www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 7, 2016

အမေရိကန်နှင့် နျူကလီးယား သဘောတူညီချက်များကို ရပ်တန့်လိုက်သည့် ရုရှား



( ရှိန်းထက် )

အမေရိကန်-ရုရှား ဆက်ဆံရေး အဆိုးရွားဆုံး ဖြစ်လာ နေသည်ကို ဖော်ပြသည့် နျူကလီးယား သဘောတူညီမှု ရပ်ဆိုင်းရေး ကိစ္စများ မထင်မှတ် ထားဘဲ ဖြစ်ပေါ် လာပြီဖြစ်သည်။ စစ်အေးခေတ် တုန်းက အပြိုင်အဆိုင် ထုတ်လုပ်ခဲ့သော နျူကလီးယား လက်နက်များကို ပြန်လည် လျှော့ချစေမည့် ကုလသမဂ္ဂ၏ နျူကလီးယား မပြန့်ပွားရေး စာချုပ်နှင့် အမေရိကန် နှင့် ရုရှားတို့ကြား သဘောတူညီ ခဲ့သော နျူကလီးယား လက်နက် လျှော့ချရေး သဘောတူညီ မှုများကို အကောင်အထည် ဖော်ပြီး နျူကလီးယား ကင်းစင်သည့် ကမ္ဘာကြီး ဖြစ်ရန် လိုသည်ဟု ဆိုနေချိန်တွင် သဘောထား လမ်းကြောင်းများ ပြောင်းလာ ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က တင်းမာမှု များသည် ရုရှားနှင့် အမေရိကန် တို့ကြား မြင့်မား လာသည်ဟု ဆိုသော်ငြားလည်း နျူကလီးယား သဘော တူညီချက် များကို မတို့ထိခဲ့ကြပေ။ စစ်အေးခေတ် နောက်ပိုင်း တွင်လည်း ထို သဘောတရား များကို အမေရိကန် နှင့် ရုရှားတို့ ဆယ်စုနှစ် နှင့်ချီကာ ထိန်းသိမ်း နိုင်ခဲ့ကြသည်။ ယခုအခါ ထိုသဘော တူညီချက်များ လုံးဝ ပျက်စီးသွား စေမည့် လမ်းစက ပေါ်လာခဲ့သည်။

အမေရိကန်တို့၏ စစ်ရေးအရ ခြိမ်းခြောက်မှု များကြောင့် သဘော တူညီထားသော နျူကလီးယား လက်နက် ထိန်းချုပ်ရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး များကို ရုရှား က ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ သည်။ ၂ဝ၁၄ ခုနှစ် ရုရှားက ခရိုင်းမီးယား ကို သိမ်းပိုက် ခဲ့ခြင်းကြောင့် အမေရိကန် က ဦးဆောင်ပြီး အရေးယူကာ စီးပွားရေး ပိတ်ဆို့မှုများကို ချမှတ်ခဲ့သည်။ ထို့နောက် ရုရှားနှင့် နေတိုးတို့ ဥရောပတွင် ထိပ်တိုက် တွေ့နေချိန်တွင် အမေရိကန် က ဥရောပ၌ နေတိုးနှင့် မဆိုင်သည့် သူ၏သီးခြား ဒုံးပျံ ကာကွယ်ရေး စနစ်များကို ချခဲ့သည်။ ရုရှားကို ပစ်မှတ်ထားသည့် ထိုဒုံးပျံ ကာကွယ်ရေး စနစ်ကြောင့် လည်း အိုဘားမား နှင့် ရုရှားသမ္မတ ပူတင်တို့ စကားလုံး စစ်ပွဲများ ဖြစ်ပွားခဲ့ သေးသည်။

ယခု အရှေ့ အလယ်ပိုင်း၌ အမေရိကန် နှင့် ရုရှားတို့ ထိပ်တိုက်တွေ့ နေကြပြန်သည်။ အပစ်အခတ် ရပ်စဲရေး ပျက်စီးသွား ပြီးနောက် အလက်ပို၌ ရုရှား၏ ဗုံးကြဲမှုများ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေသည်။ သူပုန်များကို ပစ်မှတ်ထား သည်ဟုဆိုသော ရုရှား၏ဗုံးကြဲမှု များက ပြည်သူများနှင့် ဆေးရုံများကို အလုံးအရင်းနှင့် ထိမှန်လျက် ရှိသည်။ ကုလသမဂ္ဂ က ရုရှား၏ ဗုံးကြဲမှုများကို ချက်ချင်း ရပ်တန့်ရန် သတိပေး ထားသည်။ သို့သော်လည်း ရုရှားသည် ယခုအချိန်ထိ ဆက်လက် ဗုံးကြဲလျက် ရှိသေးသည်။ ထိုကဲ့သို့ ဆေးရုံများနှင့် ပြည်သူများကို ဗုံးကြဲနေ သောကြောင့် အမေရိကန် သည် ရုရှား၏ ဆီးရီးယား အရေး ဆွေးနွေးမှု များကို ရပ်တန့် ခြင်းဖြစ်သည်။ ထို့ကြောင့် ရုရှားနှင့်လည်း သံတမန် ဆက်ဆံရေး ခြေလှမ်းများ ကျဲသွား ခဲ့သည်။

ယခု ရုရှားကလည်း အမေရိကန် တို့က သူ့ကို အဆက်ဖြတ် လိုက်သကဲ့သို့ နျူကလီးယား အရေးမှာ တန်ပြန် အဆက်ဖြတ် လိုက်ပြန်ပြီ ဖြစ်သည်။ အမေရိကန်တို့ အဆက်ဖြတ် လိုက်ခြင်းသည် နိုင်ငံ တစ်နိုင်ငံတည်း နှင့်ဆိုင် သည့် ငြိမ်းချမ်းရေး ဖြစ်ပြီး ရုရှားတို့ အဆက်ဖြတ် လိုက်သည်က တစ်ကမ္ဘာ လုံးနှင့်ဆိုင်သည့် ငြိမ်းချမ်းရေးပင် ဖြစ်သည်။ ယခုအခါ နျူကလီးယား သဘောတူ ညီမှုသာ ပျက်စီး သွားခဲ့ပါက နောက်တစ်ကြိမ် ထိုသို့ပြန်လည် ရရှိရန် အမေရိကန်နှင့် ရုရှားတို့ ကြားတွင် လွယ်ကူလိမ့်မည် မဟုတ်ပေ။ 

တစ်ကမ္ဘာလုံးကို ဖျက်ဆီးနိုင်သည့် နျူကလီးယား လက်နက်များကို ရုရှားနှင့် အမေရိကန်တို့၌ ယခုအချိန်ထိ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ အမေရိကန် သည် ၁၉၄ဝ ပြည့်နှစ်နှင့် ၁၉၉၆ ခုနှစ်အတွင်း နျူကလီးယား လက်နက် ထုတ်လုပ်မှုတွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၇၈ ထရီလီယံ အသုံးပြုခဲ့သည်။ နျူကလီးယား ထိပ်ဖူးပေါင်း ၇ဝဝဝဝ ကျော် ထုတ်လုပ်ခဲ့သည်။ ထိုအရေအတွက် သည် ကမ္ဘာပေါ်၌ ထုတ်လုပ်ခဲ့ သမျှသော နျူကလီးယား ထိပ်ဖူး အရေအတွက် ထက်ပင် ပိုများနေသည်။

ရုရှားက နျူကလီးယား ထိပ်ဖူးပေါင်း ၅၅ဝဝဝ ကျော် ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့ ဒုတိယ အများဆုံး အရေအတွက်ကို ရရှိခဲ့သည်။ ၁၉၉၃ ခုနှစ် စစ်အေးတိုက်ပွဲ နောက်ပိုင်းတွင် ရုရှားနှင့် အမေရိကန် တို့သည် နျူကလီးယား အရေးကို အတူတကွ ပူးပေါင်း ကိုင်တွယ် လာကြရာ နျူကလီးယား အရေအတွက်ကို လျှော့ချရန် သဘောတူ စာချုပ်များ ချုပ်ဆိုကြသည်။ မဟုတ်လျှင် ရုရှားနှင့် အမေရိကန် တို့သည် နျူကလီးယား လက်နက်များ ကို အရေအတွက် သိန်းချီ သည်အထိ ဆက် ထုတ် နေဦးမည် ဖြစ်သည်။ ယခု နျူကလီးယား ထိန်းချုပ်ရေး သဘော တူညီချက် များကြောင့် အမေရိကန်၌ နျူကလီးယား လက်နက် ၇ဝဝဝဝ မှ ၄၅ဝဝ အထိလျှော့ချ ထားပြီး ရုရှား နျူကလီးယား လက်နက်တိုက် တွင်လည်း အမေရိကန်ထက် နည်းသော နျူကလီးယား လက်နက် ထောင်ဂဏန်းသာ ရှိတော့သည်။ ရုရှားနှင့် အမေရိကန် တို့၏ စစ်အေးတိုက်ပွဲ နောက်ပိုင်း ပထမဆုံး ပူးပေါင်း ဆောင်ရွက်မှု လည်း ဖြစ်သည်။

ရုရှားက နျူကလီးယား လက်နက် လျှော့ချရေး သဘော တူညီချက်ကို ရပ်နားထား လိုက်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ရုရှားတို့ အလှည့်ကျ ဖျက်ဆီးရမည့် ပလူတိုနီယမ် များကို ဆိုင်းငံ့ ထားခြင်းဖြင့် သက်သေပြ ခဲ့သည်။ ယခုအခါ ထို သဘော တူညီချက် သည်လည်း ပျက်စီးလု နီးပါး ဖြစ်နေသည်။ အမေရိကန်၏ ရုရှားအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ နှင့် ဥရောပတွင် ရုရှားကို စစ်ရေးအရ ခြိမ်းခြောက်မှုများ ဖယ်ရှားပေး မှသာ နျူကလီးယား သဘောတူညီ ချက်များကို ပြန်လည်စတင် မည်ဟု ရုရှားက ပြောသည်။ ရုရှား၏ ခရိုင်းမီးယားကို စစ်ရေး ချိုးဖောက်ထားမှု များကြောင့် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများကို လွယ်လွယ်နှင့် ဖယ်ရှားပေးမည် မဟုတ်ပေ။

ရုရှားက ခြိမ်းခြောက်တိုင်း လိုက်လျောဖယ်ရှား ပေးလျှင် ရုရှားကို နောက်ထပ် ဖိအားပေး၍ ရမည် မဟုတ်တော့ပေ။ ထို့ကြောင့် နျူကလီးယား သဘောတူညီမှု ပြန်လည် ရရှိရန်သည် လွန်စွာ ခက်ခဲသည့် အခြေအနေ ဖြစ်သည်။ ရုရှားတို့ကလည်း ယခင်က နျူကလီးယား အရေးနှင့် ပတ်သက်၍ ခြိမ်းခြောက်မှု မလုပ်ခဲ့ဘဲ ယခုအခါ ခြိမ်းခြောက်စပြု လာပြီ ဖြစ်သောကြောင့် အမေရိကန် အတွက် ဆုံးဖြတ်ချက် ချရန် ခက်ခဲသည့် အခြေအနေ ဖြစ်သည်။ သူချမှတ် လိုက်သည့် သဘော တူညီချက် ကလည်း တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး နှင့် သက်ဆိုင်သည်။ နျူကလီးယား အရေးကလည်း မလုပ်၍ မဖြစ်။ နိုင်ငံတကာတွင် Power Policy မူဝါဒကျင့်သုံးသော အမေရိကန်ကို ရုရှားက ထိုနိုင်ကွက်ဖြင့် ထိထိမိမိ အသုံးချ လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ဆီးရီးယား တွင်လည်း ရုရှားက အမေရိကန် တို့ကို ကြိုတင် ကာကွယ်ရေးများ ပြုလုပ်ထား လိုက်ပြီဖြစ်သည်။ ရုရှား၏ အကောင်းဆုံး လေကြောင်းရန် ကာကွယ်ရေး စနစ်များထဲမှ တစ်ခုဖြစ်သော S-300 ကို ဆီးရီးယား၌ ချထားလိုက်ပြီ ဖြစ်သည်။ ရုရှား၏ ဗုံးကြဲမှုများကို တန်ပြန်ထိုးစစ် ဆင်လာမည့် အမေရိကန်၏ လေကြောင်းကို ဆီးရီးယား၌ တစ်ပြိုင်တည်း ကြိုတင်ကာ ကွယ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် အမေရိကန် နှင့် ရုရှားတို့ တင်းမာမှုက အာကာသ ပူးပေါင်း ဆောင်ရွက်မှုများ ကိုပါ ထိခိုက်ရန် လမ်းစရှိလာ နေပြီဖြစ်သည်။

ယခုအခါ နျူကလီးယား လက်နက် လျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှု လမ်းကြောင်းမှာ ပိုမိုခက်ခဲ လာသည့်အပြင် စစ်အေးတိုက်ပွဲ ကိုလည်း ပြန်ပြီးစိုးရိမ် နေရသဖြင့် ဥရောပတွင် ဖြစ်ပေါ်နေသော အခြေအနေ များက နျူကလီးယား စစ်ပွဲဆီသို့ပင် ခေါ်ဆောင်သွား နိုင်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger