www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 15, 2016

အမေရိကန်တို့အတွက် အာရှချိန်ခွင်လျှာကို အားနည်းသွားစေမည့် ဖိလစ်ပိုင်တို့၏ တရုတ်အပေါ် အာရုံစူးစိုက်မှု



( ရှိန်းထက် )

ဖိလစ်ပိုင်သမ္မတသစ် အဖြစ် ဒူတာတေ စဖြစ်လာ ကတည်းက ဒေသတွင်း နိုင်ငံရေး အပြောင်းအလဲ များနှင့် စတင်ခဲ့ပြီး ယခုတော့ အာရှ-ပစိဖိတ် ဒေသ၏ ချိန်ခွင်လျှာ ကိုပင် ပြောင်းလဲ နိုင်လောက်အောင် သူ၏ သဘောထားများက တင်းမာ လာခဲ့သည်။

တရုတ်နှင့် တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှုကြောင့် ၂ဝ၁၄ ခုနှစ် ကတည်းက တရုတ်နှင့် ထိပ်တိုက်တွေ့ ခဲ့သော ဖိလစ်ပိုင်သည် စစ်ရေးအရ ဖြေရှင်းရန် မဟာမိတ် အမေရိကန် အားကိုးနှင့် တရုတ်ကို မာမာတင်းတင်း ဆက်ဆံခဲ့သည်။ တောင်တရုတ် ပင်လယ်ပြင်ကို ကင်းလှည့် နေသည့် အမေရိကန်၏ စစ်သင်္ဘော များကိုလည်း ဖိလစ်ပိုင်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများ၌ ရပ်နားခွင့် ပေးခဲ့သည်။ နောက်ဆုံး တောင်တရုတ် ပင်လယ်ပြင် အရေးတွင် ဖိလစ်ပိုင်တို့ နိုင်ငံတကာ တရားရုံးမှ အနိုင်ရပြီး ထိုနေရာများကို တရုတ်တို့ စိုးမိုးထားချိန်တွင် အမေရိကန် တို့က ဖိလစ်ပိုင်ရှေ့မှ ရပ်တည်ပေး ခဲ့ကြသည်။ ပြီးခဲ့သည့်  နှစ်လကျော် သုံးလအထိ ဖိလစ်ပိုင်နှင့် အမေရိကန် တို့သည် သွေးသောက် မဟာမိတ်များ ဖြစ်ခဲ့ကြသည်။ ယခုတော့ သမ္မတသစ် ဒူတာတေ တက်လာပြီးသည့် အချိန်မှစတင်၍ ဖိလစ်ပိုင်နှင့် အမေရိကန် တို့ဆက်ဆံရေး သည် တစ်ဆစ်ချိုး ပြောင်းလဲ သွားခဲ့သည်။

ဒူတာတေ ၏ အသေပစ်သတ်ပြီး အဖြေရှာနေသည့် မူးယစ်ဆေး ပြဿနာကို အမေရိကန် တို့က ပွင့်ပွင့်လင်းလင်း ဝေဖန်ရှုတ်ချ ကြသည်။ နိုင်ငံတကာ ကိုလည်း ဖိလစ်ပိုင် အစိုးရကို ဖိအားများပေးရန် တိုက်တွန်း ခဲ့သည်။ ထို့ကြောင့် ဒူတာတေ သည် အမေရိကန် တို့ကို စပြီး မကြည်မလင် ဖြစ်လာ တော့သည်။ ဒူတာတေက သူ့နိုင်ငံအတွင်း မူးယစ်ဆေး ပြဿနာနှင့် ပတ်သက်လာလျှင် နိုင်ငံတကာ က ပြောနေသည့် လူ့အခွင့်အရေး လည်း ဂရုမစိုက်ဘူး ဟူ၍ ဗြောင်ပင် ဖွင့်ပြောကာ အမေရိကန်သမ္မတ အိုဘားမား ကိုပင် ဆဲဆိုထားသူ ဖြစ်သည်။

ယခု ဖိလစ်ပိုင်သည် အနောက်အုပ်စု ကို မှီခိုသည့် ခေတ်ကုန်ဆုံးကာ အရှေ့ဘက် က တရုတ်ကို မှီခိုသည့် ခေတ်သို့ ပြောင်းလဲချင် နေသည်ဟု ဝေဖန်ခံလာ ရသည်။ တရုတ်နှင့် ရင်းနှီးပွင့်လင်း သည့် ဆက်ဆံရေး များကို သမ္မတ သစ်ဒူတာတေ က လိုလားနေပြီး မကြာသေးမီ ကပင် သူ့နိုင်ငံ၏ စစ်ရေးအတွက် တရုတ်နှင့်ရုရှား တို့ဆီမှ နောက်ဆုံးပေါ် ခေတ်မီ စစ်လက်နက် ပစ္စည်းများကို သွားရောက် လေ့လာရန် ဒူတာတေ ပြောခဲ့ သေးသည်။

တောင်တရုတ် ပင်လယ်ပြင် အရေးကိုလည်း တရုတ်နှင့် အငြင်းပွားမည့် ဆတ်ဆတ်ထိ မခံသည့် ပြဿနာများကို ရှောင်လွှဲနေပြီး တရုတ်နှင့် စစ်ရေးအရ ပင် ဆက်ဆံရေးများ ပြုလုပ်ရန်အထိ ဖိလစ်ပိုင် တို့လိုလားေ နပြီဖြစ်သည်။ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ပြည်သူ့စစ်တမ်း များအရ ဖိလစ်ပိုင် ပြည်သူ ရာခိုင်နှုန်း အများစုသည် နိုင်ငံ အတွင်းရှိ အမေရိကန် စစ်စခန်းများကို ထွက်မသွား စေချင်သေးဘဲ တရုတ်ထက် အမေရိကန်ကို ယုံကြည်မှု ပိုရှိသည်ဟု ပြောခဲ့သည်။

သို့သော် ယခု မူးယစ်ဆေး ကိစ္စကို ကိုင်တွယ်သည့် လမ်းစဉ်မှာ သမ္မတသစ် မှန်သည်ဟု ယူဆသူက များနေသောကြောင့် ဒူတာတေ၏ ပြောစကား များသည် အရာရောက် နေသည်။ ဒူတာတေသည် အမေရိကန်ကို တဖြည်းဖြည်း နှင့် နိုင်ငံပြင်ပသို့ ဆွဲထုတ်ပစ်ချင် နေသည်။ ထို့ပြင် သူ့နိုင်ငံကို ကိုလိုနီအဖြစ် ပြုခဲ့ဖူးသော အမေရိကန် ၏ လောင်းရိပ်ကိုလည်း ဒူတာတေ က ဖျောက်ဖျက်ပစ် ချင်နေသည်။

ဒုတိယကမ္ဘာစစ် ကတည်းက အခြေချခဲ့သော အမေရိကန် တို့သည် ဖိလစ်ပိုင်၌ ၁၉၉ဝ ပြည့်နှစ် အစောပိုင်း ရောက်မှသာ သူ၏ တပ်သား အားလုံးကို ဖိလစ်ပိုင်မှ ဆုတ်ခွာခိုင်း ခဲ့သည်။ ယခုတော့ ခေတ်သစ် အရှေ့နှင့် အနောက်အုပ်စု အင်အား ချိန်ခွင်လျှာလုပွဲ တရုတ်နှင့် အမေရိကန် တို့စတင်မှသာ အမေရိကန်သည် နောက်ပိုင်းတွင် ဖိလစ်ပိုင်သို့ သူ၏ စစ်အင်အား များကို ပြန်လည်ဖြည့်တင်း ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လထဲမှာပင် ဖိလစ်ပိုင်တွင် ပိတ်ထားခဲ့သော သူတို့၏ စစ်အခြေစိုက် စခန်းကို အမေရိကန် တို့ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည်။ တောင်တရုတ် ပင်လယ်ပြင် အရေးကို ဖိလစ်ပိုင်ရှိ သူတို့ စစ်အခြေစိုက် စခန်းများကိုပင် အခြေပြုပြီး ဖြေရှင်းရန် အမေရိကန်တို့ စဉ်းစားခဲ့ ကြသည်။ ဖိလစ်ပိုင်၌ အမေရိကန်တို့၏ စစ်အခြေစိုက် စခန်း ငါးခုအထိ ရှိနေသောကြောင့် ဖြစ်သည်။ တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားကျွန်း အနီးတွင်ရှိသော အမေရိကန် တို့၏ အန်တိုနီ ယိုဘော်တီစတာ လေတပ် အခြေစိုက်စခန်း၊ ဖိလစ်ပိုင်မြို့တော် မနီလာ အနောက်မြောက် ဘက် မိုင် ၄ဝ အကွာက ဘာဆာလေတပ် အခြေစိုက်စခန်း၊ လူဇွန်ကျွန်း ၏ အနောက်ဘက် တွင်ရှိသော ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံး လေတပ် အခြေစိုက်စခန်း ဖော့မတ်ဂ်ဆေးဆေး၊ မင်ဒါနာအိုကျွန်း တောင်ဘက် ကလမ်ဘီယာ လေတပ် အခြေစိုက် စခန်းနှင့် အလယ်ပိုင်း မက်တင်ကျွန်း ပေါ်က မက်တင်ဘင်နီ တိုအီဘူရင် လေတပ် အခြေစိုက် စခန်း တို့ဖြစ်သည်။

ဖိလစ်ပိုင်ရှိ ယင်း စစ်အခြေစိုက် စခန်းငါးခုထဲက အများစုကို အမေရိကန်တို့ မကြာမီ အလုံးအရင်းနှင့် အင်အား ဖြည့်တင်းရန် အထိ စီမံကိန်းများ ချမှတ်ထားပြီး တောင်တရုတ် ပင်လယ်ပြင်ကို အဓိက မဟာဗျူဟာ ကျကျ စစ်ခင်းနိုင်ရန် ဖြစ်သည်။ ထို့ပြင် ဖိလစ်ပိုင်ရှိ အမေရိကန်၏ စစ်အခြေစိုက် စခန်းများ အားလုံးသည် အချက်အချာ ကျသော နေရာများတွင် ရှိနေပြီး ဖိလစ်ပိုင် ကိုလည်း ဝန်းရံပေးထား သကဲ့သို့ ဖြစ်ချင်သည်။ ထို့ကြောင့် အမေရိကန်တို့ အပေါ်တွင် ကာကွယ်ရေး၊ စစ်ရေးတို့နှင့် ပတ်သက်လာလျှင် ဖိလစ်ပိုင်တို့ အလုံးစုံ အလေးထား အားကိုးနေရသည်။ ထိုလောင်းရိပ် ကိုပင် ဒူတာတေ က ဖယ်ရှားပစ်ချင် နေခြင်းဖြစ်သည်။ ယခု အမေရိကန်နှင့် ဖိလစ်ပိုင် ဆက်ဆံရေးသည် တင်းမာမှုဘက် သို့ ဦးတည်နေသည်။ သံတမန် ဆက်ဆံရေးအရ သမ္မတတစ်ယောက် နှင့်တစ်ယောက် တွေ့ဆုံမှုကို ဖျက်ပစ်လိုက်သည့် အခြေအနေ မျိုးသည် ဖိလစ်ပိုင်နှင့် အမေရိကန် သမိုင်းအား အရုပ်ဆိုး စေခဲ့သည်။

လာအို၌ ကျင်းပခဲ့သော အာဆီယံ အစည်းအဝေး မတိုင်မီ ဒူတာတေ အား သတင်းထောက် များက အမေရိကန် သမ္မတအပေါ် မူးယစ်ဆေး ပြဿနာများနှင့် ပတ်သက်၍ မေးလာခဲ့လျှင် မည်သို့ ဖြေမည်နည်း ဟူသည့်အမေးကို ဒူတာတေ က အိုဘားမားကို ဆဲဆိုခဲ့သည့် အတွက် အိုဘားမားက ဒူတာတေနှင့် တွေ့ဆုံပွဲကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ ယင်းကြောင့် အမေရိကန်နှင့် ဖိလစ်ပိုင် ဆက်ဆံရေး သည် ပိုမိုဆိုးရွား လာခဲ့ရသည်။ မကြာမီကပင် အမေရိကန် နှင့် ဖိလစ်ပိုင် တို့၏ ဆက်ဆံရေးကို ရှေ့လျှောက် ပိုမိုဆိုးရွား မလာစေချင်ဘူး ဆိုလျှင် ဖိလစ်ပိုင် ၌ရှိသည့် အမေရိကန် စစ်အခြေစိုက် စခန်းများအားလုံး ကိုပိတ်ပစ်ပြီး အမေရိကန်တို့ အမိမြေအပြန် ခရီးဖွင့်မှ သာလျှင် အဆင်ပြေဆုံး ဖြစ်မည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ဖိလစ်ပိုင်မြေမှ အမေရိကန်ကို ထွက်ခွာစေချင် နေသူဟူ၍ ဒူတာတေအား ဝေဖန်နေခဲ့မှု များသည် ပိုမိုသေချာ သွားခဲ့သည်။ ဖိလစ်ပိုင်ဆိုင်ရာ အမေရိကန် စစ်ဘက် အကြီးအကဲ များကတော့ ဖိလစ်ပိုင်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများနှင့် ပတ်သက်ပြီး တရားဝင် အကြောင်းကြား စာများ ယခုအချိန်ထိ ရောက်မလာ သေးကြောင်း ပြောထားပြီး အကယ်၍ ရောက်လာလျှင် အမေရိကန်၏ အာရှချိန်ခွင်လျှာ သည် အာရှ-ပစိဖိတ် တွင် အားနည်းသွား တော့မည်ဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင် အရေးနှင့် ပတ်သက်လာလျှင် ဖိလစ်ပိုင်ပြီးလျှင် ဂျပန်သာ ရှိသည်။ ဂျပန်ရှိ စစ်အခြေစိုက် စခန်း များနှင့်တော့ တရုတ်၏ အင်အားကို လိုက်မီရန် မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ဖိလစ်ပိုင် မှ အမေရိကန်တို့ ထွက်ခွာသွား ရလျှင် တရုတ်နှင့် အမေရိကန်တို့ အာရှ-ပစိဖိတ် အားပြိုင်မှုသည် တရုတ်ဘက်သို့ အလေးသာ သွားမည် ဖြစ်ကြောင်း တင်ပြလိုက် ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger