ဝါများနှင့် ဝန်ကြီးချုပ်ကို ထောက်ခံသည့် ရှပ်နီများကြား အပြိုင်ဆန္ဒပြမှု များက ပိုမိုပြင်းထန် လာခဲ့သည်။ ထိုနှစ်ဖွဲ့ထိပ်တိုက်မတွေ့ ရေးကို ဝန်ကြီးချုပ် နာဂျစ် အနေဖြင့် အဓိကကိုင်တွယ် ရမည့်ပုံစံကို တဖြည်းဖြည်းဖြင့် ပြောင်းလဲလာနိုင် သည်။ ထိပ်တိုက်တွေ့လျှင် နှစ်ဖွဲ့ကြား ထဲတွင် အကြမ်းဖက် ပဋိပက္ခများ ပေါ်လာနိုင်သည်။ ထိုအချိန် ဝန်ကြီးချုပ်ကလည်း ရာထူးမှ နုတ်ထွက်မပေးနိုင် ဟု ဆိုထားသောကြောင့် ဆန္ဒပြ ပြည်သူများနှင့် ဝန်ကြီးချုပ် နာဂျစ် ကြား ပြဿနာများသည် ပိုမိုဆိုးရွား လာနိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တ၊ီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger