www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 3, 2016

ရိဒ်ရေကန်ရှုခင်းသာ အသစ်ကို အောက်တိုဘာလအတွင်း အပြီးသတ် ဆောင်ရွက်မည်



ရိဒ်ခေါဒါရ် ၊ ၃-၁၀-၂၀၁၆

ချင်းပြည်နယ် ဖလမ်းခရိုင်ရှိ အသည်းပုံ သဏ္ဌာန် ရိဒ်ရေကန်ကို ရှုခင်းသာသစ် အဖြစ် အောက်တိုဘာလ အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရိဒ်ခေါဒါရ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပေါင်ဒိတ်တုန်း ထံမှ သိရသည်။

ရိဒ်ရေကန် သည် ပင်လယ် ရေမျက်နှာပြင် အထက် ၂၉၆၆ ပေရှိပြီး ကန်ရေ၏ ပတ်လည်သည် ၂ ဒသမ ၅ မိုင်ခန့်ရှိကာ ကန်ရေ အနက်သည် ပေ ၅ဝ မှ ပေ ၆ဝ ခန့်ရှိသည်။ ရေကန်ရှုခင်း မြေနေရာကို အများပြည်သူများ စိတ်ကျေနပ်မှု ရရှိစေရေးနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးရာတွင် အဆင်ပြေစေရေး တို့အတွက် ဌာနဆိုင်ရာ များနှင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ရှုခင်း မြေနေရာ အသစ်အား ရိဒ်ရှုခင်းသာ အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိဒ်ရေကန် ရှုခင်းသာကို ရိဒ်ဘွန်နဲလ် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပြီး ယခင် တောင်စောင်း ကုန်းမြေကို အမြင့် ၄ ပေခန့်၊ အရှည် ပေ ၄ဝ နှင့် အကျယ် ပေ ၂ဝ ခန့်ဖြင့် မြေပြုပြင်ခြင်း၊ ကျောက်စီခြင်း၊ ကွန်ကရစ် လောင်းခြင်းနှင့် စတီးသံတန်း ကာပြုလုပ်ခြင်း၊ ယာဉ်များ ဝင်ထွက်သွားလာ နိုင်စေရန် လမ်းဖောက် လုပ်ခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရိဒ်ရေကန် ရှုခင်းသာ အသစ် ဆောင်ရွက် ပြီးစီးသွားပါက ရိဒ်ရေကန် သို့ အပန်းဖြေ လေ့လာရေး ခရီးဖြင့် လာရောက်သူများ နှစ်စဉ်နှင့်အမျှ ပိုမိုတိုးတက် လာကာ ပြည်တွင်း သာမက ပြည်ပနိုင်ငံများ ကပါ လာရောက် လည်ပတ်သူ ပိုမိုများပြား လာနိုင်ကြောင်း သိရသည်။

ရိဒ်ရေကန်၏ ထူးခြားချက်မှာ ကန်ပတ်လည် တစ်လျှောက်၌ ဝိညာဉ် ခြံစည်းရိုးပင် နှင့် မိုးမခပင်များ ဝန်းရံထားပြီး ရေချိုးဆိပ် နေရာ ပေ ၂ဝဝ ခန့်တွင် မည်သည့် အပင်မျှ ပေါက်ရောက်ခြင်း မရှိဘဲ သဘာဝအတိုင်း ရေချိုးဆိပ် တစ်နေရာသာ ရှိခြင်း၊ နှစ်စဉ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ကန်ရေမှာ တစ်ပတ်၊ နှစ်ပတ်ခန့် နောက်ကျိ လာတတ်ခြင်းနှင့် ကန်ရေအတွင်းသို့ မည်သည့် စမ်းချောင်းရေမျှ စီးဝင်ခြင်း မရှိဘဲ သဘာဝအတိုင်း ရေကန်ပြည့်နှက် နေခြင်းတို့ ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger