www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 17, 2016

ပူးပေါင်းပါဝင်မှု လိုအပ်သော အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်


ပူးပေါင်းပါဝင်မှု လိုအပ်သော အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်

မောင်သောင်းဝင်း (တမန်ဟောင်း)

၂၁ ရာစုသို့ ချင်းနင်းဝင်ရောက် လာကတည်းက ကမ္ဘာကြီးသည် အေးချမ်းသာယာမှု တဖြည်းဖြည်း ဆိတ်သုဉ်း လာခဲ့သည်။ နည်းပညာ တိုးတက်မှုသည် ကောင်းမွန်သော်လည်း ထိုနည်းပညာကို တလွဲ အသုံးချ နေသူများနှင့် အစွန်းရောက် သူများကြောင့် အပြစ်မဲ့ ပြည်သူများ ရတက်မအေး ဖြစ်နေကြ ရသည်။ အထူးသဖြင့် ဆန်းသစ်သော လက်နက်များ တီထွင်ထုတ်လုပ် ပြီးနောက် စမ်းသပ်ပစ်ခတ် အင်အားပြ နေကြခြင်း သည်လည်း ငြိမ်းချမ်းစွာ နေထိုင်လိုသော နိုင်ငံများနှင့် ပြည်သူများကို ခြိမ်းခြောက်မှု တစ်ရပ်လို ဖြစ်လာသည်။

အစွန်းရောက် အကြမ်းဖက်သမားများ လက်ဝယ်သို့ ဖျက်စွမ်းအား ကြီးမားသော ဓာတုဇီဝ လက်နက်များ ရောက်ရှိသွားမည် ဆိုလျှင် ကမ္ဘာပေါ်ရှိ အပြစ်မဲ့ပြည်သူ များသည် နေ့စဉ်ဘဝကို သည်းထိတ်ရင်ဖို ဖြတ်သန်းရှင်သန် နေကြရမည် ဖြစ်သည်။ တချို့သော အင်အားကြီးနိုင်ငံ များ၏ လက်နက် အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချ နေမှုများ သည်လည်း ကမ္ဘာကြီး မအေးချမ်း ရခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်နေပါသည်။

၂ဝဝ၁ ခုနှစ် စက်တင်ဘာလ တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန မျှော်စင် ညီနောင်အား အကြမ်းဖက် သမားများ၏ အသေခံ တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ကတည်းက ကမ္ဘာကြီးသည် လုံခြုံမှု မရှိတော့ကြောင်း စတင်သိရှိ လာကြသည်။ ထိုစဉ်က အမေရိကန်နိုင်ငံ သည် အိုစမာဘင်လာဒင် ဦးဆောင်သော တာလီဘန်များကို ဒေါသတကြီးဖြင့် တုံ့ပြန်ခဲ့သည်။

အမေရိကန် NAVY SEALs အဖွဲ့သည် ပါကစ္စတန် နိုင်ငံအတွင်း ခိုအောင်းနေသော အိုစမာဘင်လာဒင် ကို သုတ်သင်နိုင်ခဲ့ သော်လည်း တာလီဘန် အဖွဲ့ကိုမူ ယနေ့ အချိန်အထိ အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိသေးသော ကြောင့် အာဖဂန်နစ္စတန် နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းရေး ကိစ္စသည် သောင်မတင် ရေမကျ ဖြစ်နေသည်။

ထို့ပြင် အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့ရှိ အစ္စလာမ်မစ် ISIS အဖွဲ့၏ ခြိမ်းခြောက်မှုများ သည်လည်း ''ဘူးလေးရာဖရုံဆင့်'' ဆိုသလို တည်ငြိမ်မှု မရှိသော အရှေ့အလယ်ပိုင်း ဒေသတွင် ဆူပူမှုများ ထပ်မံပေါ်ထွက် လာခဲ့သည်။ ထိုဘာသာရေး အစွန်းရောက် စစ်သွေးကြွ များက စတင်ခဲ့သည့် မီးတောက်မီးလျှံ များသည် အရှေ့ အလယ်ပိုင်းတွင် သာမက ကမ္ဘာပေါ်ရှိ တခြားနိုင်ငံများ ကိုပါ ကူးစက်လောင်ကျွမ်း လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများသည် မလုံမခြုံ ဖြစ်လာကြသည်။ 

ISIS အဖွဲ့သည် စစ်ဘက်၊ ရဲဘက် ပစ်မှတ်များထက် အရပ်သားများ အများဆုံး သွားလာလှုပ်ရှား သည့်နေရာ များကိုသာ ရွေးချယ်တိုက်ခိုက် လျက်ရှိသည်ကို အကြမ်းဖက် လုပ်ရပ်များက သာဓကပြလျက် ရှိသည်။ ထိုအဖွဲ့သည် လုယက် တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ တရားမဝင် မှောင်ခို လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဆက်ကြေး အခွန် ကောက်ခံခြင်း စသည့် နည်းလမ်းပေါင်းစုံ တို့ဖြင့် တရားမဝင် ဝင်ငွေရှာဖွေလျက် ရှိရာ နေ့စဉ်ဒေါ်လာ သန်းနှင့် ချီ၍ ဝင်ငွေရရှိနေ သဖြင့် အချမ်းသာဆုံး အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ရပ်တည်လျက် ရှိပါသည်။

ထို ISIS တို့၏ အကြမ်းဖက် လုပ်ရပ်များသည် အရှေ့ အလယ်ပိုင်း၊ ဥရောပ နှင့် အာဖရိကနိုင်ငံ များသာမက မွတ်စလင်အများစု ရှိရာ အရှေ့တောင် အာရှသို့လည်း ပစ်မှတ်သစ် တစ်ခုအနေဖြင့် မျက်စိကျ လာလျက် ရှိသည်။ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် မွတ်စလင် အများစု နေထိုင်လျက် ရှိသော ကြောင့် ISIS တို့ခြေကုပ်ယူရန် ရည်ရွယ်ထားသည့် အဓိက နိုင်ငံများ ဖြစ်လာကြသည်။

၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက နိုင်ငံတကာ ရုပ်သံမီဒီယာ များတွင် ကြည့်ရှုရသည့် သတင်းများသည် စိတ်မချမ်းမြေ့ ဖွယ်ရာများပင် ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်များနှင့် မတော်တဆ ဖြစ်ရပ်များ၊ အထူးသဖြင့် အစွန်းရောက် အကြမ်းဖက်သမား များ၏ အသေခံဗုံးခွဲ တိုက်ခိုက်မှု သတင်းများအား ခပ်စိပ်စိပ် ဖော်ပြလာ ကြသည်။ အကြမ်းဖက် သမားများ၏ အသေခံဗုံးခွဲ တိုက်ခိုက်မှု များကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာ သေကျေဒဏ်ရာ ရရှိခဲ့ကြသည်။ ထိုအကြမ်းဖက် သမားများသည် တန်ဖိုးရှိသော လူ့အသက် တစ်ချောင်းကို ကြက်ကလေး၊ ငှက်ကလေး တစ်ကောင်လို သဘောထားပြီး သွေးအေးအေးဖြင့် သတ်ဖြတ် လာကြသည်။

အကြမ်းဖက် တိုက်ခိုက်မှုများသည် မကြာခဏ ဖြစ်ပွားလာပြီး သေကျေထိခိုက် ဒဏ်ရာရရှိမှုလည်း မြင့်မားလာသည်။ အစွန်းရောက် အကြမ်းဖက် သမားများသည် လူစည်ကားရာ နေရာများတွင် အဓိကထား တိုက်ခိုက် လာသဖြင့် အပြစ်မဲ့ ပြည်သူများ သေကျေထိခိုက်မှု မြင့်မား လာခြင်းဖြစ်သည်။ ယခင်က အကြမ်းဖက် တိုက်ခိုက်မှု များကို ကာလအတန်ကြာ ခြားပြီးမှသာ တွေ့ရှိရသော်လည်း လက်ရှိအချိန်တွင် ခပ်စိပ်စိပ် ပြုလုပ်လာကြ သဖြင့် လုံခြုံရေးအထူး သတိရှိရန် လိုအပ်နေပြီ ဖြစ်သည်။

သူခိုးတွင် ဦးချိုမပါသလို အစွန်းရောက် အကြမ်းဖက်သမား များတွင်လည်း နဖူး၌ စာကပ်ထားမည် မဟုတ်ချေ။ ထို့ကြောင့် သာမန်ပြည်သူ များသည် နိစ္စဓူဝသွားလာ လှုပ်ရှားလုပ်ကိုင် စားသောက်ရာတွင် လုံခြုံရေးအသိ ဖြင့် ပြုမူ နေထိုင်တတ်ဖို့ လိုအပ်နေပြီ ဖြစ်သည်။ လက်ရှိ အချိန်တွင် တစ်ကမ္ဘာလုံး ဆက်စပ်ပြောင်းလဲ ဖြစ်ပေါ်နေ သဖြင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုလွယ်ကူ လျင်မြန် ချောမွေ့လာပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာ ကူးလူးဆက်ဆံ လာနိုင်ပြီ ဖြစ်သည်။ 

ထိုသို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဝင်ထွက်သွားလာ ရာတွင် သာမန်ပြည်သူ များနှင့်အတူ အစွန်းရောက် အကြမ်းဖက်သမားများ ရောနှောစိမ့်ဝင် လာနိုင်ပေသည်။ ထို့ကြောင့် လေဆိပ်၊ ပင်လယ်ဆိပ်ကမ်း နှင့် နယ်စပ်ဂိတ် များတွင် လုံခြုံရေး တပ်လှန့်တိုးမြှင့် ဆောင်ရွက်သွား သင့်သည်။ သို့မှသာလျှင် မိမိနိုင်ငံ အတွင်းသို့ အစွန်းရောက် အကြမ်းဖက်သမားများ ခိုးဝင်လာမှုကို အချိန်မီ ဟန့်တား နိုင်ပြီး အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်လာ နိုင်မှုကိုလည်း ကာကွယ်တားဆီး နိုင်မည်ဖြစ်သည်။

ထိုသို့ ကာကွယ်တားဆီး နိုင်မည်ဆိုလျှင် ပြည်သူများ၏ လူနေမှုဘဝ ပိုမိုလုံခြုံလာမည် ဖြစ်သည်။ အကြမ်းဖက် သမားများ၏ အန္တရာယ်အား ကြိုတင်တားဆီး ကာကွယ်ရာတွင် အစိုးရနှင့် လုံခြုံရေး အဖွဲ့အစည်းများ သာမက ပြည်သူများ၏ ပူးပေါင်းပါဝင်မှု တို့ များစွာ လိုအပ်ပေသည်။ အထူးသဖြင့် သတင်း အချက်အလက် ရရှိပါက သက်ဆိုင်ရာသို့ အချိန်မီဆက်သွယ် အကြောင်းကြား သွားမည်ဆိုလျှင် ပြည်သူများ ထိခိုက်မှု လျော့နည်းအောင် စီမံလုပ်ကိုင် နိုင်မည်ဖြစ်သည်။

ပြည်သူများ အနေဖြင့်လည်း သွားလာနေထိုင် ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိသင့်ပေသည်။ သာဓက အနေဖြင့် စာရေးသူ ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင် စဉ်က ဗန်ကောက်မြို့၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိုစဉ်က မြို့နေပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြသည်။ အပြင်သို့ ဈေးဝယ်ထွက် ပါက တစ်နေရာတည်း တွင် ကြာကြာ မနေဝံ့ဘဲ မြန်မြန်ဝယ်၊ မြန်မြန်သွား ပြုလုပ် ခဲ့ရသည်။ အကယ်၍ အနီးအနားတွင် ဗုံးပေါက်ကွဲမှု ဖြစ်လျှင် မည်သို့မည်ပုံ ပြုမူအကာအကွယ် ရယူသွားရန် မိသားစုဝင်များကို ကြိုတင်ဇာတ်တိုက် ဆွေးနွေးခဲ့ ရသည်။ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ သည် ပိုသည် ဟူ၍ မရှိချေ။ တတ်နိုင်ပါက လူအများအပြား ဆုံစည်းရာ နေရာများကို ရှောင်ရှားသင့် ပေသည်။ လူအများသွားလာ နေထိုင်လျက် ရှိသည့် ကုန်တိုက်၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ လေဆိပ်၊ ဘူတာ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ အားကစားပွဲ၊ ဘောလုံးကွင်း စသည့် နေရာများတွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသင့် သည်။ ထိုသို့ လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသည့် တိုင်အောင် အကြမ်းဖက် သမားများ၏ အန္တရာယ်မှ အပြည့်အဝ စိတ်မချရနိုင်ပေ။ အကြောင်းမူကား ၄င်းတို့သည် အသေခံဗုံးခွဲ တိုက်ခိုက်လာ ခဲ့လျှင် အားလုံး သေကျေ ထိခိုက်ကြမည် ဖြစ်သည်။ အကောင်းဆုံး နည်းလမ်းသည် လုံခြုံရေးသတိ ရှိကြရန်ပင် ဖြစ်သည်။

မျက်မှောက်ကာလ၌ ISIS အစွန်းရောက် အဖွဲ့ အပါအဝင် အကြမ်းဖက်သမား ပေါင်းစုံသည် တိုက်ခိုက်မှု ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာ့နေရာ ပေါင်းစုံတွင် တိုက်ကွက် ဖော်လာလျက် ရှိသည်။ ထိုသူများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းသည် သတင်းလက်ဦးမှု ရယူရန်ပင် ဖြစ်သည်။ ထိုသို့ သတင်း ရရှိရန်သည် နိုင်ငံအချင်းချင်း နှင့် ထောက်လှမ်းရေး အေဂျင်စီ အချင်းချင်းတို့ အကြား သတင်း အချက်အလက် များ အပြန်အလှန်  ဖလှယ်သွားရန် လိုအပ်ပေသည်။ ကမ္ဘာ့နိုင်ငံများ အကြား တက်ညီလက်ညီ ပေါင်းစပ် အဖြေရှာသွား မည် ဆိုလျှင် လက်တစ်ဆုပ်စာ အစွန်းရောက် အကြမ်းဖက် သမားများအား အမြစ်ပြတ် ချေမှုန်းသွား နိုင်မည်ဖြစ်သည်။ 

သို့သော် တချို့သော နိုင်ငံများသည် ကိုယ်ကျိုးအတွက် အကြမ်းဖက်သမား များကို အားပေးမြှောက်စား ထားသည်ကိုလည်း ဝမ်းနည်းဖွယ်ရာ ကြုံတွေ့နေရ ပြန်သည်။ ထိုနိုင်ငံများတွင် အပြစ်မဲ့ ပြည်သူများသည် မြေစာပင် ဖြစ်နေကြ ရသည်။

ခြုံ၍တင်ပြရလျှင် လူသားတို့သည် ယုံကြည်ချက် ကိုယ်စီဖြင့် အသက်ရှင် နေထိုင်လျက် ရှိကြသည်။ ထိုသို့ ယုံကြည်ချက်ဖြင့် အသက်ရှင် နေထိုင်ရာတွင် မိမိ၏ ယုံကြည်ချက်နှင့် အပြုအမူတို့သည် လူ့ အသိုက်အဝန်းကို အကျိုးမပြု နိုင်သည့် တိုင်အောင် ထိခိုက်နစ်နာမှု မဖြစ်စေရန် အထူး လိုအပ်သည်။ မည်သို့ပင် ဆိုစေကာမူ အကြမ်းဖက် သမားများသည် ကမ္ဘာတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူ များ၏ အသက်အန္တရာယ် များကို ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်လျက် ရှိကြသည်။ ထိုအကြမ်းဖက် လုပ်ရပ် များကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာ သေကျေ  ထိခိုက်ဒဏ်ရာ ရရှိ နေကြသည်။ အစွန်းရောက် အကြမ်းဖက် သမားများသည် ကမ္ဘာတစ်ဝန်း တံခါးမရှိ၊ ဓားမရှိ သွားလာ လှုပ်ရှားလာပြီး အတင့်ရဲ တိုက်ခိုက် လာကြသဖြင့် ပြည်သူများ၏ ဘဝလုံခြုံမှု အာမခံချက်များ မရှိရော့ လေသလားဟု စဉ်းစားစရာ ဖြစ်လာသည်။

ထို့ကြောင့် အတင့်ရဲလာသည့် အစွန်းရောက် အကြမ်းဖက်သမား များအား ကြိုတင်ကာကွယ် ဖော်ထုတ် ဖမ်းဆီးနိုင်ရေး အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို ရယူကာ ကမ္ဘာ့နိုင်ငံများ အကြား ချိတ်ဆက် ပေါင်းစပ် ဆောင်ရွက်မှုများ ပိုမိုပြုလုပ် လာနိုင်ကြပါစေ။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger