www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 13, 2016

အထပ်မြင့် အဆောက်အအုံ ၅၅ လုံး စီမံကိန်း၌ မူလဒီဇိုင်းတွင် ရှိနေသော လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ရန် အသိပေးထား


ရန်ကုန် ၊ ၁၃-၉-၂၀၁၆

ရန်ကုန်မြို့၌ မြေပြင် လုပ်ငန်းသာ စတင်ရသေးသည့် အထပ်မြင့် အဆောက်အအုံ ၅၅ လုံး စီမံကိန်း၌ ရေမြောင်းဒီဇိုင်း များကို ပြောင်းလဲစေခြင်း၊ ထရန်စဖော်မာ နေရာချထားခြင်း နှင့် ကားပါကင် နေရာ အကျယ်အဝန်း တို့ကို စီမံကိန်း ဒီဇိုင်းတွင် ပြန်လည် ပြင်ဆင်ရန် လုပ်ငန်းရှင် များအား ခေါ်ယူ အသိပေး ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ အထပ်မြင့် အဆောက်အအုံ ၅၅ လုံး စီမံကိန်းကို ရန်ကုန်မြို့တော် အင်္ဂါရပ် နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေး ကော်မတီက ဒုတိယအကြိမ်  အချိန်ယူ စစ်ဆေးခဲ့ပြီး ပြင်ဆင်ရန် လိုအပ်ချက်များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြခြင်း ဖြစ်ကာ တချို့ အချက်အလက် များကို ပြန်လည် ပြင်ဆင်ရန် လုပ်ငန်းရှင် များအား ခေါ်ယူတွေ့ ဆုံခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ သိရသည်။

ယခု စီမံကိန်းဒီဇိုင်းများ ပြင်ဆင်ရန် ပြန်လည် ညွှန်ကြားခြင်း ခံရသည့် အထပ်မြင့် အဆောက်အအုံ ၅၅ လုံး စီမံကိန်းသည် ယခင်က မူအားဖြင့် တည်ဆောက်ရန် ခွင့်ပြုချက် ရရှိထားသော အဆောက်အအုံများ ဖြစ်ပြီး မြေပြင်လုပ်ငန်း များ စတင်သည့် အချိန် ဖြစ်သည့်အတွက် အချိန်မီ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ခေါ်ယူတွေ့ဆုံ ရာတွင် ပါဝင်သော ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေး ကော်မတီက ပထမအကြိမ် စစ်ဆေးမှု ဖြစ်သည့် အထပ်မြင့် ၁၂ လုံးတွင် အထပ် လျှော့ရန်နှင့် စီမံကိန်း ဒီဇိုင်း ပြင်ဆင်ရန် ဇူလိုင်လက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ သော်လည်း တစ်လ အကြာတွင် မူလဒီဇိုင်း အတိုင်း တည်ဆောက်ခွင့်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ဖြေလျှော့ ပေးခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger