www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 10, 2016

ဝင်ရိုးစုံကမ္ဘာနှင့် မြန်မာ့တပ်မတော် ဆက်ဆံရေး


ဝင်ရိုးစုံကမ္ဘာနှင့် မြန်မာ့တပ်မတော် ဆက်ဆံရေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ၏ ဖိတ်ကြားချက်အရ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီ Justus Lipsius Building ၌ နိုဝင်ဘာ ၈ ရက် နံနက် ဒေသစံတော်ချိန် ၈ နာရီတွင်ကျင်းပသော European Union Military Committee အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က The Military's Role in a Democratic Myanmar နှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားရာ၌ ကမ္ဘာ့နိုင်ငံများ ကြုံတွေ့ရသော လုံခြုံရေးအရ ခြိမ်းခြောက်မှု များကို ပထမဦးစွာ ပြောကြားပြီး မြန်မာနိုင်ငံ၏ သဘာဝ ပထဝီအနေအထား နှင့်လူမှုရေး ပထဝီ အချက်အလက် များကို အကျဉ်းချုပ် ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွင် အဟန့်အတား ဖြစ်နေသည့် လက်နက်ကိုင် ပဋိပက္ခများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးချိန်မှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး '' ဒီမိုကရေစီဆိုသည့် အခွင့်အရေး တစ်ခုရရှိရန် အစိုးရ အုပ်ချုပ်မှုကို လက်နက်ကိုင် ဆန့်ကျင်သည့် မည်သူမဆို တပ်မတော်က ကာကွယ်ရမည် ဖြစ်ကြောင်း၊ ယင်းမှာ တိုင်းရင်းသား များကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်နက်ကိုင် တိုက်ခိုက်သူ များကိုသာ ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း'' ပြောကြားသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ပြောကြားရာ၌ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့ စုစုပေါင်း အဖွဲ့ ၄ဝ ဖြင့် ယာယီ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းခဲ့ပြီး ငြိမ်းချမ်းရေး ရရှိအောင် တည်ဆောက် နိုင်ခဲ့ကြောင်း၊ လက်ရှိ ပါတီစုံဒီမိုကရေစီ ခေတ်တွင်လည်း ပထမ အကြိမ် လွှတ်တော်သက်တမ်း ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ဖြင့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လတွင် လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး လက်မှတ်ရေးထိုး ပြီးသည့် အဖွဲ့အစည်းများ၏ နေရာဒေသများတွင် ပစ်ခတ် တိုက်ခိုက်မှုများ မရှိတော့ဘဲ နယ်မြေ အေးချမ်းမှု၊ ဒေသခံ ပြည်သူများ စိတ်ချမ်းသာစွာ သွားလာလုပ်ကိုင် နေထိုင်နိုင်မှု၊ နှစ်ဖက်တပ်ဖွဲ့များ အကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက် နိုင်သော အကျိုးရလဒ်များ ခံစားနေရပြီ ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး တံခါးကို အမြဲဖွင့်ထား ပါကြောင်း၊ NCA ကိုအခြေခံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ အခန်းကဏ္ဍ၊ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက် တို့ကို ပြောကြားရာ၌ တပ်မတော်သည် ခေတ်အဆက်ဆက် ခိုင်မာ တောင့်တင်းသည့် အမျိုးသားနိုင်ငံရေး အင်အားစုကြီး ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ရကြောင်း၊ ထို့ကြောင့် ခေတ်သစ်၊ စနစ်သစ် တွင် မိမိ တို့သည် အမျိုးသား နိုင်ငံရေးကို ဆောင်ရွက်ရန် လွှတ်တော်တွင် ဆက်လက်ပါဝင် နေရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ခြင်း နှင့်အတူ ကာကွယ် စောင့်ရှောက် နေရကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ့အတွက် ခိုင်မာသည့် အာမခံချက် ရရှိချိန်တွင် တပ်မတော်၏ အခန်းကဏ္ဍ ကိုလည်း ပြန်လည်သုံးသပ် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ပြုလုပ်လျက် ရှိကြောင်း၊ လက်နက်ကိုင်ပြီး အခွင့်အရေး တောင်းခြင်းကို မည်သည့် ဒီမိုကရေစီနိုင်ငံ ကမှ လက်မခံကြောင်း ရှင်းလင်း ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ EU ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ပြောကြားရာ၌ ယခုအချိန်တွင် စစ်ဘက် ဆက်ဆံရေး အပါအဝင် ကဏ္ဍအားလုံးတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရမည့် အချိန်ဟုလည်း ယူဆပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ကမ္ဘာ့နိုင်ငံ အများအပြားနှင့် စစ်ဘက် ဆက်ဆံရေးများ မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂ နှင့်လည်း စစ်ဘက်ဆိုင်ရာ ကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အထူးသဖြင့် မိမိတို့ တပ်မတော်အနေဖြင့် သဘာဝ ဘေးအန္တရာယ်၊ ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ မှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်  ဆေးပညာရပ်များ၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ် များ စသည့်နည်းပညာ များနှင့် လေ့ကျင့်ရေးကဏ္ဍ များတွင် ဥရောပသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂနှင့် စစ်ဘက်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း ဖြင့် မိမိတို့ တပ်မတော်၏ Standard Army  အဖြစ် တည်ဆောက်ဖွဲ့စည်း ဆောင်ရွက်နေမှု များတွင်လည်း အထောက်အကူ ဖြစ်စေလိမ့်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

မျက်မှောက် ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာစစ်ကြီးနှစ်ကြိမ် ကြုံခဲ့ရသဖြင့် ပြာပုံထဲမှ လူးလဲထရန် ကြိုးစားနေကြ ချိန်တွင် ပုထုဇဉ်သဘာဝ အစွဲများကြောင့် ပြည်တွင်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သဖြင့် ပြာပုံထဲမှ မထနိုင်ဖြစ်ခဲ့ ကြရသည်။

ထိုဖြစ်စဉ်များက သင်ခန်းစာယူ၍ စစ်တားဆီးရေး နှင့် ဖွံ့ဖြိုးရေး တို့အတွက် နိုင်ငံပေါင်းစုံပါဝင် ကြိုးပမ်းနေသော ယနေ့ကမ္ဘာကြီးကို ဝင်ရိုးစုံကမ္ဘာ ( Multi Polar World ) ဟုခေါ်ကြလေရာ မျိုးချစ်မြန်မာ့ တပ်မတော် အနေဖြင့်လည်း ကမ္ဘာ စစ် တားဆီးရေး နှင့် ဖွံ့ဖြိုးရေးတို့တွင် ပါဝင်နိုင်ရေး နိုင်ငံတကာ တပ်မတော်များနှင့် ပူးပေါင်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ထုတ်ဖော်ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger