www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 2, 2016

ရန်ကုန်မြို့ကြီး ပြန်ပေးပါ


ရန်ကုန်မြို့ကြီး ပြန်ပေးပါ

မိုးမြင့်အောင်

ရန်ကုန်မြို့သည် တစ်ချိန်က အရှေ့တောင် အာရှ၏ အလှဆုံးမြို့တော် စိမ်းလန်းဝေဆာသော အုံ့အုံ့ဆိုင်းဆိုင်း မုတ်သုံ သစ်တောများ နှင့် စနစ်တကျ ပြုပြင်ခြယ်မွှမ်း ထားသော ရောင်စုံပန်း အလှပင်မျိုးစုံ၊ ရောက်ဖူးသူ ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံရပ်ခြား သံတမန်များက အလွန်နှစ်ခြိုက် သဘောကျသော မြန်မာတို့၏ အလှပဆုံး ရွှေမြို့တော် ဖြစ်ခဲ့သည်။

ပင်လယ်ထွက်ပေါက် ဆိပ်ကမ်းမြို့ကြီး ဖြစ်သော်လည်း ပင်လယ်လှိုင်း၊ ရေရိုင်း၊ လေရိုင်း၊ မုန်တိုင်းဒဏ် တို့မှ လွတ်ကင်းရာ ကုန်းတွင်းဘက်ခြမ်း မှာ ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ လှိုင်မြစ်၊ ငမိုးရိပ်ချောင်း၊ တွံတေးတူးမြောင်း၊ ပန်းလှိုင်မြစ် တို့၏ အလယ်ဗဟို ကျကျတွင် အကွက်ကျကျ တည်ဆောက် ထားခဲ့သော မြို့တော်ဖြစ်သည်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ရွှေတိဂုံ၊ ဗိုလ်တထောင်၊ ဆူးလေ၊ ကမ္ဘာအေး၊ ကျိုက္ကဆံ အစရှိသည့် စေတီတော် ကြီးများ၊ သာသနိက အဆောက်အအုံ များ၊ ကိုလိုနီခေတ် လက်ရာ၊ ရုံး၊ ဌာန၊ ကုမ္ပဏီ အဆောက်အအုံ များစွာ တည်ရှိသည်။ ထို့ပြင် တခြားဘာသာဝင် တို့၏ ဘုရား ရှိခိုးကျောင်း၊ ဘာသာရေး အဆောက်အအုံ များစွာတို့ဖြင့် ကမ္ဘာလှည့် ခရီးသွားတို့၏ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သော ရန်ကုန်မြို့ ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ လေကြောင်း၊ ရေကြောင်း၊ ကား၊ ရထားလမ်း အသွယ်သွယ် ဖြင့် သွယ်ယှက် ဖောက်ထား သောကြောင့် စီးပွားရေး အလွန်ဖွံ့ဖြိုး တိုးတက်ခဲ့သော မြို့တော်ဖြစ်သည်။

နေပြည်တော်သို့ အစိုးရရုံးဌာနများ ပြောင်းရွှေ့ သွားသည့်တိုင် အနယ်နယ် အရပ်ရပ်မှ ဝင်လာသော လူဦးရေက ပိုများသဖြင့် ဖွံ့ဖြိုးမှု အရှိန်အဟုန်က လျော့ကျမသွား။ စီးပွားရေး မျက်နှာစာမှာ အစဉ်အလာ အတိုင်း ဦးဆောင် အခန်းကဏ္ဍမှ လျော့မသွား ခဲ့သောကြောင့် တစ်ချိန်က ကောင်းသတင်း အစုံအလင် ထုံမွှမ်းခဲ့သော ယနေ့ရန်ကုန် သည် လူနေထူထပ် ပြွတ်သိပ်မှု၊ ကျူးကျော် အိမ်ရာပြဿနာ၊ တရားဥပဒေ စိုးမိုးရေး စိန်ခေါ်မှုများ၊ ယာဉ်ကြော ရှုပ်ထွေးမှု ပြဿနာ၊ လေထုညစ်ညမ်းမှု၊ ရေနှင့် သန့်ရှင်းရေးစနစ် အားနည်းချက်များ အစရှိသည့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ရန်ကုန်မြို့လယ် ကောင်သည် တစ်ချိန်က တိုက်ခန်းနေ မိသားစုများ အတွက် အပန်းဖြေ နားနေ ဧရိယာဇုန်များ လုံလုံလောက်လောက် ထားရှိပေးနိုင် ခဲ့သည်။ ရန်ကုန်မြို့လယ် တိုက်ခန်းများ၏ နောက်ဖေး လမ်းကြားသည် တစ်ချိန်က တိုက်ခန်းနေ မိသားစုများ အားလပ်ချိန် ဝိုင်းဖွဲ့ နားနေရာ။ လူကြီးတွေ စုဝေး ဝိုင်းဖွဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးသတင်း ဖလှယ်ကြ။ ကလေးတွေ ကစားရာ နေရာ။ တကယ့် အပန်းဖြေစရာ အကွက်အကွင်း ကျကျနေရာ။ ယခု ဟိုတုန်းက ဓာတ်ပုံထဲမှာသာ ပြန်မြင်နိုင်တော့သည့် အခြေအနေ။ ရန်ကုန်မြို့လယ် တိုက်ခန်းများ၏ နောက်ဖေး လမ်းကြား အမှိုက်ပုံ များသည် ယနေ့မြို့ပြ လူထု၏ ကျန်းမာရေး ဆိုးကျိုးကို သာကမ နိုင်ငံတကာ အလယ်မှာ မတင့်တယ်သော ပုံရိပ်များဖြင့် ထပ်ဟပ်လျက် ရှိနေပေပြီ။

ကျဉ်းမြောင်း ကျပ်တည်းသော လမ်းများတွင် ကိုယ်ပိုင် ကားပါကင် နေရာအတွက် တိုက်ခန်းနေ တစ်လမ်းတည်း နေသူ ကားပိုင်ရှင် အချင်းချင်း ရန်စောင်၊ ခိုက်ရန်ဖြစ် ငြင်းခုံအချင်းများ နေကြသည် များကလည်း မကြာခဏ။ လမ်းထောင့် မြေကွက်လပ်များ ယခင် ကလေးကစားကွင်း များကလည်း အထပ်မြင့် အဆောက်အအ တွေ၊ ရှော့ပင်းမော တွေ ဖြစ်လို့ဖြစ်၊ ကလေးငယ် များ၏ သန့်ရှင်း ကျယ်ဝန်းသော လေကောင်း လေသန့်ရပြီး  လုံခြုံ စိတ်ချသော အေးချမ်းသာယာ ပျော်စရာ ကစားကွင်းများ ပျောက်ကုန် ပါလေပြီ။

အင်းလျားကန်၊ မြကျွန်းသာတွင် မြေငှား စနစ်ဖြင့် အထပ်မြင့် အဆောက်အအုံ များစွာ ဆောက်လုပ်နေမှု၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ် ပြည်သူ့ဥယျာဉ် မျက်နှာစာတွင် ဆိုင်ခန်းများ ဆောက်လုပ် နေမှုတို့သည် သိသာ ထင်ရှားလှသော မြို့ပြဂေဟ စနစ်နှင့် သဘာဝ ပသာဒကို ပျက်စီးစေသော ဆိုးကျိုးများ အဖြစ် ရှုမြင်သုံးသပ် ကြသည်။ နဂိုကမှ ကျပ်တည်း ရှုပ်ထွေး ကျဉ်းမြောင်းလှသော မြို့လယ်မှာ အထပ်မြင့် အဆောက်အအုံ တွေ များပြား လာခြင်းက ရန်ကုန်၏ လှပ သန့်ရှင်းခဲ့သော အတိတ်ပုံရိပ် များကို ပျက်စီးစေရုံ သာမက ရေရှည်တွင် မနိုင်မနင်း ပြဿနာ မျိုးစုံကို ဖိတ်ခေါ် နေသည်နှင့် ပင် တူနေတော့သည်။

တစ်ချိန်က စင်ကာပူက လာရောက် လေ့လာအတုယူ ခဲ့ရသော မြန်မာတို့၏ အသည်းနှလုံး ရန်ကုန်သည် ယနေ့ မည်သို့မျှ မတင့်တယ်သော လူဦးရေ၊ မော်တော်ယာဉ် ပြွတ်သိပ် ကျပ်တည်းမှု များဖြင့် ဆိုးရွားသော ဒုက္ခ မျိုးစုံကို မြို့တော်နေ ပြည်သူတို့ နေ့စဉ်ခံစား တွေ့ကြုံ နေရသည်က ဖုံးကွယ်၍ မရသော ပြဿနာ တစ်ရပ်ပင်။

ဟိုတုန်းက သန့်ရှင်း သပ်ရပ်သော လူဦးရေနှင့် မော်တော်ယာဉ် အချိုးကျ မျှတသော ကျယ်ဝန်းသည့် အပန်းဖြေ နေရာ၊ ကစားကွင်း များဖြင့် လှပခဲ့သော၊ သစ်ပင် ဥယျာဉ်ပန်းမန် များဖြင့် ဝေဆာ ပျော်ရွှင်ဖွယ် ကောင်းသော ရန်ကုန်မြို့ကြီးကို ပြန်လည် တောင့်တ နေမိသည့် ရန်ကုန်သားကြီး တစ်ယောက် ကတော့...

''ကျွန်တော်တို့ ငယ်စဉ်က လေဟာပြင် ဈေးကြီးကိုလည်း လွမ်းတယ်။ လမ်းထိပ် ပန်းခြံ၊ ကစားကွင်း တွေကိုလည်း ပြန်မြင်ယောင် မိတယ်။ ဈေးသည် မရှိတဲ့။ ကျယ်ဝန်း သန့်ရှင်းတဲ့ ပလက်ဖောင်း တွေကိုလည်း သတိရတယ်။ တန်းစီတိုးဝှေ့ ကြည့်ရတဲ့ မြို့လယ်က ရုပ်ရှင်ရုံ တွေကိုလည်း နှမြောတယ်ဗျာ " ဟု ညည်းတွား ရှာသည်။

တကယ်တော့ တစ်ခါက သန့်ရှင်းသပ်ရပ် လှပသော ရန်ကုန်မြို့ကြီးကို သူ ပြန်တမ်းတ နေခြင်းသာ။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger