ညောင်ဦး ၊ ၂၅-၁၁-၂၀၁၆
ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အနေဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ပုထိုး၊ အဆောက်အအုံ များကို စိတ်ဝင်တစား လေ့လာ ကြသော်လည်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ အနော်ရထာ မင်းကြီးနှင့် ကျန်စစ်သား မင်းကြီးတို့၏ မူလနန်းတော်ရာ ကို ပြည်တွင်း၊ ပြည်ပလေ့လာ သူများ နှစ်စဉ် လာရောက် လေ့လာမှု နည်းပါး နေသေးကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံ-ရုံးခွဲ) မှ သိရသည်။
အနော်ရထာ မင်းကြီး၏ နန်းတော်ရာ ဟောင်းကို ၂ဝဝ၃ ခုနှစ်က တစ်ကြိမ်၊ ၂ဝ၁၁ ခုနှစ်က တစ်ကြိမ် တူးဖော်ခဲ့ပြီး အဆောက်အအုံ နှင့် အကြွင်းအကျန်များ၊ အိမ်သာကျင်း ခွေများ၊ သဲကျောက်ပြား အခင်းများ၊ အုတ်ကြမ်းခင်း များ၏ အပိုင်းအစ များကို ယနေ့ထိ တွေ့မြင်ရမည် ဖြစ်ပြီး ၄င်း ရှေးဟောင်း ပစ္စည်းများမှာ ပုဂံရှေးမင်း အဆက်ဆက် ကတည်းက ရွှေ့ပြောင်း တည်ဆောက် လာကြသည့် လက်ရာ နည်းစနစ်များ အသုံးပြုခဲ့သည့် ပစ္စည်း အမျိုးအစား များမှာ နှစ်ပေါင်း ၁၂ဝဝ ခန့် ကြာမြင့်ခဲ့သည့် နည်းပညာ လက်ရာများမှာ ကမ္ဘာ့အံ့ဖွယ်ရာ အဖြစ် လေ့လာ တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။
ကျန်စစ်သားမင်းကြီး ၏ မူလနန်းတော်ရာ ဟောင်းကို ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၇ ခုနှစ်ထိ တူးဖော်ခဲ့၍ ပန္နက်ခုံရာများ၊ အုတ်ပတ်တိုင်များ၊ အုတ်ခုံ၊ လေးထောင့်ပုံ၊ အဝိုင်းပုံ၊ သဲကျောက်ပြား များကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုသို့ အံ့ဖွယ်မူလ ရှေးဟောင်း နန်းတော်ရာ အတွင်းမှ နှစ်ပေါင်းများစွာ ခိုင်ခံ့မှုများနှင့် ရှေးမူလက်ရာများ အဖြစ် ကြွင်းကျန်ရစ် ခဲ့သည့် မြန်မာ့ရှေးဟောင်း အမွေအနှစ်များကို နောင်လာ နောက်သားများ အတုယူ မှတ်သားလေ့လာ သင့်သော်လည်း အဆိုပါ နန်းတော်ရာ များကို နှစ်စဉ်ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ လာရောက် လေ့လာသူ နည်းပါး နေသေးကြောင်း သိရသည်။
''ပုဂံရှေးဟောင်း နယ်မြေ အတွင်းမှာ မင်းပေါင်း ၅၅ ဆက် ခေတ်တစ်လျှောက်မှာ စိတ်ဝင်စားစရာ၊ အံ့ဖွယ်ရာ၊ မှတ်သားစရာ တွေကို လက်တွေ့လေ့လာ နိုင်တယ်။ ဒီရှေးဟောင်း နန်းတော်ရာကို တူးဖော်ပြီး လေ့လာခွင့် ရတာသုံးနှစ် လောက် ရှိပါပြီ။ အခမဲ့ ဝင်ရောက် လေ့လာခွင့် ပေးထားပါတယ်။ ဘာကြောင့် အချိန်ကြာအောင် ခိုင်ခံ့နေတာ ဆိုတာ အထူးသဖြင့် ဆောက်လုပ်ရေး ပညာရှင်တွေ လေ့လာ ဆည်းပူးသင့် ပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်း၊ ပြည်ပ ဧည့်သည်အနေနဲ့ တစ်လကို ဦးရေ ၂ဝဝေ လာက်ပဲ လာရောက်ပါတယ်။ ပုဂံရှေးဟောင်း နယ်မြေအတွင်း လာရောက် လေ့လာသူ ဧည့်သည်နှုန်း နဲ့စာရင် အလွန်နည်း နေပါတယ်'' ဟု အဆိုပါဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးကိုကိုနိုင် က ပြောပြ၍ သိရသည်။ (၁၈၇)
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၈)
No comments:
Post a Comment