www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 21, 2016

(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများ တစ်ပတ်ခန့်ကြာမြင့်ပါက နယ်စပ်ကုန်စည်စီးဆင်းမှုကို များစွာထိခိုက်စေနိုင်


မူဆယ် (၁၀၅)မိုင်မှ တိုက်ပွဲတိမ်းရှောင်လာသည့် ပြည်သူများကို တွေ့ရစဉ်

မူဆယ် ၊ ၂၁-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် အတွင်း လက်ရှိဖြစ်ပေါ် နေသော အခြေအနေများ အချိန် အနည်းဆုံး တစ်ပတ်ခန့် ကြာမြင့်ပါက နယ်စပ်ကုန်စည် စီးဆင်းမှုကို များစွာထိခိုက် လာနိုင်ဖွယ် ရှိကြောင်း မူဆယ်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် သည် တစ်နိုင်ငံလုံး၏ နယ်စပ်ကုန်စည် စီးဆင်းမှုတွင် ၇၅ ရာခိုင်နှုန်းခန့် ကုန်စည်စီးဆင်း နေသော ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်ပြီး ကုန်သွယ်ရေးဇုန် မှတစ်ဆင့် မြန်မာနိုင်ငံ မြေပြန့်ဒေသ များနှင့် တောင်ပေါ်ဒေသမှ ထွက်ရှိသော လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ အများဆုံး အဓိကထား တင်ပို့နေရသော ကုန်သွယ်ရေးဇုန် တစ်ခုလည်း ဖြစ်သည်။

မူဆယ် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် လယ်ယာထွက် ပစ္စည်းများဖြစ်သည့် ဆန်၊ ပြောင်း၊ သကြား၊ ပဲ၊ နှမ်း၊ သစ်သီးဝလံ အစရှိသော ကုန်ပစ္စည်းများနှင့် ရေထွက် ပစ္စည်းများဖြစ်သော ငါးရှဥ့်၊ ကဏန်း အစရှိသည်တို့ကို လည်း နေ့စဉ် တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိသည်။

ထိုသို့ဖြစ်ပေါ်နေသော အခြေအနေ များအရ ဆန်၊ပြောင်းကဲ့သို့ သော ကုန်များမှာ အချိန်ကြာကြာ သိုလှောင်ထား နိုင်သော ကုန်ပစ္စည်းများ ဖြစ်သောကြောင့် ကုန်သည်များ အတွက် ထိခိုက်မှု မရှိသော်လည်း သစ်သီးဝလံနှင့် ရေထွက်ပစ္စည်းများ အတွက် ကုန်စည်စီးဆင်းမှု အချိန် အနည်းဆုံး တစ်ပတ်ခန့်သာ ကြာမြင့်ပါက သစ်သီး အရည်အသွေးများ ကျဆင်းကာ ဈေးနှုန်းလျော့ခြင်း၊ သစ်သီးများ အချိန်လွန်ကာ ဆုံးရှုံးမှု ဖြစ်ပေါ်ခြင်းနှင့် ရေထွက်ပစ္စည်း များအတွက် အချိန်ကာလ တစ်ခု ကြာမြင့်ပါက ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လာ နိုင်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ စိုက်ပျိုးသည့် သစ်သီးဝလံစိုက် တောင်သူများ အတွက်လည်း အဓိကကုန်စည် ဖြုန်းအားမှာ လက်ကား အရောင်းအဝယ် ဖြစ်သည့် ပြည်ပတင်ပို့ မှုသာဖြစ်၍ (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် လုပ်ငန်းရပ်တန့် ပါက များစွာထိခိုက် နိုင်ကြောင်း အဆိုပါ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။ (၁၉၀)

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၀)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger