www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 25, 2016

အိမ်ခြံမြေ၀န်ဆောင်မှု ဆိုင်ရာ ဥပဒေထွက်ပေါ်လာပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများပါ ပိုမိုခိုင်မာလာမည်



ရန်ကုန် ၊ ၂၅-၁၀-၂၀၁၆

အိမ်ခြံမြေ ဝန်ဆောင်မှု ဆိုင်ရာ ဥပဒေ သည် နိုင်ငံတော်နှင့် အများပြည်သူ အတွက် အမှန်တကယ် လိုအပ်လျက် ရှိပြီး ထိုဥပဒေ ထွက်ပေါ်လာ ပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နှင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများပါ ပိုမိုခိုင်မာ အောင်မြင်လာ စေရန် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်းက ကြီးမှူး ကျင်းပခဲ့သော အိမ်ခြံမြေ ဝန်ဆောင်မှု ဆိုင်ရာ ဥပဒေကြမ်း ပြုစုရေး အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်းက မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြံဉာဏ်များ တောင်းခံရန်နှင့် ဝေဖန် အကြံပြုချက် များရရှိရေး လုပ်ဆောင်ရန် စီစဉ်ထားကြောင်း၊ ရရှိလာသည့် အချက်အလက် များကို ဥပဒေနှင့် အထူးလေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ထံ တင်ပြသွားမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ပြီး ဥပဒေ အတည်ဖြစ်ရန် အချိန်အားဖြင့် ကြာမြင့်ဦးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ညီနောင်အသင်းများ ဖြစ်ကြသော ရန်ကုန်တိုင်း ဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်းနှင့် မန္တလေးတိုင်း ဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုး တိုးတက်ရေး အသင်း တို့၌ အသင်းဝင်ပေါင်း ၁ဝဝဝ ကျော် ရှိကြောင်း သိရသည်။

''အိမ်ခြံမြေ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ရေးဆွဲဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းက တင်ထားတဲ့ အဆိုပြုလွှာ တွေမှာ မပြည့်စုံတဲ့ အပြင် အချက်အလက် တွေအများကြီး လိုအပ်နေ ပါသေးတယ်။ အဓိကကတော့ အများနဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် အားလုံးရဲ့ ဝေဖန် အကြံပြုချက် တွေပါဝင်ဖို့ လိုပါတယ်။ ဒီ အိမ်ခြံမြေ ဝန်ဆောင်မှု ဆိုင်ရာ ဥပဒေကြမ်းကို ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အိမ်ခြံမြေ အသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် က ပြောသည်။ 

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger