www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

ဝေဟင်မှကျလာသည့် ဒုံး (သို့) ဂြိုဟ်တုအစိတ်အပိုင်း ဟုယူဆရသော ကြီးမားသည့် သတ္တုထည်ကြီးကို မူလနေရာမှ စတင်ပြောင်းရွှေ့ သယ်ယူ


ဝေဟင်မှကျလာသည့် သတ္တုထည်ကြီးအား မူလကျနေသည့်နေရာမှ ပြောင်းရွှေ့သယ်ယူစဉ်

ဖားကန့် ၊ ၁၆-၁၁-၂၀၁၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်း ဝေဟင်မှ ကျလာသည့် ဒုံး (သို့မဟုတ်) ဂြိုဟ်တု အစိတ်အပိုင်း တစ်ခုဟု ယူဆရသော ကြီးမားသော သတ္တုထည် အပိုင်းအစကြီးကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မူလပြုတ်ကျသည့် နေရာမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စတင်ပြောင်းရွှေ့ သယ်ယူခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

''ဒီသတ္တုထည်ကြီးကို မူလကျလာခဲ့တဲ့ နေရာကနေ ဒီနေ့မှာစတင် ပြောင်းရွှေ့ပါတယ်။ အဲ့ဒီ မူလပြုတ်ကျတဲ့ နေရာကနေ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သယ်ဆောင်မှာ ဖြစ်ပါတယ်'' ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောသည်။

အဆိုပါ သတ္တုထည် ပစ္စည်းကြီးသည် အလေးချိန် ငါးတန်ခန့် ရှိသည့်အတွက် မူလပြုတ်ကျသည့် နေရာမှနေ၍ လူအင်အား၊ စက်ယန္တရား များဖြင့် ဝိုင်းဝန်း လုပ်ဆောင်ပြီး ၁ဝ ဘီးယာဉ်ပေါ်သို့ ခက်ခဲစွာ တင်ဆောင်ခဲ့ ရကြောင်း သိရသည်။

''ဒီသတ္တုထည် ပစ္စည်းကြီးက ငါးတန်လောက် ရှိတဲ့အတွက် ကားပေါ်ကို နံနက် ၁ဝ နာရီခွဲ လောက်မှာ တော်တော်လေး ခက်ခက်ခဲခဲနဲ့ တင်ခဲ့တယ်။ ကျွန်တော်တို့ ကျောက်စိမ်းတောင် ကုမ္ပဏီကနေပြီး နယ်မြေခံတပ်ရဲ့ လုံခြုံရေး အကူအညီ ယူပြီး နယ်မြေခံ တပ်စခန်းကို သယ်ဆောင်ဖို့ လူအင်အား၊ စက်ယန္တရား အင်အားနဲ့ အသုံးပြုပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့တယ်။ မြစ်ကြီးနားကို သယ်မယ်လို့ သိရတယ်''ဟု ယင်းသတ္တုထည်ပ စ္စည်းကြီး သယ်ယူ ပို့ဆောင်ရာတွင် ကိုယ်တိုင်  လိုက်ပါ တာဝန်ယူ ခဲ့သူတစ်ဦး ဖြစ်သည့် ကိုမိုးမင်းစံက ပြောသည်။

ဒုံး (သို့) ဂြိုဟ်တု အစိတ်အပိုင်း တစ်ခုဟု ယူဆရသည့် အဆိုပါ သတ္တုထည် ပစ္စည်းကြီးသည် နိုဝင်ဘာ ၁ဝ ရက် နံနက် ၆ နာရီခွဲခန့် က ကျလုံးခင်း ကျေးရွာအုပ်စု သာယာကုန်း ကျေးရွာအနီး အမျိုးသား အကျိုးစီးပွား တိုးတက်ရေး ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် အနီးသို့ ကျယ်လောင်သော အသံကြီးနှင့် ကောင်းကင်မှ ကျလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သတ္တုအပိုင်းအစ ကြီးသည် အလျား ၁၅ ပေ၊ အချင်း ၅ ပေ ၂ လက်မ၊ လုံးပတ် ပေ ၃ဝ ခန့်၊ ခန့်မှန်း အလေးချိန် ငါးတန်ခန့်ရှိပြီး တစ်ဖက်ပိတ်၊ တစ်ဖက်ပွင့် အနေအထား ဖြစ်ကြောင်း သိရသည်။

တင်မောင်လွင်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger