www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 13, 2016

ကဗျာဝ ကမ်းခြေဟိုတယ် နှင့် ပင်လယ်ကမ်းခြေခရီးသွား လုပ်ငန်းစီမံကိန်း အောက်တိုဘာလတွင် ပြန်လည်စတင်မည်



ရေး ၊ ၁၃-၉-၂၀၁၆

လေးလကြာ ရပ်ဆိုင်းထားသည့် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ကဗျာဝ ကျေးရွာ အနီးရှိ ကဗျာဝ ကမ်းခြေဟိုတယ် နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို အောက်တိုဘာ လတွင် ပြန်လည်စတင် သွားမည် ဖြစ်ကြောင်း စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေသည့် Aurun Company Limited မှ သိရသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၅ ခုနှစ် မတ်လတွင် စတင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်း လုပ်ဆောင်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့က ချပေးသော မြေဧရိယာမှာ ကျဉ်းနေခြင်း၊ ပြည်ပနိုင်ငံ များမှ ရင်းနှီးမြှုပ်နှံမည့် သူများနှင့် ဆွေးနွေးနေခြင်း၊ ဒေသတွင်း အဖွဲ့အစည်း များနှင့် ဆွေးနွေးနေခြင်း တို့ကြောင့် ခေတ္တရပ်ဆိုင်း ထားခြင်းဖြစ်ကာ လာမည့်ပွင့်လင်း ရာသီတွင် စီမံကိန်း လုပ်ငန်းများ ပြန်လည် စတင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းအရ ကဗျာဝ ကမ်းခြေကို နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် မြှင့်တင်ပြီး ကမ်းခြေ၌ စားသောက်ဆိုင်များ၊ ဟိုတယ်ဇုန်များ၊ အပန်းဖြေ စခန်းများ၊ သယံဇာတနှင့် ဘူမိဗေဒ ပြတိုက်၊ Speed Boat များဖြင့် အပန်းဖြေ နိုင်ရန်နှင့် ခရီးသွား ဧည့်သည်များ လေ့လာနိုင်ရန် မွန်စာပေနှင့် ယဉ်ကျေးမှုပြတိုက် တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် ကျေးလက် ကျန်းမာရေး အဆောက်အအုံကို စတင်ဆောက်လုပ် နေပြီး လုပ်ငန်း အခြေအနေမှာ သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီ ဖြစ်သည်။

ကဗျာဝကမ်းခြေ သည် ရေးမြို့နယ် အတွင်း အလှဆုံးကမ်းခြေ တစ်ခုဖြစ်ပြီး ယခင်က လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှု မရှိခြင်းနှင့် လုံခြုံစိတ်ချရမှု မရှိခြင်း တို့ကြောင့် ရေးမြို့နှင့် အလှမ်းမဝေး သော်လည်း သွားရောက် အပန်းဖြေသူ နည်းပါးခဲ့သည်။

ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်း ဖော်ဆောင်ရန် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ က မွန်ပြည်နယ် လွှတ်တော်၌ အဆိုပြုတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မတ်လတွင် စီမံကိန်းကို စတင် အကောင် အထည်ဖော် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger