www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 17, 2016

အမေရိကန်နှင့် မဟာမိတ် ဖြစ်လာနိုင်သည့် အာဆတ်


Syrian President Bashar al-Assad is likely pleased by Donald Trump’s election to the White House.

( ရှိန်းထက် )

ကမ္ဘာပေါ်၌ အကြမ်းဖက်မှု အများဆုံးလွှမ်းမိုး ထားသော အရှေ့အလယ်ပိုင်း ဒေသတွင် အကြမ်းဖက် နှိမ်နင်းရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်း လာပြီဖြစ်သည်။ ရုရှား လေယာဉ်တင် သင်္ဘောက အရှေ့ အလယ်ပိုင်း ဒေသသို့ ရောက်ရှိလာကာ နိုဝင်ဘာ ၁၅ ရက်တွင် ပထမဆုံးအကြိမ် အဖြစ် လေယာဉ်တင် သင်္ဘောပေါ်မှ တိုက်လေယာဉ် များကို အသုံးပြု၍ စတင်ဗုံးကြဲ ခဲ့သည်။ အီရတ်၌ ISIS တို့ နောက်ဆုံးရှိရာ မိုဆူးမြို့ကိုလည်း အစိုးရတပ်များက ပြန်လည်သိမ်းပိုက် နိုင်ရန် ကြိုးစား အားထုတ်မှု အောင်မြင်နိုင်ရေး ရာခိုင်နှုန်း ပိုများလာနေပြီ ဖြစ်သည်။

ထို့ကြောင့် ISIS တို့အမာခံ အခြေစိုက်နေရာ သည် မကြာမီ ဆီးရီးယား လက်ထဲသို့ ပြန်လည် ရောက်ရှိတော့မည် ဖြစ်သည်။ သို့သော်လည်း နှစ်ခြမ်းကွဲ နေသော တိုက်ခိုက်ရေး အုပ်စုကြားက ISIS ချေမှုန်းရေး လုပ်ငန်းစဉ် များသည် ဆီးရီးယား၌ ထင်သလောက် တိုးမပေါက် ဖြစ်နေရသည်။ ယခု အမေရိကန်သမ္မတ နေရာတွင် ဒေါ်နယ်ထရမ့်ပ် အနိုင်ရသွား သောကြောင့် ISIS နှိမ်နင်းရေးလုပ်ငန်း သည်မကြာမီ အောင်မြင် လာနိုင်ဖွယ် ရှိကြောင်း သုံးသပ်သူများ ကလည်း ပြောနေကြပြီ ဖြစ်သည်။

ထရမ့်ပ်သည် ISIS တို့ကို ဦးစားပေး အမြစ်ဖြတ် တိုက်မည်ဟု ကြွေးကြော်ချက် ဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်မှု ရလာခဲ့သူဖြစ်သည်။ အထူးသဖြင့် အရှေ့ အလယ်ပိုင်း ဒေသက ISIS ကိုထရမ့်ပ်က ပစ်မှတ်ထားလျက် ရှိသည်။ ဆီးရီးယား၌ သူပုန်တို့အား အမေရိကန် နှင့် အနောက်အုပ်စုက လက်နက်ပံ့ပိုး နေသည့်ကိစ္စကို ထရမ့်ပ်က ISIS နှိမ်နင်းရေးလောက် အလေးမထားပေ။ စိတ်လည်း မဝင်စားပေ။

ထို့ကြောင့် ထရမ့်ပ် တက်လာလျှင် အိုဘားမား လက်ထက်က ပံ့ပိုးပေးခဲ့သော သူပုန်အုပ်စုတို့ အင်အားချည့်နဲ့ ရတော့မည် ဖြစ်သည်။ ထရမ့်ပ်က သူပုန်တို့ကို လက်နက်ပံ့ပိုး ပေးမည့်အစား အကြမ်းဖက်မှု ကိုသာ တိုက်ဖျက်ချင် နေသည်။ ဥပမာ 9/11 တိုက်ခိုက်ခံ ရမှုကြောင့် ဆော်ဒီအာရေဗျ နိုင်ငံအား ဥပဒေအရ အရေးယူနိုင်မည့် အစီအစဉ်ကို အိုဘားမားက ဗီတိုအာဏာသုံး ပယ်ချထားသည့် ကိစ္စကို ထရမ့်ပ်က ပြန်လည် အကောင်အထည် ဖော်လာနိုင်သည့် လူစားမျိုး ဖြစ်သည်။

ဆော်ဒီ ကို ထရမ့်ပ်က သူ့နိုင်ငံသားများ ထောင်ချီ သေဆုံးခဲ့ရသည့် အမေရိကန် သမိုင်းတွင် အကြီးမားဆုံး အကြမ်းဖက်ခံ ရမှုကို တာဝန်ယူရန် လိုသည်ဟု ထင်မှတ် ထားသူဖြစ်သည်။ ထို့ကြောင့် ထရမ့်ပ် တက်လာလျှင် အရှေ့အလယ်ပိုင်း ဒေသ၌ ဆော်ဒီအာရေဗျ သည် ထရမ့်ပ်နှင့် ပထမဆုံး မသင့်မြတ် ဖြစ်လာမည့် မဟာမိတ်ဟောင်း ဖြစ်လာနိုင်သည် ဟု ဆိုထားခြင်း ဖြစ်သည်။

အမေရိကန်၏အတိတ်ကအဟောင်းများသည် ထရမ့်ပ် ကြောင့် ပြောင်းပြန်ဖြစ်ရန် ရာခိုင်နှုန်းများက ကြိုတင် စိုးရိမ်စရာ သကဲ့သို့ ဖြစ်လာရန် လမ်းကြောင်းများက ပိုမိုပီပြင်လာပြီ ဖြစ်သည်။ အရှေ့အလယ်ပိုင်း ဒေသက အကြမ်းဖက်မှုကို တိုက်မည်ဆိုလျှင် သေချာပေါက် မဟာမိတ်နိုင်ငံ တစ်နိုင်ငံ  လိုအပ်သည်။ ယခုထရမ့်ပ် က ရုရှားကို မျက်နှာမူသည့် မူဘောင်များနှင့် လုပ်ဆောင်ချက် များကိုသာ ဦးစားပေး  နေသောကြောင့် အရှေ့အလယ်ပိုင်း ဒေသ၌ ရုရှားသေဆိုသေ၊ ရှင်ဆိုရှင် ဖြစ်နေသည့် ဆီးရီးယားသည် အမေရိကန်၏ ရန်သူတော်အဖြစ်မှ မဟာမိတ်အဖြစ်သို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက်က ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်က အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ပ် နှင့်သူ မဟာမိတ် ဖြစ်လာနိုင်သည်ဟု မီဒီယာများကို တရားဝင် ပြောသည်။ သူတို့နှစ်ဦး လျှောက်မည့်
လမ်းကြောင်းများက တူညီနေပြီး ရွေးကောက်ပွဲ မဲဆွယ်စဉ်က စကားများကိုသာ ထရမ့်ပ် လိုက်နာပြီး ကျင့်သုံးမည် ဆိုလျှင် သူနှင့် အလိုအလျောက် မဟာမိတ် ဖြစ်လာမည်ဟု အာဆတ် က ပြောသည်။

ထရမ့်ပ်က ကမ္ဘာ့ နေရာ အနှံ့ ဖြန့်ကြက်ထားသည့် စစ်စခန်းများနှင့် စစ်အသုံးစရိတ် များသည် အမေရိကန်၏ စီးပွားရေးကို တိုးတက်ရန် ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေသည်။ ထို ဝန်ထုပ်ဝန်ပိုး များကို သူက ဖယ်ရှားမည်။ အဓိက ဝန်ထုပ်ဝန်ပိုး ဖြစ်ရသည့် အကြောင်းရင်းမှာ နိုင်ငံများကြား တင်းမာမှုများ မြင့်တက်ပြီး စစ်ရေး ပြင်ဆင်ထားမှု များကို အသင့် အနေအထား နေရာချထား ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တင်းမာမှုများ ကိုသာ လျှော့ချနိုင်လျှင် သူနှင့်အဓိက တင်းမာမှု မြင့်တက်နေသည့် နိုင်ငံကြီးများကို အရင်ဆုံး ဖယ်ရှားရမည်။ ထိုတင်းမာမှုကိုသာ ဖယ်ရှားလိုက်လျှင် စစ်ရေး ဖြန့်ကြက်ထားမှု များနှင့် ထို အသုံးစရိတ်ကြောင့် ဖိအား ဖြစ်နေသည့် အမေရိကန် စီးပွားရေးသည် ပြန်လည် အားကောင်း လာမည်။ ထို့ပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိုလည်း တစိုက်မတ်မတ် ပိုမိုပီပြင်အောင် ဆောင်ရွက် လာနိုင်မည်ဟု ထရမ့်ပ် ကပြောခဲ့သည်။

အာဆတ်က ထရမ့်ပ် ပြောခဲ့သည့် ထိုစကားလုံးများ ကို သဘောတွေ့ပြီး ထရမ့်ပ်နှင့် မိတ်ဆွေများ အလိုအလျောက် ဖြစ်လာနိုင်သည် ဟု ပြောခဲ့ခြင်းဖြစ်သည်။ အာဆတ် ပြောမည်ဆိုလျှင်လည်း ပြောနိုင်သည်။ ထရမ့်ပ် ၏ မူဝါဒက ရုရှားကို လက်ချင်းကမ်းနေပြီး အရှေ့ အလယ်ပိုင်း ဒေသက အကြမ်းဖက် တိုက်ဖျက်မှုကို ရုရှား သမ္မတပူတင်နှင့် အတူ လုပ်ဆောင်လိုသည်။ ပူတင်နှင့် ပူးပေါင်းလျှင် အာဆတ်နှင့်လည်း အလိုအလျောက် မဟာမိတ် ဖြစ်လာမည် ဖြစ်သည်။

နောက်ဆုံး အာဆတ်မျှော်မှန်း နေသည်က ဆော်ဒီ ကဲ့သို့ အမေရိကန်၏ အရှေ့အလယ်ပိုင်း ဒေသက အမာခံ မဟာမိတ်ကဲ့သို့ ဖြစ်လာရန်ဖြစ်သည်။ ဆော်ဒီသည် အိုဘားမားလက်ထက် အထိ အမေရိကန်၏ မဟာမိတ် ဖြစ်သည်။ စစ်ရေးသာမက စီးပွားရေး အထိအတွေ့ အများဆုံးမဟာမိတ် ဖြစ်သည်။ ယခု ထရမ့်ပ်က ဆော်ဒီ မလိုလားသည့် လက်ယာဝါဒီ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၇ ခုနှစ်ကစမည့် ထရမ့်ပ်လက်ထက် တွင် ဆော်ဒီသည် အရှေ့အလယ်ပိုင်း ဒေသ၌ အမေရိကန် မဟာမိတ်အဖြစ် မြင်တွေ့ရရန် မသေချာတော့ဘဲ သူ့နေရာကို အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံ က အစားထိုးနေရာ ယူတော့မည်။ အဖြစ်နိုင်ဆုံး ကလည်း ဆီးရီးယား ဖြစ်သည်။ အခြေအနေနှင့် အချိန်အခါ များသည် ဆီးရီးယား ဘက်သို့သာ ယိမ်းနေသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရန် အဓိကနေရာ သည် ဆီးရီးယားသာ ကျန်ရှိသည်။ ထို့ကြောင့် ထရမ့်ပ်မူဘောင် အတိုင်း ဆီးရီးယား၌ အခြေချရမည်။ ISIS ကိုတိုက်ထုတ်ရမည်။ ဆော်ဒီကိုလည်း ထရမ့်ပ် က မလိုလားသောကြောင့် သူနှင့် အကိုက်ညီဆုံး သည် ရုရှားမဟာမိတ် ဆီးရီးယား သာ ဖြစ်နေသည်။

ထို့ပြင် ဆီးရီးယား အစိုးရသည် သူ့ဖိအားအတိုင်း လိုက်ယိမ်းရန်လည်း ရာခိုင်နှုန်း ပိုများနေသည့် စီးပွားရေး နှင့်စစ်ရေး အားအနည်းဆုံး နိုင်ငံဖြစ်နေသည်။ ထိုအချက်သည် ထရမ့်ပ် သဘောအတွေ့ဆုံး များထဲမှ အချက်တစ်ချက် ဖြစ်သည်။ ထို့ကြောင့် အိုဘားမား အစိုးရလက်ထက် အာဆတ် ကိုဖြုတ်ချရန် ကြိုးပမ်းခဲ့မှု များသည် ထရမ့်ပ်လက်ထက် တွင် ပြောင်းပြန်ဖြစ်ရန် အကြောင်းဖန် လာရသည်။ အာဆတ်၏ အာဏာလည်း တစ်ကျော့ပြန်လည် ရှင်သန်လာမည်။ နောက်ဆုံး အရှေ့အလယ်ပိုင်း ဒေသ၌ ဆီးရီးယားသည် အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ရန် မျှော်လင့်ချက် ရှိလာသည်။

ထို့ကြောင့် အာဆတ်သည် ထရမ့်ပ်ကြောင့် ကံအကောင်းဆုံး လူသားတစ်ယောက် ဖြစ်လာနိုင်ပြီး အရှေ့အလယ်ပိုင်း ဒေသ၌ ရုရှားနှင့် အမေရိကန် အထောက်အပံ့ ကြောင့်ပင် သြဇာအာဏာ ရှိသည့် လူတစ်ဦးဖြစ်လာ နိုင်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger