www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 26, 2016

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အိုက်စလန်တွင် ကမ္ဘာ့အပူဆုံးကျင်းကို တူးလျက်ရှိ



ယေဂျာဗစ် ၊ ၂၆-၁၀-၂၀၁၆

ကမ္ဘာ့မြေအောက်တွင် စီးဆင်းနေသော မီးတောင်ချော်ရည်ပူ များမှ အပူဓာတ်ကို ရယူကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် အိုက်စလန်နိုင်ငံတွင် ကျင်းကြီးတစ်ကျင်းကို တူးလျက်ရှိရာ ကျင်းအတွင်း အပူချိန်မှာ ၁၀၀၀ ဒီဂရီဆဲလ်စီးယပ် အထိ ရှိနိုင်သဖြင့် ကမ္ဘာ့အပူဆုံးကျင်း ဖြစ်လာမည် ဖြစ်ကြောင်း New Scientist သတင်းစာ မျက်နှာတွင် ဖော်ပြထားသည်။ 

အဆိုပါကျင်းကို အိုက်စလန်နိုင်ငံ၏ အနောက်တောင် ထောင့်တွင် တူးလျက်ရှိပြီး အနက်  ၃ ဒသမ ၁ မိုင်အထိ တူးမည် ဖြစ်ကြောင်း၊ ကျင်းအတွင်း အပူချိန်မှာအနည်းဆုံး ၄၀၀ ဒီဂရီ ဆဲလ်စီးယပ်မှ ၁၀၀၀ ဒီဂရီဆဲလ်စီးယပ် အထိရှိမည် ဖြစ်ကြောင်း၊ ယင်းအပူချိန်သည် မီဂါဝပ် ၅၀ ထက်မနည်း ထုတ်လုပ်နိုင်ရန် လုံလောက်ကြောင်း၊ လက်ရှိမြေအောက် အပူထုတ်ပေးလျက် ရှိသော ကျင်းများထက် စွမ်းအင် ထုတ်လုပ်နိုင်မှုနှုန်း ၁၀ ဆ သာသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် မြေအောက် အပူဓာတ်ကို ထုတ်ယူသုံးစွဲ နေသည်မှာ နှစ်အားဖြင့် ဆယ်စုနှစ် ကျော်ကြာခဲ့ပြီ ဖြစ်ကြောင်း၊ ကမ္ဘာ့ မြေအောက်တွင် သဘာဝအတိုင်း ရှိနေသော အပူဓာတ်ကို ထုတ်ယူကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသော တာဘိုင်စက် များကို လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ အိုက်စလန်သည် ပထ၀ီ အနေအထား အရ မြေအောက် ကျောက်ရည်ပူ ပေါများကြောင်း၊ ထို့ ကြောင့်လည်း ရေပူစမ်း အများအပြား ရှိကြောင်း၊ မြေအောက် အပူဓာတ်ကို ထုတ်ယူရန်လည်း အလွန် အဆင်ပြေသော မြေနေရာများ ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ထက်ဝက်ခန့်က မြေအောက် အပူဓာတ်ကို အသုံးပြုကာ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား ကို အသုံးပြုလျက် ရှိကြောင်း သိရသည်။

" မြေအောက် အပူဓာတ်ကို အသုံးပြုရာမှာ တူးနိုင်တဲ့ အနက်အပေါ် မူတည်ပြီး အပူဓာတ် ဘယ်လောက် ရနိုင်သလဲ ဆိုတာရှိပါတယ်။ အဲဒီ အကန့် အသတ် တွေ မရှိအောင်လို့ ကျွန်တော်တို့က ကမ္ဘာမြေအောက် က ကျောက်ရည်ပူ တွေ စုစည်းနေတဲ့ ပင်ရင်းနေရာ အထိ ကျင်းတူးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ ရဲ့  မြေအောက် အပူဓာတ် ဘယ်တော့မှ ကုန်ခမ်းတော့မှာ မဟုတ်ပါဘူး "ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ 

" ဒီကျင်း တူးဖော်မှုကို သြဂုတ်လ ၁၂ ရက်က စတင်ခဲ့ပါတယ်။ နေရာက MidatlanticRidge ဖြစ်ပြီးကမ္ဘာ့ မြေမျက်နှာပြင်ကို ထမ်းထားတဲ့ ကျောက်ပြား ၁၄ ချပ်ထဲက နှစ်ချပ်ဆက်တဲ့ အလယ်ထဲမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ အခြားကျင်းတွေလို ကျောက်သား တွေထဲကနေ အပူကို ထုတ်ယူမှာ မဟုတ်ဘဲ တစ်ကယ်ပဲ အရည်ပျော်နေတဲ့ ကျောက်ရည်ပူ တွေကနေ အပူဓာတ်ကို တိုက်ရိုက် ရရှိမှာဖြစ် ပါတယ် " ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger