www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 13, 2016

ပထမဆုံးအကြိမ် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပမည်


ရန်ကုန် ၊ ၁၃-၉-၂၀၁၆

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည့် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ International Business Center(IBC) ၌ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အဆိုပါ ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့ အခမ်းအနားကို မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းနှင့် ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာနက ထောက်ပံ့ ထားသော Business Innovation Facility (BIF) စီမံကိန်းတို့က ပူးပေါင်းစီစဉ် ကျင်းပခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ ပြီးပါက သဘာဝ ဝါးတောများကို အများဆုံး ပိုင်ဆိုင်ထား သော်လည်း ဝါးနှင့် ပတ်သက်၍ နည်းပညာများ နောက်ကျကျန် နေရသည့် အတွက် ယခုထက် နောက်ကျမကျန်ရစ် စေရန် နှိုးဆော်သည့်အ နေဖြင့် ကျင်းပရခြင်း ဖြစ်သည်။

ယင်း အခမ်းအနားတွင် နိုင်ငံခြား ကုမ္ပဏီ များက ဝါးနှင့် သက်ဆိုင်သော စက်ပစ္စည်းများ၊ ဝါးပရိဘောဂများ၊ ဝါးပညာပေး စာအုပ်စာတမ်း များကို ပြသသွားမည် ဖြစ်ပြီး ဝါးစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ဟောပြော ဆွေးနွေးမှုများ၊ ဝါးစက်မှုလက်မှု ကုန်ထုတ် လုပ်ငန်းများ၊ နိုင်ငံတကာ ဈေးကွက်သတင်း များနှင့် သတင်း အချက်အလက် များကို ဖလှယ်ကြမည် ဖြစ်သည်။ နံနက်ပိုင်းတွင် ပြည်ပစာတမ်း နှစ်စောင်နှင့် ပြည်တွင်း စာတမ်းနှစ်စောင် ဖတ်ကြားသွားမည် ဖြစ်ပြီး မွန်းလွဲပိုင်းတွင် စုပေါင်း ဆွေးနွေး ဖလှယ်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။

ကမ္ဘာ့ဝါး ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၇ ဘီလီယံကျော် ဖြစ်ပြီး ဝါးပင်သည် မျှစ်နှင့် ရှလကာရည် တို့ကိုထုတ်ယူ ရရှိသည့် အပြင် ဝါးမီးသွေး၊ ဆောက်လုပ်ရေး သုံးဝါး၊ ဝါးအထပ်သား နှင့် ဝါးအမိုးပြားများ၊
ဝါးကုလားထိုင်၊ ခုတင်နှင့် စားပွဲ ပရိဘောဂများ၊ ရေလုပ်ငန်း သုံးဝါး၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းများ အစရှိသဖြင့် ဝါးရွက်မှ ဝါးမြစ်အထိ ဝါးတစ်ပင်လုံးကို ဘက်စုံသုံးစွဲ နေကြကြောင်း သိရသည်။

ယင်း အခမ်းအနားသို့ ပြည်တွင်းပြည်ပမှ ဝါးပညာရှင်များ၊ ဝါးလုပ်ငန်းရှင် များ၊ ဝါးအကြောင်း အသိပညာ ပေးရေးသား သူများ၊ ဝါးနှင့် ပတ်သက်သော ကွန်ရက်များ၊ ဝါး စိုက်ပျိုး ထုတ်လုပ်သူများ၊ ဝါးထုတ်လုပ် တင်ပို့
သူများနှင့် ဝါးလက်မှု ပညာရှင်များတက် ရောက်ကြမည် ဖြစ်ပြီး ဥရောပ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန် နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ပညာရှင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger