www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 3, 2016

တောင်တရုတ်ပင်လယ်ပြင် အရေးတွင် မပါဝင်ရန် တရုတ်၏ သတိပေးမှုခံခဲ့ရသည့် ဂျပန်


China's Air Force sent more than 40 aircraft to the West Pacific 
near the Japanese island of Okinawa on Sunday, for what state-media 
called routine drills.

( ရှိန်းထက် )

စက်တင်ဘာလ အစောပိုင်းက ဂျပန် ကာကွယ်ရေး ဝန်ကြီး တိုမိုမီအီနာဒါ ဝါရှင်တန်သို့ ရောက်ရှိစဉ်က တောင်တရုတ် ပင်လယ်ပြင် ကင်းလှည့်မှု များနှင့် လုံခြုံရေးကို ယခင်ကထက် အမေရိကန်နှင့် အတူ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ ခြိမ်းခြောက်မှု များသည် အငြင်းပွား အာဆီယံနိုင်ငံငယ် လေးများ၏ လုံခြုံရေးကို ခြိမ်းခြောက် နေသည် သာမက သမိုင်းဝင် မဟာရန်သူတော် ဂျပန်အတွက် လည်း တစ်နေ့ တခြားပင် ပိုမို စိုးရိမ်စရာ ကောင်းလာ နေသည့် အနေအထား ဖြစ်နေသည်။ စက်တင်ဘာလ နောက်ဆုံးပတ် ကပင် တရုတ်တို့၏ ပုံမှန်ကင်းလှည့်မှု ဟု အမည်တပ် ထားသည့် ဂျက် တိုက်လေယာဉ် အစင်း ၄ဝ ကျော်ပါသော ကင်းလှည့်မှု သည် ဂျပန် ပိုင်နက်ထဲသို့ ရောက်ရှိ လာခဲ့သည်။

အနောက်ဘက် ပစိဖိတ်ဒေသ ကို ဖြတ်သန်းပြီး ရောက်ရှိလာသော တရုတ် တိုက်လေယာဉ် ရှစ်စင်းသည် ပထမဆုံးအကြိမ် နိုင်ငံတကာ အဓိက လေကြောင်း ဝင်ပေါက်ကို အသုံးပြုခဲ့သည့် အတွက် ဂျပန်အတွက် စိုးရိမ်စရာ အကောင်းဆုံး အခြေအနေ တစ်ခု ဖြစ်ခဲ့သည်။ ထိုတရုတ်ဂျက် တိုက်လေယာဉ် များကြောင့် ဂျပန်တို့ တိုက်လေယာဉ် များပင် အသည်းအသန် ပျံတက်ခဲ့ရပြီး တရုတ်ဂျက် တိုက်လေယာဉ် များကို မောင်းထုတ်ခဲ့ ရသည်။

စက်တင်ဘာ ၁၂ ရက်က တောင်တရုတ် ပင်လယ်ပြင်ထဲတွင် အငြင်းပွား ရေပိုင်နက်ထဲ၌ ပြုလုပ်သော ရုရှားနှင့် တရုတ်တို့ စစ်ရေး လေ့ကျင့်ရေးသည် ပုံမှန် မဟုတ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ခု ဖြစ်ခဲ့ပြီး ကမ်းတက် စစ်ဆင်ရေးနှင့် ကျွန်းသိမ်း စစ်ဆင်ရေး ဖြစ်သည်။ ဖျက်သင်္ဘောများ၊ ဖရီးဂိတ်များ၊ နှစ်သွယ်သုံး စစ်ဘက် သင်္ဘောများ၊ ဂျက်တိုက် လေယာဉ်များ၊ ရဟတ်ယာဉ် များနှင့် ရေငုပ်သင်္ဘော များပင် ပါဝင်သည့် ထို စစ်ရေးလေ့ကျင့်မှု သည် ဂျပန်နှင့် အငြင်းပွား နေသည့် ဆင်ကာကူ ကျွန်းစုများကို တက်သိမ်းမည့် ပုံစံ ပေါက်နေသည်။

ထို့ကြောင့် တရုတ်တို့၏ လှုပ်ရှားမှု မှန်သမျှကို ဂျပန်တို့က မျက်ခြည်မပြတ် စောင့်ကြည့် နေရပြီး တရုတ်တို့၏ ကျွန်းသိမ်းတိုက်ပွဲ စစ်ရေး လေ့ကျင့်မှု အတွက် သူတို့၏ စစ်ရေး ပြင်ဆင်မှုများကို အသင့် ပြင်ခိုင်းထား ရတော့သည်။ 

တောင်တရုတ် ပင်လယ်ပြင် အရေးမှာ ဂျပန်တို့က အမေရိကန် နှင့် ပိုမိုပူးပေါင်း ပါဝင်မည်ဟု ပြောလိုက် ပြီးနောက် ချက်ချင်းပင် တရုတ်တို့က ဂျပန်နိုင်ငံသည် မီးနှင့် ကစားနေခြင်း ဖြစ်ကြောင်း သတိပေး ခဲ့သည်။ တရုတ်ပိုင်နက် ထဲသို့ဝင်ပြီး စစ်ရေးပြမှုနှင့် ကင်းလှည့်မှုများ လုပ်မည်ဆိုပါက ဒီအတိုင်း လက်ပိုက်ကြည့် နေမည် မဟုတ်ဟု တရုတ် ကာကွယ်ရေး ပြောခွင့်ရသူ ရန်ယူဂျန်း က ကြေညာပြီး စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ်မည်ဟု ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။

တရုတ်တို့သည် ကျွန်းတုများ ဆောက်ပြီး စစ်ရေး အခြေစိုက် စခန်းများ တည်ဆောက် နေသော တောင်တရုတ် ပင်လယ်ပြင် သည် နိုင်ငံတကာ ကုန်သွယ်မှု၏ ၅ ထရီလီယံ ကို တာဝန်ယူထား ရသည်။ ထိုအထဲတွင် ဂျပန်တို့၏ လောင်စာဆီနှင့် ပြည်တွင်းသို့ သွင်းသည့် တခြား ကုန်အများစု ကလည်း တောင်တရုတ် ပင်လယ်ပြင်ကို မဖြစ်မနေ ဖြတ်သန်း နေရသည်။ စစ်ရေးအရ သာမက စီးပွားရေးအရ ပါ တရုတ်တို့၏ ခြိမ်းခြောက်မှုကို ခံနေရသော ဂျပန်သည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ နိုင်ငံ၏ မူဝါဒများကို ပြောင်းလဲခဲ့သည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ စစ်ရေးကို အလေးထားသည့် ရည်ရွယ်ချက် များသည် ဂျပန်တွင် တဖြည်းဖြည်း နှင့် အကောင်အထည် ပေါ်လာခဲ့ပြီး ဂျပန်ပြည်သူ တို့က ကန့်ကွက်နေသည့် ကြားမှာပင် ကွန်ဂရက်တွင် မဲခွဲဆုံးဖြတ် မှုများနှင့် အောင်မြင်မှု ရခဲ့သည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်ကို နိုင်ငံတကာ အထိ ဖြန့်ကြက် နိုင်သည့် တပ်မတော် အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အရင်ဆုံး ပြုပြင် ရသည်။ ယခု ဖွဲ့စည်းပုံလည်း ပြင်ဆင်ပြီး သွားပြီ ဖြစ်သောကြောင့် ဂျပန် တပ်မတော် သည် နိုင်ငံရပ်ခြား အထိပင် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင် နိုင်တော့မည် ဖြစ်သည်။

ထို့ပြင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် ဂျပန်တပ်မတော် ၏ စစ်အသုံးစရိတ် များကို တိုးတက်လာသော တရုတ်၏ စစ်အသုံးစရိတ် များနှင့် လိုက်ပါ တိုးမြှင့်သည်။ တရုတ်တို့၏ ကျူးကျော်မှုကို တန်ပြန်တိုက်စစ် ဆင်ရန် ဂျပန်တို့၏ ပြင်ဆင်မှုများ ဖြစ်သည်။ သို့သော် တရုတ်နှင့် ဂျပန်တို့၏ စစ်အသုံးစရိတ်သ ည် သုံးပုံတစ်ပုံ ခန့်ကွာဟ နေသေးသည်။ ထို့ကြောင့် တရုတ်တို့သည် ဂျပန်တို့ကို မကြာခဏ စစ်ရေးအရ ကျူးကျော်မှုများ ပြုလုပ်လေ့ ရှိသည်။ ယခင်က အငြင်းပွား ကျွန်းများသို့ ရောက်ရှိ လာတတ်သော တရုတ်ဂျက် တိုက်လေယာဉ် များသည် ယခုအခါ အတွင်းပိုင်း အထိသို့ပင် ရောက်ရှိလာ သည်။ ၁၉၄ဝ ပြည့်နှစ် ကျော်ကပင် ဂျပန် တို့အပေါ် တရုတ်တို့၏ မကျေနပ်ချက် များကို အစားထိုး နေခြင်း ဖြစ်သည်။

ထိုအချိန်တုန်းက ဂျပန်တို့၏ ပြုသမျှကို တရုတ်တို့ ခံခဲ့ရသည်။ ယခု တရုတ်တို့က ဂျပန်ထက် အင်အားကြီး လာသောအခါ တရုတ်တို့၏ နာကြည်းချက် များသည် အသစ်တစ်ဖန် ပြန်လည် ပေါက်ဖွား လာဟန်တူသည်။ ထို့ကြောင့် တရုတ်တို့က ဂျပန်ဆိုလျှင် ခါးခါးသီးသီး ဖြစ်နေခြင်း ဖြစ်သည်။ ယခုအခါ တရုတ်တို့က ဂျပန်ကို ပြတ်ပြတ် သားသား သတိပေး လာနေပြီ ဖြစ်သည်။ တောင်တရုတ် ပင်လယ်ပြင် ကိစ္စကို ဝင်မပါရန် နှင့် အမေရိကန် နှင့် တောင်တရုတ် ပင်လယ်ပြင်က စစ်ရေးပူးပေါင်း မှုများကို စွန့်လွှတ်ရန် တို့ဖြစ်သည်။ တရုတ်သည် သူ၏ကမ္ဘာ့ ဒုတိယ အင်အားအကြီးဆုံး ဟူသော အာဏာကို အသုံးပြုပြီး နိုင်ငံငယ်လေး များကို သာမက ယခုအခါ စီးပွားရေးနှင့် စစ်ရေးအင်အား ကြီးနိုင်ငံများ ကိုပါ ဖိအားပေး လာနေပြီ ဖြစ်သည်။

ဇွန်လတုန်းက တောင်တရုတ် ပင်လယ်ပြင် ကင်းလှည့်ရေးမှာ ပါဝင်မည်ဟု ဆိုသော အိန္ဒိယသည် တရုတ်တို့၏ ရှုတ်ချမှုကို ခံခဲ့ရပြီး ဝင်မပါရန် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အား သတိပေးခဲ့သည်။ အိန္ဒိယကလည်း ဝင်မပါ၍ မဖြစ်တော့သည့် အခြေအနေကို ရောက်နေသည်။ သူ့ကိုယ်ပိုင် အိန္ဒိယ သမုဒ္ဒရာ လုံခြုံရေး ကိုပင် တရုတ်ကြောင့် နှစ်ဆ ချထားရပြီး အာရှ-ပစိဖိတ် ကိုသိမ်းယူ လိုသည့် တရုတ်၏ ရည်ရွယ်ချက် ကြောင့် ချိန်ခွင်လျှာ ထိန်းညှိရန် လိုအပ်နေသော အချိန် ဖြစ်သည်။

အမေရိကန်က အာရှ-ပစိဖိတ် တွင် သူ၏တပ်များကို ၂ဝ၂ဝ ပြည့်နှစ်၌ အများဆုံး ပို့ထားပြီးသား ဖြစ်မည်ဟု ဆိုသော်လည် အာရှ ချိန်ခွင်လျှာ ထိန်းညှိရေးတွင် တရုတ်ကို ယှဉ်ပြိုင်ရန် နယ်ခံ အိန္ဒိယနှင့် ဂျပန်တို့သည် မရှိမဖြစ် အရေးပါ လာရသည်။ ထို့ကြောင့် အိန္ဒိယကို အမေရိကန်က စီးပွားရေး အကူအညီများ ပေးသည်။ အခြေခံ အဆောက်အအုံပိုင်း ဖွံ့ဖြိုးရန်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး စေရန် နျူကလီးယား ဓာတ်အားပေး စက်ရုံများကို ဘီလီယံနှင့်ချီ အကုန်အကျခံ တည်ဆောက် ပေးမည် ဖြစ်သည်။

ဂျပန်ကလည်း အိန္ဒိယ စီးပွားရေးစနစ် ထဲသို့ အခြေချလာသည်။ ၂ဝ၁၆ ခုနှစ် မတိုင်မီ ကတည်းကပင် တရုတ်ကို အိန္ဒိယက ပစ်ပယ်ချင် နေခဲ့သည်။ တရုတ်တို့၏ စီးပွားရေးသည် အိန္ဒိယ၌ လွှမ်းမိုးမှု များလာ သောကြောင့် ဖြစ်သည်။ ယခုအခါ ထို နေရာများ၌ အမေရိကန်နှင့် ဂျပန်တို့ကို အိန္ဒိယတို့က အစားထိုးလျက် ရှိသည်။ အထူးသဖြင့် စီးပွားရေး ပိုင်းတွင် ဂျပန်သည် အိန္ဒိယ၌ အင်အား အကြီးမားဆုံး နှင့် ဝင်ရောက်နေပြီး တရုတ်တို့၏ နေရာကို ဝင်ယူရန် ကြိုးစားနေသည်။ ထိုသုံးနိုင်ငံ၏ အဆင်ပြေ မှုကြောင့် အာရှ၌ တွဲလုံးသစ် ပေါ်လာပြီဟု ခေါင်းစဉ်တပ် ခဲ့ရသည်။ အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယတို့ကို အာရှ-ပစိဖိတ် ၏ မဟာမိတ်များ ဟူ၍ အမည်ပေး ခဲ့သည်။

ထို့ကြောင့် ယခုအခါ ဂျပန်ကို တရုတ် တို့၏ ခြိမ်းခြောက်မှု လက်တွေ့  အကောင် အထည်ဖော်ခဲ့ ပါက သူ၏ မဟာမိတ်များ ဖြစ်သော အိန္ဒိယနှင့် အမေရိကန် တို့ကို တရုတ်တို့ ထည့်သွင်းစဉ်းစား ရတော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger