www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 15, 2016

မိန်းကလေးတို့ ၀ခြင်းပိန်ခြင်း ဆိုရာဝယ်


မိန်းကလေးတို့ ၀ခြင်းပိန်ခြင်း ဆိုရာဝယ်

ဒေါက်တာ လွင်သန့်

မိန်းကလေးတို့ ဝခြင်းပိန်ခြင်း ဆိုတာ ရှိသင့်တဲ့ ကိုယ်ခန္ဓာ အလေးချိန်ထက် ၁ဝ ရာခိုင်နှုန်း ပိုရင်ဝတယ်။ ၁ဝ ရာခိုင်နှုန်း လျော့ရင် ပိန်တယ်လို့ ဆေးပညာရှင် များက သတ်မှတ်ကြ ပါတယ်။ သာမန် ကိုယ်ခန္ဓာ အချိုးအဆ BMI- Body Muss Index ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်း ရှိရပါမယ်။ BMI ဆိုတာ အလေးချိန် ကီလိုဂရမ်ကို အရပ်အမြင့် မီတာ နှစ်ထပ်ကိန်းနဲ့ စားလို့ရတဲ့ ရလဒ်ဖြစ်လို့ အလေးချိန် လျော့ရင် BMI နည်းပြီး အလေးချိန် များရင် BMI များတယ်။

ဝတိုင်းကောင်းသလား

ဝတိုင်း မကောင်းပါ ဆိုခဲ့တဲ့ BMI ရှိသင့်တာထက် ပိုမိုနေတဲ့ မိန်းကလေးတွေ ကျန်းမာရေးနဲ့ မပြည့်စုံ ပါဘူး။ ဝတဲ့သူဟာ ပိန်တဲ့သူထက် ခန္ဓာကိုယ် မပေါ့ပါးလို့ လျင်မြန်မှု နည်းပြီး သွားလာလုပ်ကိုင်ရ ခက်ခဲတယ်။ မောပန်း လွယ်တယ်။ ဝတဲ့သူရဲ့ သွေးထဲမှာ မကောင်းတဲ့ အဆီများနေပြီး သွေးကြောနံရံ ထူခြင်း၊ သွေးကြောများ ပိတ်ဆို့ခြင်းတို့ ဖြစ်ကာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သည်းခြေမှာ ကျောက်တည်ခြင်း၊ အဝလွန် ရောဂါတို့ ဖြစ်စေပါတယ်။ 

အရေပြားအောက် အဆီလွှာ ပိုထူလို့ အရေပြားမှာ ရောဂါပိုးကြောင့် အနာများ ပိုဖြစ်လွယ်တယ်။ ဝတဲ့သူများက ခွဲစိတ်ကုသ ရာမှာ ခက်ခဲစေသလို မဝချင်သူများ ဝလာရင်လည်း စိတ်ရှုပ်ထွေး ရတတ်တယ်။ ဝခြင်းဟာ ရောဂါတစ်ခု ဖြစ်ပါတယ်။ နောက်ဆက်တွဲ ရောဂါများဖြစ်ဖို့ အလားအလာ များတယ်။ ဝလွန်းရင် ဉာဏ်ထိုင်းမှိုင်း တတ်ပြီး စိတ်ရောဂါလည်း ဖြစ်တတ်တယ်။ ကိုယ်အလေးချိန် ပိုများလို့ နှလုံးကပိုပြီး ပင်ပန်းကြီးစွာ အလုပ်လုပ် ရတာကြောင့် ရောဂါအမျိုးမျိုး အဖြစ်များလို့ သက်တမ်း တိုတတ်ပါတယ်။

တိကျတဲ့ စာရင်းဇယား အရ ရှိသင့်တဲ့ ကိုယ်အလေးချိန် ထက် ၂၅ ပေါင် ပိုပြီးဝနေရင် ယင်းရဲ့ အမှန်အသက်ရှင် နိုင်မယ့် သက်တမ်းထက် ၂၅ ရာခိုင်နှုန်း နည်းပြီး အသက် ရှင်နိုင်ဖွယ် ရှိတယ်။ ဆိုလိုတာက ပုံမှန်အသက် ၈ဝ နေနိုင်မယ့်သူဟာ ဝလွန်းလို့ အသက် ၆ဝ အထိသာ နေနိုင်မယ်ဆိုတယ်။

လိုတာထက် ပိုစားခြင်း၊ ကိုယ်လက် လှုပ်ရှားမှု နည်းခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ဟော်မုန်းဓာတ် ပြောင်းလဲခြင်း၊ တခြားရောဂါ အခံရှိခြင်းတို့ဟာ ဝ စေတဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။ ဝဖြိုးခြင်းဟာ ကျန်းမာခြင်းရဲ့လက္ခဏာတစ်ရပ် မဟုတ်ပါ။ အဝလွန်ခြင်းက ကျန်းမာရေး ချို့တဲ့မှုပဲ ဖြစ်တယ်။ အဝလွန်ခြင်းဟာ နောက်ဆက်တွဲ ရောဂါများ ဝင်ရောက်လာဖို့ လွယ်ကူစေ ပါတယ်။ အဝလွန်ရင် အနေအထိုင် သွားလာလို့ မကောင်းဘဲ ထိုင်ပြီး နေခြင်းက ပိုမို ဝလာစေတယ်။

ပိန်ရင်ရောဂါရှိသလား

ပိန်တိုင်း ရောဂါမရှိတတ်ဘူး ဆိုပေမယ့် ရှိသင့်တဲ့ ကိုယ်အလေးချိန် အချိုးအဆ ၁၈ ဒသမ ၉ ထက် နည်းနေရင် ရောဂါတစ်ခုခု ရှိလို့ ဖြစ်နိုင်ပါတယ်။ အစာအာဟာရ ချို့တဲ့ခြင်း၊ အလွန် ပင်ပင်ပန်းပန်း လုပ်ရခြင်း၊ ခန္ဓာကိုယ်မှာ ရောဂါတစ်ခု စွဲကပ်နေခြင်း၊ စိတ်ဝေဒနာ ရှိခြင်းတို့ဟာ ပိန်စေတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်။ နေ့စဉ် စားသောက်တဲ့ အစားအစာတွေမှာ ကစီဓာတ် ခေါ် ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင် သက်စောင့်ဓာတ်၊ သတ္တုဓာတ်နဲ့ ရေဓာတ်တို့ ပါဝင်တယ်။ ကစီဓာတ်ဟာ လှုပ်ရှားသွားလာ လုပ်ကိုင်နိုင်ဖို့၊ စွမ်းအင် ကယ်လိုရီ ကိုဖြစ်စေဖို့၊ အသားဓာတ်ဟာ ခန္ဓာကိုယ်ကြီးထွား စေဖို့အတွက် ဖြစ်တယ်။ အဆီမှ စွမ်းအင် ကယ်လိုရီ ရနိုင်ပေမယ့် ခန္ဓာကိုယ် ကစီမှရတဲ့ ကယ်လိုရီကို အရင်သုံးပြီး အဆီကို ခန္ဓာကိုယ်မှာ စုဆောင်း သိုမှီးထားတယ်။ စွမ်းအင် ကယ်လိုရီ မလုံလောက်ရင် အဆီမှ ထုတ်ယူ သုံးစွဲရတယ်။

နေ့စဉ်စားသောက် နေတဲ့ အစားအစာမှာ ယင်းဓာတ်များ အချိုးအစားမှန်မှန် ပါဝင်ဖို့ လိုပါတယ်။ တစ်စုံတစ်ရာ ချို့တဲ့နေရင် ခန္ဓာကိုယ် ကြီးထွားမှုနဲ့ လုပ်ငန်းအဝဝ အတွက် အနှောင့်အယှက် ဖြစ်ရတယ်။ အစာအာဟာရ ချို့တဲ့ရင် တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လိုရီကို စားသောက်တဲ့ အာဟာရမှ လုံလုံ လောက်လောက် မရရင် ခန္ဓာကိုယ်ရှိ အဆီများ ထုတ်ယူသုံးစွဲ ရတဲ့အခါ လူရဲ့ ခန္ဓာကိုယ်က ပိန်ပါတယ်။ အစားအသောက် နည်းခြင်း၊ အစာအာဟာရ မျှမျှတတ ကြွယ်ကြွယ်ဝဝ မစားသောက်ခြင်း၊ အူတွင်းရောဂါ တစ်ခုခုကြောင့် သို့မဟုတ် နေ့စဉ် ဝမ်းနုတ်ဆေး စားတဲ့ အကျင့်ရှိခြင်း ကြောင့် အူသိမ်မှာ အစာစုပ်ယူမှု နည်းရင် အာဟာရ ချို့တဲ့ပြီး ပိန်လာလေ့ ရှိပါတယ်။

ခန္ဓာကိုယ်ထဲ အခြေခံဇီဝ ရုပ်ဖြစ်ပျက်မှုနဲ့ လှုပ်ရှားသွားလာ လုပ်ကိုင်နေခြင်း တို့အတွက် နေ့စဉ်စွမ်းအင် ကယ်လိုရီဓာတ် လိုအပ်တယ်။ အလုပ် အလွန်ပင်ပန်း တဲ့အခါ၊ လှုပ်ရှား သွားလာ လုပ်ကိုင်ရမှု အလွန်များတဲ့ အခါ သာမန်နေ့စဉ် စားသောက်တဲ့ အာဟာရနဲ့ တစ်နေ့တာ လိုအပ်သမျှ အင်အားကို မဖြည့်နိုင်ဘဲ ပိန်လာတယ်။ ခန္ဓာကိုယ်မှ အဆီများ ယူသုံးရတာကို အာဟာရဓာတ် နဲ့ ပြန်လည်ဖြည့် မပေးနိုင်ရင် ခန္ဓာကိုယ် ကြီးထွားမှု အတွက် အဟန့်အတား ဖြစ်လာစေ ပါတယ်။ ခန္ဓာကိုယ်တွင်း ရောဂါတစ်ခုခု စွဲကပ်ခြင်းကြောင့် ပိန်တတ်တယ်။ တီဘီ ခေါ် အဆုတ်နာ ရောဂါမှာ အဆုတ် သာမက ခန္ဓာကိုယ် အနှံ့မှာ ရောဂါပျံ့နှံ့ပြီး တစ်သျှူးများ ပျက်စီးလို့ တဖြည်းဖြည်း  ပိန်လာတယ်။ ပန်းနာရင်ကျပ် ရောဂါမှာ အသက် ကောင်းကောင်း မရှူနိုင်လို့ တစ်သျှူးများ တိုးတက် ဖြစ်ထွန်းမှု ထိခိုက်နိုင်တယ်။

ပိန်သူတွေ ဝလာစေဖို့
  • (၁) နံနက်အိပ်ရာထ ရေအဝ သောက်ရမယ်။
  • (၂) နေ့လယ်နေ့ခင်း တစ်နာရီခန့် တစ်ရေး အိပ်ရမယ် သို့မဟုတ် ကိုယ်ရောစိတ်ပါ အနားယူရမယ်။
  • (၃) ညဘက်ကိုလည်း စောစော အိပ်ရမယ်။ အိပ်ရေးဝဝ အိပ်ရမယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရမယ်။
  • (၄) စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ၊ ပူပင်သောကများ ကို မတွေးသင့်ပါ။ စိတ်ထဲမှ ဖယ်ရှားပစ်ရမယ်။
  • (၅) နေ့စဉ် အာဟာရဓာတ် ပြည့်ဝစေမယ့် အစားအစာများ၊ အဆီဓာတ် ကြွယ်တဲ့ နို့နှင့် နို့ထွက်ပစ္စည်းများ စားရမယ်။
  • (၆) အလုပ်ကို ဆောင်ရွက်နိုင် တာထက် ပိုမိုပြီးတရားလွန် ပင်ပင်ပန်းပန်း မလုပ်သင့်ပါ။ နားနားနေနေ လုပ်ရမယ်။
  • (၇) မိမိကိုယ်မှာ ဘာရောဂါမှ မငြိတွယ်သင့်ပါ။ ရောဂါသိရင် ထိထိရောက်ရောက် ကုသသင့်တယ်။ နှစ်စဉ် သန်ချဆေး စားသင့်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး နဲ့ ကျန်းမာရေး ပညာပေးများ ရယူသင့်ပါတယ်။

ဝတဲ့သူပိန်လာစေဖို့
  • (၁) ခန္ဓာကိုယ်မှ အဆီများ လျော့ဖို့ လူတစ်ယောက်ရဲ့ တစ်နေ့တာ အတွက် လိုအပ်မယ့် အာဟာရ ပမာဏထက် လျှော့စားသင့်တယ်။ အဆီဓာတ် ကြွယ်ဝတဲ့ အစားများ လျှော့စားမယ်။ လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် 
  • ထိခိုက်အောင် အစာ လျှော့စားခြင်း၊ ဝမ်းနုတ်ဆေး စားခြင်းများ ရှောင်ကြဉ်သင့် ပါတယ်။
  • (၂) ခန္ဓာကိုယ်ကို နေ့စဉ် အားကစား တစ်မျိုးမျိုး (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) နာရီဝက်မှ တစ်နာရီအတွင်း နေ့စဉ် လုပ်ပေးရမယ်။ ပိုလျှံတဲ့ ကယ်လိုရီတွေကို ချွေးအဖြစ် စွန့်ထုတ်ပစ် စေဖို့ဖြစ်တယ်။
  • (၃) အဝလွန်သူများ အနေဖြင့် မိသားစု ဆရာဝန်နဲ့ ပြသပြီး အဆီချဆေး သောက်သုံးသင့် ပါတယ်။ တချို့ အစားမရှောင်ဘဲ အဆီချဆေး သောက်ရုံနဲ့ မလုံလောက်လို့ အဆီအအိမ့် လျှော့ရမယ်။

ပိန်ခြင်းဝခြင်း အခြေအနေမှန်

ဝဖြိုးခြင်းဟာ ကျန်းမာခြင်းရဲ့ ရောဂါလက္ခဏာ တစ်ရပ် မဟုတ်သလို၊ ပိန်ခြင်း ကလည်း ကျန်းမာရေး ချို့တဲ့တဲ့ လက္ခဏာလို့ မဆိုသာပါ။ အစားအသောက် မပျက်၊ အလုပ်မပင်ပန်း၊ စိတ်သောက မဖြစ်ဘဲ ပိန်နေရင် မိသားစု ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ မပိန်မဝ ခန္ဓာကိုယ် သွင်ပြင်နဲ့ မိမိရဲ့လူမျိုး၊ အသက်အရွယ်၊ အရပ်အမောင်း၊ ယောက်ျား၊ မိန်းမအလိုက် ရှိသင့်ရှိထိုက် တဲ့ ခန္ဓာကိုယ် အလေးချိန် ရှိမယ်ဆိုရင် BMI ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်း ရှိနေရင် အကောင်းဆုံးပဲ ဖြစ်တယ်။

မိန်းကလေးတိုင်း ဝဖြိုးခြင်း နောက်ကွယ်မှ အန္တရာယ်များ သိရှိထားပြီး မိမိတို့ရဲ့ ခန္ဓာကိုယ် ထိန်းသိမ်းဖို့ လိုအပ်သလို ပိန်ပါးတဲ့ မိန်းကလေးတွေ အနေနဲ့ မီးယပ်မှန်၊ မမှန်တာက အစ မိသားစု ဆရာဝန်နဲ့ ပြသတိုင်ပင် သင့်သလို ကျန်းမာရေးနဲ့ လျော်ညီတဲ့ အစားအသောက် နဲ့ နေထိုင် ကျင့်ကြံမှုတို့ လိုအပ်နေမှာပဲ ဖြစ်တယ်။ အဓိကကတော့ စိတ်ချမ်းသာဖို့ လိုအပ်ပြီး အိပ်ရေးဝဝ အိပ်သင့်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger