www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 2, 2016

ဆေးဝါးအတုတွေရဲ့ အဆိုး သက်ရောက်မှုများ


ဆေးဝါးအတုတွေရဲ့ အဆိုး သက်ရောက်မှုများ

( ဒေါက်တာ လွင်သန့် )

အတုဆိုသည်မှာ သွားတု၊ ခြေတု၊ လက်တု တို့သာ လိုအပ်တဲ့သူတွေ အတွက် အသုံးဝင် အသုံးတည့် ပေမယ့် ဆေးဝါးအတု၊ နို့မှုန့်အတု၊ အစားအစာအတု၊ မိတ်ကပ်အလှ ပြင်ပစ္စည်းအတု တို့က လူကို အသက်အန္တရာယ် ပေးနိုင် လောက်တဲ့အထိ ဆိုးရွားစေ ပါတယ်။ တရုတ်နိုင်ငံမှာ ကလေး နို့မှုန့်ထဲမှာ မယ်လမင်းဓာတ် ပါဝင်ခဲ့လို့ ကလေးငယ် တချို့ ရုတ်တရက် ကျောက်ကပ် ရောင်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းတို့ ကြုံခဲ့ရပြီး နို့မှုန့်အစစ် ဖြစ်ကြောင်း သက်သေ ပြလိုမှု တစ်ခုတည်း အတွက် ထည့်ထားတဲ့ မယ်လမင်းဓာတ် တွေရှိတဲ့ နို့မှုန့်ထုတ်လုပ် သူတွေကို လူသေစေမှု များနဲ့ တရားစွဲဆိုကာ သေဒဏ်ပေးခြင်း၊ တစ်သက်တစ်ကျွန်း ချခြင်းများနဲ့ အပြစ်ပေးခဲ့ ဖူးပါတယ်။ 

စက်တင်ဘာ ၂၇ ရက်နေ့က စက်မှုဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ BPI မှ ထုတ်လုပ်သည့် ဆေးဝါးများ အတုပြုလုပ် ရောင်းချခြင်းကို ဖော်ထုတ် အရေးယူ မှုနှင့် စပ်လျဉ်းသော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ဆေးဝါးအတု ၄၄ မျိုး၊ တံဆိပ်အတု ၁၈ မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂ ဒသမ ၈ဝ၇ ဘီလီယံ ရှိကြောင်း သိရပါတယ်။ ဆေးဝါးအတု ဖြန့်ဖြူး ရောင်းချသူ၊ ရက်လွန်ဆေးဝါး တွေကို တံဆိပ်ပြောင်း ထုတ်လုပ်သူ များနဲ့ ရက်စွဲပြောင်း ရောင်းချသူများ ကိုလည်း ယင်းပုဒ်မ နီးနီး အရေးယူဖို့ လိုအပ်လှ ပါတယ်။

အဲဒီဆေးဝါးတွေ တင်သွင်းခံ ရတဲ့ ဆိုင်ကြီးများ အနေနဲ့လည်း အတုနှင့် အစစ်ကို ဈေးနှုန်းအရ သံသယ ရှိကြမှာ အမှန်ပါပဲ။ ကြာလာတော့ အမှားကို အမှန်ထင်ပြီး သူတို့ တင်သွင်းတဲ့ ဆေးဝါးတွေကိုသာ ဈေးကွက်ထဲ တင်ရောင်း နေမိတာပါ။

ပြင်မရသည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်တဲ့ အသက်ဇီဝိန် ခြွေမှု အပါအဝင် လူသားမဆန်တဲ့ လုပ်ရပ်တွေ ကြောင့် ဆေးဝါးအတုရဲ့ ဆိုးကျိုးများ ခံစားကြ ရပါတယ်။ ဘယ်လိုဥပဒ်မှ မဖြစ်စေသည့်တိုင် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူရ၍ စီးပွားရေးအရ နစ်နာဆုံးရှုံး ရပါတယ်။ တခြား ဆေးဝါးနဲ့ တုပထုတ်လုပ် ရင်လည်း ပါဝင်တဲ့ ဆေးအညွှန်းတွေ အပြည့်အဝ မပါဝင်နိုင်လို့ ရောဂါ မပျောက်ခြင်း၊ ဘေးထွက် ဆိုးကျိုးများခြင်း စသည့် ကျန်းမာရေး နစ်နာမှုများ ဖြစ်နိုင်ပါတယ်။

ဆေးဝါးအတု အန္တရာယ်က သည်မျှနှင့် မပြီးပါဘူး။ နှလုံးဆေး (Digoxin) က နှလုံးရောဂါရှင် တွေအတွက် အားကိုးရာ ဆေးပါ။ ဒီလိုလူနာ တွေမှာ ဆေးဝါးအတု ကြောင့် အသက်ဆုံးရှုံး ရမယ့် နစ်နာမှုများ ရှိလာနိုင်တယ်။ နောက် ပြီး ဘီပီအိုင် ဆေးဝါးပေါင်းစုံ ကို ဈေးလျှော့ ရောင်းလာရင် ကုမ္ပဏီအနေနဲ့ စီးပွားရေးနစ်နာ ဆုံးရှုံးမှုများ ရှိလာနိုင်သလို စားသုံးသူများလည်း အထိနာကာ ဆေးဝါးဈေး ကွက်မှာ စံနှုန်းမမီတဲ့ (BPI) ဆေးဝါးကြောင့် အသုံးပြုသူ နည်းသထက် နည်းလာဖို့ ရှိပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ကလေးနို့မှုန့်ထဲ မယ်လမင်း ထည့်မိ၍ ကလေးတချို့ ကျောက်ကပ် ပျက်စီး သေဆုံးရ သလောက် မဆိုးဝါးခဲ့ဘူး ဆိုသည့်တိုင် လူကို သေစေလောက်သည့် ဆေးဝါးအတုနဲ့ ရက်လွန် ဆေးဝါး ရောင်းချမှုက လူသတ်မှု သို့မဟုတ် ရာဇသတ်ကြီး ပြစ်မှုမြောက် စေတာ အမှန်ပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး တွေကို ဈေးကြီးပေး ဝယ်သုံး နေကြတဲ့ ဆေးသမားများ အတွက် ဘိန်းဖြူထဲ ပင်နီဆီလင် ထိုးဆေးမှုန့် ရောခြင်းနဲ့ မြေဖြူမှုန့် ရောခြင်းက အကြောထဲ ဆေးထိုးသူများ အတွက် ရှော့ခ် (Shock) ရကာ လူ့လောကမှ မြန်မြန်ထွက်သွား စေခဲ့တာလည်း ဆေးဝါး အတုကြောင့် ပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ အရပ်ထဲ တောအရက်လို့ ခေါ်တဲ့ အရက်ချက် လုပ်ရာမှာ စားသုံးဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဓာတ်မြေသြဇာ၊ အင်ဒရင်၊ ရော်ဘာစေ့၊ မက်သနော စသည့် အဆိပ်သင့် ဓာတုပစ္စည်းများ ပါရှိလို့ အသည်း ခြောက်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသည်းကင်ဆာ၊ အစာအိမ် လမ်းကြောင်း ကင်ဆာ အမျိုးမျိုးကို သက်တမ်းတို အတွင်း ဖြစ်ပွားစေပြီး သေဆုံးစေလို့ အရက်တို့ ဘီယာတို့ကို လုံးဝရှောင်သင့် ပါတယ်။

ဆေးဝါးအတု ဆိုရာမှာ ငါးမျိုး ဖြစ်နိုင်တယ်။ ရက်လွန် ဆေးဝါးကို ထုတ်လုပ်ပါ ရက်စွဲ၊ ကုန်ဆုံးရက်စွဲ ပြင်ဆင်ပြီး ပြန်ဖြန့်ခြင်း၊ ဆေးဝါးအစား ဂျုံမှုန့်၊ ဆန်မှုန့် တို့တွင် အရောင်ဆိုး ထည့်သွင်းခြင်း၊ ဆေးဝါးမှာ ပါဝင်တဲ့ ပမာဏ မီလီဂရမ် ယူနစ် စံမီခြင်း၊ ထိုးဆေးများကို ရက်လွန် သို့မဟုတ် မိုးရေ ထုတ်လုပ်ခြင်း၊ တခြားနိုင်ငံ ကုမ္ပဏီထုတ် အမျိုးတူ ဆေးဝါးကို ပြုပြင်ပြီး လိုချင်သည့် ကုမ္ပဏီတံဆိပ် ပြောင်းလဲ တပ်ခြင်းအပြင် အစစ်ကိုပါ အတုထင် လာအောင် ပုံပြောင်းရိုက် ထုတ်ခြင်းများ တွေ့ရနိုင်ပါတယ်။

ရက်လွန်ဆေးဝါးကို ပြင်ဆင် ထုတ်လုပ်ခြင်း ဆိုရာမှာ ရက်စွဲနေရာ ပြင်ဆင်ပေးရုံပဲ ဖြစ်ပြီး အလွယ်ကူဆုံး အတုလုပ်တဲ့ နည်းဖြစ်တယ်။ ဂျုံမှုန့်၊ ဆန်မှုန့် တို့တွင် အရောင်ဆိုး ထည့်ထားခြင်း ကလည်း လူကို ဥပဒ်မပေးဘူး ဆိုတာ လိမ်လည်မှုပဲ ဖြစ်တယ်။ ဆေးဝါးမှာ ပါဝင်တဲ့ ပမာဏ မီလီဂရမ် ယူနစ်စံမမီ ခြင်းက ဆေးဝါးအပေါ် အယုံအကြည် လျော့စေပါတယ်။ တရုတ်နိုင်ငံ ထုတ် အာတီဆူနိတ် နှင့် အာတီမီသာ စားဆေး၊ ထိုးဆေးတွေဟာ ငှက်ဖျားရောဂါကို အမြစ်ပြတ် နိုင်ပြီး လူကို သေစေလောက်တဲ့ ဦးနှောက်ငှက်ဖျား လူနာများ အတွက် အစွမ်းထက်တဲ့ ဆေးဝါးတွေပဲ ဖြစ်တယ်။ တရုတ်နိုင်ငံမှာ ရှိတဲ့ တခြားဆေးဝါး ကုမ္ပဏီတွေ ကလည်း ဈေးနှုန်း သက်သာတဲ့  ယင်းဆေးဝါး များကို မီလီဂရမ် ယူနစ်မပြည့်ဘဲ ထုတ်လုပ်ဖြန့် ဖြူး လာတဲ့အခါ ဆေးယဉ်ပါးတဲ့ ငှက်ဖျား ရောဂါများ ဖြစ်လာပါတယ်။ အဲဒီအတွက် WHO ပါ ပါဝင်လာ ရပြီး ဆေးဝါး တစ်မျိုးတည်းပါ ငှက်ဖျားဆေး အစား ငှက်ဖျားဆေး နှစ်မျိုး အနည်းဆုံး ပါဝင်တဲ့ ငှက်ဖျားကုသ ဆေးဝါးများ ထုတ်လုပ်ဖို့ အတွက် ဆေးကုမ္ပဏီ များနဲ့နိုင်ငံ များကို နှိုးဆော်လာရတဲ့ အထိ ဖြစ်လာပါတယ်။ ဥပမာ အာတီဆူနိတ် နဲ့ မက်ဖလိုကွင်း နှစ်မျိုးပါ ဆေးဝါးများ တီထွင်ထုတ်လုပ် လာမှသာ ငှက်ဖျားရောဂါ ခံစားနေရတဲ့ လူနာများ အသက်ချမ်းသာ ရာ ရလာပါတယ်။

ကင်ဆာလူနာ၊ ဒဏ်ရာရလူနာ များအတွက် ဘိန်းအနွယ်ဝင် ပက်သဒင်း၊ မော်ဖိန်းထိုးဆေး အစား ဘာမီတွန် ထိုးဆေးကို အသားတံဆိပ် ဖျက်ပြီး ပြန်လည်ထုပ်ပိုး ရောင်းချခြင်းဟာ စားသုံးသူပြည်သူ များအပေါ် ကျေးဇူးကန်းရာ ရောက်ပါတယ်။ ဘာမီတွန်က မော်ဖိန်း၊ ပက်သဒင်းလို နာကျင်မှု မလျော့နိုင်ပါဘူး။ တခြားနိုင်ငံက ကုမ္ပဏီထုတ် ဆေးဝါးကို မိမိတို့လိုချင်သည့် ကုမ္ပဏီထုတ်ဆေးဝါး အဖြစ် ပုံမှားရိုက် ထုတ်လုပ် ဖြန့်ချိခြင်း ကလည်း လိမ်လည်မှုပဲ ဖြစ်ပါတယ်။ နောက်ဆုံး တုပရောင်းဝယ်တဲ့ နည်းက ကုမ္ပဏီလာ၊ လိုင်းလာဆိုပြီး ဈေးနှစ်မျိုး ရောင်းချ သတ်မှတ်ခြင်းပါ။ ဥပမာ- နီအိုဘိုင်ယွန် (Neobion) အားဆေး အပြာကတ်ဟာ ဈေးကြီးမြင့် လာတဲ့အခါ ကုမ္ပဏီရောင်းဈေး က တစ်ဘူးလျှင် ငွေကျပ် ၆၆ဝဝ ရှိနေတဲ့အချိန်မှာ ကုမ္ပဏီက မသွင်းဘဲ မှောင်ခိုသွင်းတဲ့ အလားတူ ဆေးဝါးက ငွေကျပ် ၅၂ဝဝ ပဲရှိတယ်။

အတုဆိုတာ ရေရှည် မတည်မြဲပါဘူး။ ပေါ်လာစမြဲ ဖြစ်ပါတယ်။ ဆေးဝါးအတု ကြောင့် လူသေလောက်တဲ့ အထိ ဖြစ်ပေါ်ခဲ့ရင် အတုလုပ်သူကို နောင်ကြဉ်အောင် ပြစ်မှုကြီးကြီး ရင်ဆိုင်စေပြီး အရေးယူသင့် ပါတယ်။ 

ဈေးကွက်ထဲမှာ စားသောက်ကုန် နဲ့ အလှကုန် ပစ္စည်းတွေ၊ အရက်၊ ဘီယာ၊ စားဆီ၊ နို့မှုန့်ထုပ်တွေ ကျန်းမာရေး နှင့်မညီညွတ်လို့ ဖယ်ရှားနေချိန်မှာ ဆေးဝါးအတု ပြဿနာက ပေါ်လာတယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးအရေးယူမှသာ ဆေးဝါးအတု ထွက်ပေါ်နေသော ဖြစ်ရပ်များ ရပ်တန့်မည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger