www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 19, 2016

အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ


အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ

ကြည်လွင်မြင့် (မုဒြာ)

ဆောင်းရောက်ပြီ။ ဆောင်းဆိုတာ အေးလွန်းလှသည်။ ချမ်းလှသည်။ အပြင်မှာ မြူနှင်းကျ၊ ရှစ်ခွင်အုံ့မှိုင်း ဆိုင်းနေသော်လည်း ရင်တွင်းမှာကား ပူလှသည်။

တိုင်းရင်းဆေး ပညာ၏ အယူအဆ သဘောများမှာ နက်နဲ၍ ဆန်းကြယ် လှသည်။ ပြင်ပလောက ဗဟိဒ္ဓတွင် အေးချမ်းနေသော အခါ ထိုအအေးဓာတ် ၏ပတ်ဖွဲ့မှု ကြောင့် ခန္ဓာကိုယ် အရေပြားရှိ မွေးညင်းပေါက်များ ကျဉ်းပြီး ကျုံ့သွားသဖြင့် ကိုယ်တွင်းမှ အပူ၊ အခိုးအငွေ့ များ အပြင်သို့ မထွက်နိုင်ဘဲ ပိတ်လှောင်ထား သကဲ့သို့ ဖြစ်ကာ ကိုယ်တွင်း အပူချိန် တက်လာတတ် လေသည်။ ထိုအခါမျိုးတွင် ပါးစပ်ဟလျှင်ပင် အာခံတွင်းမှ အခိုး အငွေ့များ ထွက်သည်ကို မြင်တွေ့ ရနိုင်သည်။

အခိုးအငွေ့ အထွက်နည်းပြီး မွေးညင်းပေါက်များ ပိတ်သဖြင့် အရေပြား ခြောက်သွေ့ပြီး အသားပပ် သည်ဟု အများပြော ကြသည်။ ဝေဒနာ တစ်မျိုးမှာ ကြာဆူးခေါ် ယားဖုများ ထွက်ခြင်းနှင့် အရေပြား ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်း ဖြစ်သည်။ အလှဆီ ခေါ် ပူသည့် အဆီတစ်မျိုး လိမ်း၍ ဆောင်းတွင်း အအေးကိုက်နာ၊ ကွဲအက်ခြင်း များကို ကာကွယ်ကြသည်။ တချို့ကလည်း လေ့ကျင့်ခန်း လုပ်ခြင်း၊ အားကစား လုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းဖြင့် ချွေးထွက်အောင် လုပ်ပြီး အရေပြား အစိုဓာတ် ရအောင် လုပ်ကြသည်။

ခန္ဓာကိုယ်တွင်းမှ အပူများ ချွေးအဖြစ် ပြင်ပသို့ ထွက်သွားလျှင် အတွင်းနှင့်အပြင် (ဗဟိဒ္ဓနှင့် အဇ္ဈတ္တ) အပူအအေး မျှတပြီး နေထိုင်ကောင်း ကျန်းမာကြသည်။ ချွေးမထွက် သောသူများမှာ ကိုယ်အတွင်း အောင်းနေသော အပူများကြောင့် ဆောင်းတွင်း အခါတွင် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ သလိပ်တံတွေး ပျစ်ချွဲခြင်း၊ ဆီးပူခြင်း၊ ဆီးသွားများခြင်း၊ ရင်ပူရေငတ်ခြင်း၊ အာခေါင် ခြောက်ခြင်း၊ နှုတ်ခမ်းကွဲ ခြောက်ခြင်း၊ သွားနှင့်သွားဖုံး တွင် အပူကန်ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပွားခံစား ရလေသည်။

ဥသမ္မာ ခေါ် ကိုယ်စောင့်ဓာတ် မီးကို ခန္ဓာကိုယ်တွင်း မှ အမြဲချိန်ညှိ ပေးရန်အတွက် ချွေးမထွက်လျှင် ဆီးသွားများ သည်မှာ ဓမ္မတာပင် ဖြစ်သည်။ ရောဂါ မဟုတ်ပါ။  အတွင်းတွင် လွန်ကဲသော၊ ပိုသောအပူကို ဆီးမှထုတ်ပစ် ခြင်းကြောင့် ဆီးအပူ သွားလျှင် ခန္ဓာကိုယ် အတွင်းမှ အပူများ ပါသွားသဖြင့် ကိုယ်တွင်းအပူ လွန်ကဲခြင်းကို လျှော့ချနိုင်မည်။ ဆီးထသွား ရလေ့ရှိကြောင်း တွေ့ရှိရသည်။ တချို့လူကြီး (ယောက်ျား) များတွင် ဆီးကျိတ်ကြီး သဖြင့် ဆီးမကြာခဏ သွားရလေ့ရှိရာ ဆောင်းတွင်း ညပိုင်းတွင် ဆီးထသွားရာမှ အအေးပတ်ပြီး လေဖြတ်သူ များလည်း ရှိကြောင်း တွေ့ရသည်။

လေဖြတ်သူ တော်တော် များများမှာ လူကြီးများတွင် နံနက်စောစောထ ဆီးသွားချိန်တွင် ဖြစ်လေ့ ရှိကြောင်း လေ့လာတွေ့ရှိ ရသည်။ နံနက် ဆီးထ သွားရင်း မူးမိုက် လဲကျသဖြင့် အရိုးကျိုးလျှင် ပေါင်ဆုံထိပ်ရိုး နှင့်လက် ကောက်ဝတ် ရိုးများမှာ အကျိုးအများဆုံး ဖြစ်သည်ဟု အရိုးဆရာဝန်ကြီး များ၏ မှတ်တမ်းများ အရ သိရှိရ သည်။ ဆောင်းတွင်းနံနက်စောစောထပြီး ညသိပ်ထား သောရေနှင့် မျက်နှာသစ်လျှင် ပါးရွဲ့ (မျက်နှာတစ်ခြမ်း လေဖြတ်ခြင်း) ဖြစ်တတ်သဖြင့် အေးသောရေဖြင့် မျက်နှာ မသစ်ရန် သတိထား သင့်သည်။ ပါးရွဲ့ရောဂါမှာ မိန်းကလေးများနှင့် အသက်ငယ်ရွယ် သူများတွင် ပို၍ ဖြစ်လေ့ရှိသည်။ ရေနွေး အနည်းငယ် စပ်၍ မျက်နှာသစ်လျှင် အကောင်းဆုံး ဖြစ်သည်။

ထို့ထက်ပို၍ အရေးကြီးသော အရာမှာ လူ၏နှလုံးပင် ဖြစ်သည်။ လူ၏ အသက်ရှင် နေမှုမှာ နှလုံးခုန်နေခြင်း ကြောင့်ပင် ဖြစ်သည်။ မွေးသည်မှ သေသည့် အချိန်အထိ အနားမရသော လူတို့၏အင်္ဂါမှာ နှလုံးပင်ဖြစ်သည်။ နှလုံးမှ ညှစ်ပို့သော သွေးသည် ခန္ဓာကိုယ် အနှံ့အပြား ရောက်ရှိပြီးနောက် ခန္ဓာကိုယ်မှ မသန့်စင်သော သွေးဟောင်း များသည် နှလုံးသို့ တစ်ဖန်ပြန်လည် စီးဝင်လေသည်။ ထိုသွေးဟောင်း သွေးညစ်များကို ပြန်လည် သန့်စင်ရန် အတွက် အဆုတ်သို့ ပို့သည်။ အဆုတ်သည် သွေးကို သန့်စင်သော ကိရိယာဖြစ် သည်။ အဆုတ်မှ ဝင်လေထွက်လေ (အာနာပါန) ဖြင့် သန့်စင်ပြီးနောက် သွေးပြန်ပို့ကာ တစ်ဖန် ခန္ဓာကိုယ် အနှံ့အပြား အရေပြား အထိ ပို့ပေးလေသည်။ ဤသို့ အသက်ရှင် နေသမျှ အဆုတ်နှင့် နှလုံးက စက္ကန့်မလပ် တာဝန်ယူ ဆောင်ရွက်ပေး နေသည်။

အေးချမ်းသော ဆောင်းရာသီ၌ ခန္ဓာကိုယ်တွင် အပူလွန်ကဲသောအခါ ရင်ဘတ်အတွင်း လုံခြုံစွာ နေသော နှလုံးအိမ်မှာလည်း အပူလွန်ကဲ သက်ရောက်မှုကို ခံစားရလေသည်။ ထိုအခါ နှလုံးခုန်မြန် လာလေသည်။ ဆောင်းတွင်း တွင် လူကြီးများကို သွေးပေါင်ချိန် ကြည့်သောအခါ ပုံမှန်ထက် သွေးပေါင်ချိန် ပိုတက် နေလေ့ရှိသည်။ မူလသွေးတိုး အခံရှိသူလူကြီး များမှာ ဆောင်းတွင်းတွင် လည်ကုပ်၊ နဖူး၊ ဦးခေါင်း စသည်တို့ တွင် ချွေးပြန်လေ့ ရှိသည်။ 

ဆောင်းတွင်းကြီး မှာ ချွေးပြန်နေတာ မကောင်းဘူး ဟု လူကြီးများ ပြောလေ့ရှိ ကြသည်။ ဤသည်မှာ သွေးကြောများ ကျဉ်းပြီး အဆီတက် နေသူ၊ နှလုံး သွေးကြောများ ကျဉ်းနေသူ၊ သွေးတိုးနှစ်ကြာ ရှည်စွာ ရှိနေသူများ၏ လက္ခဏာပင် ဖြစ်လေသည်။ လေဖြတ်နိုင်သည့် လက္ခဏာဖြစ်သည်။

နှလုံးရောဂါ ရှိသူများ အထူးသဖြင့် နှလုံး သွေးပတ်ကြော ကျဉ်းသူများ မှာလည်း ဆောင်းတွင်းတွင် ရင်တွင်းမှပူခြင်း၊ နောက်ကျော၊ လည်ကုပ်တွင် ပူပြီး နောက်ကြော တက်ခြင်း၊ အာခေါင် ခြောက်ပြီး မကြာခဏ ရေငတ်ခြင်း ဝေဒနာများကို ခံစားရတတ် လေသည်။ ရေငတ်ခြင်း သည် တချို့တွင် နှလုံးရောဂါ စဝင်လာသည့် ရှေ့ပြေး လက္ခဏာ ဖြစ်နေတတ်သည်။

''ရေငတ်၊ ရင်ပူ၊ မောဟိုက်သူကို ကူညီနိုင်ရေး အချိုပေးလော့'' ''ခြေဆီမထွက် ချွေးခြောက်လျက် နှင့် အက်ကွဲနှုတ်ခမ်း ကြမ်းသည့် အသားပပ်သူ အားလျှင် အချဉ်ပေးလော့'' ဟု ရှေးဆရာကြီးများ ထားခဲ့သည့် ဆိုရိုးလင်္ကာ  အတိုင်း လူကြီးများ ရေငတ်၊ ရင်ပူ၊ မောဟိုက် လက္ခဏာများ ဖြစ်လာလျှင် ချိုသော၊ အေးသောအစာ ဥပမာ- ကမ္ဗလာသီး၊ လိမ္မော်သီး ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီးမှည့်၊ ပင်မှည့်သီး ဖျော်ရည်၊ နာနတ်သီး ဖျော်ရည်၊ ကြံရည်ချိုချို လေးများ တိုက်ကျွေးခြင်း ဖြင့် ရင်ပူ၊ နှလုံးအိမ် ပူခြင်းကို ကာကွယ်ပေး ကြသည်။ ဓာတ်စာဖြင့် ကာကွယ်ခြင်း ဖြစ်သည်။

လူငယ် လူလတ်ပိုင်း များတွင် ဖြစ်လေ့ရှိသော ဆောင်းတွင်းတွင် ခြေဆီ မထွက်ခြင်း၊ နှုတ်ခမ်း ကွဲအက်ခြင်း၊ အသားပပ်ခြင်း များအတွက် ဓာတ်စာမှာ အချဉ်ဖြစ်သည်။ သံပရာ ဖျော်ရည်၊ ရှောက်သီး၊ ရှလပတ်ရည်၊ မန်ကျည်းသီး ဖျော်ရည် စသည်တို့မှာ ဆောင်းနှင့် တည့်သော အစာများ ဖြစ်သည်။

''နွေ-ချို၊ မိုး-ခါး၊ ဆောင်း-ချဉ်စား မှတ်သား အဖြေဓာတ်'' ဟူသော ဆေးစာနှင့်အညီ ဆောင်းတွင် အချဉ်ဓာတ် ပါသော ကင်ပွန်းချဉ်ရွက် ဟင်းချို၊ မန်ကျည်းရွက် ချဉ်ဟင်း၊ ချဉ်ပေါင်ဟင်း၊ မုန်ညင်းချဉ် ဟင်းရည် စသည်များကို ချက်ပေးခြင်းဖြင့် လူကြီးများ အတွက် နှလုံးပူ၊ ရင်ပူ၊ ကျောအောင့် ဝေဒနာများ  သက်သာစေသည့် အပြင် လူငယ် လူလတ်ပိုင်း များအတွက်လည်း အသားပပ်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အာခေါင် ခြောက်ခြင်း၊ သွားနှင့် ခံတွင်း အပူကန်ခြင်း စသော ရောဂါများကိုပါ ကာကွယ် ပေးနိုင်သည်။ 

ဆောင်းတွင်း အခါတွင် နံနက်စောစော လမ်းလျှောက် သင့်သည်။ မန္တလေးမြို့ ကျုံးနံဘေးတွင် ဆောင်းအခါတွင် နွေရာသီထက် ပို၍ လမ်းလျှောက်သူ များသည်။ တချို့မှာ လေ့ကျင့်ခန်း လုပ်ကြသည်။ အုပ်စုဖွဲ့ကာ လေ့ကျင့်ခန်း  လုပ်သူများ၊ တောင်တက် သူများကိုလည်း တွေ့ရသည်။ စက်ဘီးစီး သူများလည်း ရှိသည်။ အနွေးထည် ရောင်စုံအဆန်း များကို ဝတ်ဆင်ထားပြီး လှုပ်ရှား နေသည်ကို ကြည့်ရသည်မှာ မျက်စိပသာဒ ရပြီး အနွေးထည် အလှပြိုင်ပွဲကြီး ကျင်းပနေသည့် သဖွယ် ဖြစ်နေလေသည်။

ဆောင်းတွင်းတွင် အအေးဓာတ် ကြောင့် သွေးကြောများ အတွင်း စီးဆင်းမှု နှေးကွေးသဖြင့် နံနက်စောစော ထ လမ်းလျှောက် ခြင်းဖြင့် သွေးစီးဆင်းမှု ကောင်းစေ နိုင်သည်။ လမ်းမလျှောက် သူများမှာ ခြေသလုံး သွေးကြော၊ သွေးပြန်ကြောကြီး များအတွင်း သွေးစီးဆင်းမှု အားနည်း ခြင်းကြောင့် ညောင်းညာ ကိုက်ခဲသော ဝေဒနာများ၊ ခြေနှစ်ဖက် ထုံကျဉ်သော ဝေဒနာများ ခံစားရနိုင် လေသည်။

တစ်ညလုံး အအေးဓာတ်ကြောင့် စောင်ထူထူ ခြုံပြီး ငြိမ်သက်စွာ အိပ်စက်ခဲ့ခြင်း ကြောင့် တောင့်တင်း အေးခဲနေသော ကြွက်သားများနှင့် အကြောအခြင် များကို ပြေလျှော့ပေး နိုင်ဖို့ နံနက်စောစောထ လမ်းလျှောက် သင့်သည်။ ဆောင်းတွင်းတွင် အနှိပ်၊ အနင်း မခံသင့်ဟု ရှေးလူကြီးများက ပြောကြသည်။ လမ်းလျှောက်ခြင်း ဖြင့်သာ အညောင်းအကိုက်ကို ဖြေဖျောက်သင့်သည်။

''စောစောအိပ်ထ၊ ပြုကျင့်က၊ တွင်းပကိုယ်ခန္ဓာ၊ ရောဂါခပ်သိမ်း ရှောင်ခွာတိမ်း၊ ကင်းငြိမ်း လွန်ချမ်းသာ'' ဟူသော စာဆိုနှင့်အညီ ညဥ့်ဦးပိုင်းတွင် ၉ နာရီထက် နောက်မကျဘဲ အိပ်ရာဝင်လျှင် အကောင်းဆုံး ဖြစ်ပြီး နံနက် အရုဏ်တက်ချိန် ၅ နာရီခွဲခန့် တွင် အိပ်ရာမှထပြီး လမ်းလျှောက်လျှင် ကျန်းမာရေး အတွက် အကောင်းဆုံး ဖြစ်သည်။

ထို့ကြောင့် နွေနှင့် မိုးရာသီများတွင် လမ်းမလျှောက် ခဲ့သူများမှာ ဆောင်းတွင် နံနက်စောစော ထ၍ လမ်းလျှောက် ခြင်းဖြင့် ရောဂါဝေဒနာ အပေါင်းမှ ကာကွယ် နိုင်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page