www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 28, 2016

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၂၈ ဦး၏ နေရပ်ပြန်ခရီးတွင် ဒလမြို့နယ်မှ လေးနှစ်ကြာ ပျောက်ဆုံးသွားသော ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်



ရန်ကန် ၊ ၂၈-၁၀-၂၀၁၆

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံ နေရသော မြန်မာရွှေ့ပြောင်း လုပ်သားများ အနက်မှ ၁၂၈ ဦးသည် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM) မှ MAI လေယာဉ်ဖြင့် ယမန်နေ့ နံနက် ၁ နာရီတွင် (၁၃) ကြိမ်မြောက် အဖြစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ်မှ အများဆုံး ပါဝင်ကြောင်း သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ရန်ကုန်တိုင်း ဒေသကြီးမှ ၁ဝ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ လေးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ကိုးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ သုံးဦး၊ မကွေးတိုင်း ဒေသကြီးမှ တစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ငါးဦး၊ တနင်္သာရီတိုင်း ဒေသကြီး မှ ၁၆ ဦး၊ ကရင်ပြည်နယ် မှ လေးဦး၊ မွန်ပြည်နယ် မှ ၁၉ ဦး၊ ရခိုင်ပြည်နယ် မှ ၃၇ ဦး၊ ရှမ်းပြည်နယ်မှ နှစ်ဦး၊ ချင်းပြည်နယ်မှ ၁၈ ဦး စုစုပေါင်း ၁၂၈ ဦးနှင့် အသက် ငါးနှစ်အရွယ် ကလေးငယ် တစ်ဦး၊ ရင်ခွင်ပိုက် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိ လာကြသော ရွှေ့ပြောင်း မြန်မာလုပ်သား များအား နေရပ် ပြန်ပို့ရေး ကော်မတီဝင်များ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများ၊ IOM ၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ များနှင့် နေရပ်ပြန် ရောက် မြန်မာလုပ်သား များ၏ မိသားစုဝင် များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ ကြိုဆိုခဲ့ ကြသည်။

ယင်းသို့ ပြန်လည်ရောက်ရှိ လာသော ရွှေ့ပြောင်းလုပ်သား များထဲမှ အသက် ၁၁ နှစ်အရွယ် မောင်ဝေလင်းထွန်း နှင့်ပတ်သက်၍ လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောဦးက ''အသက်မပြည့် သေးတဲ့ ကလေးငယ် တစ်ယောက် အနေနဲ့ အသက် ၇ နှစ်အရွယ် ကတည်းကနေပြီး မလေးရှားနိုင်ငံ ကို လိမ်ညာ ခေါ်ဆောင်ခြင်း ခံခဲ့ရတယ်လို့ သိရတယ်။ သူ့ကို ကော့သောင်း-ရနောင်း ကနေတစ်ဆင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Ampong အရပ် Sri Nilam မှာ ရှိတဲ့ တိုက်ခန်းတစ်ခု ၌ တခြားကလေး တွေနဲ့အတူ နေထိုင်ခဲ့ ရတယ်။ အဲဒီလို နေထိုင်စဉ်မှာ တခြားကလေး တွေနဲ့ အတူ အလုပ်တွေ ခိုင်းခံရတယ်လို့ သိရတယ်။ အဲဒီကနေပြီး လွန်ခဲ့တဲ့ တစ်နှစ်မှာ ထွက်ပြေး လွတ်မြောက် လာကာ ကြုံရာကျပန်း လုပ်ကိုင် စားသောက် နေထိုင်ရတယ်။ နောက်ပိုင်း မလေးရှားရဲ တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ပြီးတော့ ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ခြင်း ခံရတယ်လို့ သိရတယ်။ 

အဲဒီကနေ ပြီးတော့ အခုနေရပ်ပြန် ခရီးစဉ်မှာ ကံကောင်း ထောက်မစွာနဲ့ ပါလာတာပါ။ သူ့အသက်က အခု ၁၁ နှစ်ရှိ နေပြီဆိုတော့ လေးနှစ်လောက် ဆင်းရဲချို့တဲ့စွာ နေခဲ့ရတယ်။ မောင်ဝေလင်းထွန်း ဟာ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက် ဗိုလ်တိုက်ချွန်း လမ်းနေ ဦးဒါဝတ် ဒေါ်ဂျမ်းဘုံ တို့ရဲ့ သားဖြစ်ကြောင်း သိရတယ်။ သူကိုဆရာမတို့ အနေနဲ့ မိဘ အုပ်ထိန်းသူထံ ပြန်မအပ်မီ ကျိုက်ဝိုင်း လူငယ်သင်တန်း ကျောင်းမှာ ယာယီလက်ခံ စောင့်ရှောက်ပြီး မိသားစုကို ပြန်လည် အပ်နှံ ပေးသွားမှာပါ'' ဟုပြောသည်။

အဆိုပါ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၂၈ ဦးအား ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း အရှေ့ဘက်မုခ်ရှိ အလုပ်သမား ဓမ္မာရုံ၌ ခေတ္တထားရှိကာ စုံစမ်းစစ်ဆေးမှု များနှင့် ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်၍ နေရပ် အသီးသီးသို့ ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း အနေဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား များအား လေယာဉ်စင်းလုံးငှား အခမဲ့ပို့ဆောင် ပေးသည့်အပြင် တစ်ဦးလျှင် အပြန်စရိတ် ငွေကျပ်တစ်သိန်းစီထောက်ပံ့ ပေးအပ်သည်။

IOM အနေဖြင့် နေရပ်ပြန်စရိတ်၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအား ထောက်ပံ့ပေးပြီး ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ကူညီပေးကာ နေရပ်သို့ ချက်ချင်း မပြန်နိုင်သူ များအား ရန်ကုန်မြို့တွင် ခေတ္တ နေရာချထား ပေးကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger