www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 11, 2016

အ၀လွန်ခြင်း နှင့် ကင်ဆာ


အ၀လွန်ခြင်း နှင့် ကင်ဆာ

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

အဝလွန်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ်တွင်း အဆီများနေသော အခြေအနေ တစ်ရပ်ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် ရှေးကပြောဆို ကြသည့် ဝဝလှလှ ပုံပန်းသဏ္ဌာန် ကို ဆိုလိုသည်။ ဤ အဝလွန်ခြင်းနှင့် နှလုံး သွေးကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါနှင့် ဒူးအဆစ်နာ ရောဂါများ ဆက်စပ်ပုံကို အားလုံးသိရှိပြီး ဖြစ်သည်။

အဝလွန်ခြင်းကို တိကျသည့် ကိန်းဂဏန်း အနေနှင့် BMI ဖြင့် တိုင်းတာသည်။ BMI သည် ကိုယ်အလေးချိန်နှင့် အရပ်ကို ထည့်သွင်းတွက်ချက် ထားပြီး အဝလွန်ခြင်း အတိုင်းအတာ ပမာဏကို တွက်ဆခြင်း ဖြစ်သည်။ ပုံမှန် BMI မှာ ၁၉ မှ ၂၄ ဒသမ ၉ ဖြစ်သည်။ ၂၅ မှ ၂၉ ဒသမ ၉ သည် ပေါင်ပိုခြင်း ဖြစ်ပြီး ၃ဝ ကျော်ပါက အဝလွန်ခြင်း ဟု သတ်မှတ်သည်။

၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ် စာရင်းဇယားများ အရ အရွယ်ရောက်ပြီး အဝလွန်သူ သန်း ၆၄ဝ ခန့်ရှိပြီး ကလေးသူငယ် အဝလွန်သူမှာ သန်း ၁၁ဝ ခန့် ရှိသည်။ အရွယ်ရောက်ပြီး အဝလွန်သူဦးရေ ပမာဏသည် ၁၉၇၅ ခုနှစ် စာရင်းဇယားနှင့်ယှဉ်လျှင် ခြောက်ဆခန့် များလာသည်။ ကလေးသူငယ် အဝလွန်သူမှာ ၁၉၈ဝ ပြည့်နှစ်နှင့် ယှဉ်လျှင် နှစ်ဆ တက်လာသည်။

အသက်ကို အခြေပြုပြီး ဝသည့် နှုန်းထားမှာ ယောက်ျားများတွင် ၁၁ ရာခိုင်နှုန်း၊ မိန်းမများတွင် ၁၅ ရာခိုင်နှုန်းနှင့် ကလေးများတွင် ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ် စာရင်းဇယားများ အရ သိရှိရသည်။ ၂၁ ရာစုတွင် ဝသည့် လူဦးရေမှာ ပိန်သည့် လူဦးရေထက် ပိုမိုများပြား လာကြောင်း ကမ္ဘာတစ်ဝန်းလုံး တွင် တွေ့ရှိရသည်။

၂ဝ၁၃ ခုနှစ်တွင် လေးသန်းခွဲသော ကမ္ဘာ့လူဦးရေ သေဆုံးမှုသည် ပေါင်ပိုခြင်းနှင့် အဝလွန်ခြင်း တို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။ အနောက်နိုင်ငံ များမှ သုတေသီများက အဝလွန်ခြင်းနှင့် ကင်ဆာရောဂါ ဆက်စပ်မှု ပြဿနာကို ကင်ဆာ ဖြစ်ပွားသောသူ၏ ၉ ရာခိုင်နှုန်းတွင် တွေ့ရှိခဲ့သည်။

ခန္ဓာကိုယ်တွင်း အဆီပမာဏကြောင့် ကိုယ်အလေးချိန် တက်လာခြင်းသည် အင်နာဂျီ များသော အစားအသောက်ကို စားသုံးခြင်း နှင့် ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်း တို့ကြောင့်ဖြစ်သည်။ ဤသို့ အနေအထိုင်၊ အစားအသောက် ပြောင်းလဲ လာမှုကြောင့် ယနေ့ခေတ်တွင် အဝလွန် ကပ်ရောဂါ ဆိုက်နေပြီဖြစ်သည်။

ကင်ဆာ သုတေသီတို့သည် ၂ဝဝ၂ ခုနှစ် ကတည်းက အဝလွန်ခြင်းကို ကာကွယ်နိုင် ပါက အူမကြီးကင်ဆာ ဖြစ်ခြင်း၊ အစာမျိုပြွန် ကင်ဆာဖြစ်ခြင်း၊ ကျောက်ကပ်ကင်ဆာ ဖြစ်ခြင်း၊ ရင်သားကင်ဆာ ဖြစ်ခြင်း (သွေးဆုံးပြီး) နှင့် သားအိမ်ကင်ဆာ ဖြစ်ခြင်းကို ကာကွယ် နိုင်ကြောင်း သက်သေပြပြီး ဖြစ်သည်။

လတ်တလော ထပ်မံတွေ့ရှိချက် များမှာ အဝ လွန်ခြင်းနှင့် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ သည်းခြေအိတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ မမျိုးဥအိမ် ကင်ဆာ၊ သိုင်းရွိုက်ဂလင်း ကင်ဆာနှင့် သွေးကင်ဆာတစ်မျိုး (မိုင်လိုးမား)၊ ဦးနှောက်ကင်ဆာ များ ဆက်စပ်ကြောင်းကို သုတေသန အမျိုးမျိုးဖြင့် ပြသခဲ့သည်။

ကင်ဆာဖြစ်ရသည့် အကြောင်းရင်း ပေါင်းများစွာ ရှိသည်။ တချို့ကို လက်တွေ့ ပြနိုင်သည်။ ဖြစ်နိုင်သည့် အကြောင်းတရား များမှာ ဗိုင်းရပ်စ်ပိုးများ၊ ညစ်ညမ်း စေသည့် ဓာတ်သတ္တု များနှင့် ဓာတ်ရောင်ခြည် များသည် ကင်ဆာကို ဖြစ်ပွားစေသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ နေထိုင်နေသည့် ကမ္ဘာကြီး တစ်ခုလုံးသည် ကင်ဆာဖြစ်ပွား နိုင်သည့် အရာများနှင့် ပြည့်နှက်နေသည်။ ထို့ပြင် ဆေးလိပ်သောက်ခြင်း နှင့် အဝလွန်ခြင်း သည်လည်း ကင်ဆာကို ဖြစ်ပွား စေနိုင်သည်။

အမျိုးသမီး များတွင်ဖြစ်သည့် ကင်ဆာရောဂါ ၏ ၉ ရာခိုင်နှုန်းသည် အဝလွန်ခြင်း နှင့် ဆက်စပ်နေကြောင်း အနောက်တိုင်း သုတေသီ များက တွေ့ရှိထားသည်။

ပိုလျှံနေသည့် အဆီများသည် ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ ဆဲလ်များကို ရောင်ရမ်းစေသည်။ ထိုရောင်ရမ်း နေသော ဆဲလ်များသည် တချို့သော ဟော်မုန်းများကို ထွက်နှုန်းများ စေပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ဖြစ်စေသည်။ ဤအချက်ကို တချို့သော တိရစ္ဆာ န် များတွင် စမ်းသပ်မှုမှ သိရှိပြီးဖြစ်သည်။

အဝလွန်ခြင်းနှင့် ကင်ဆာ ဆက်စပ်ပုံကို သိရှိပြီဆိုလျှင် ကျွန်ုပ်တို့သည် ကင်ဆာရောဂါ မဖြစ်ပွားအောင် တစ်စုံတစ်ခုသော အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်မည် ဖြစ်သည်။

ကျန်းမာရေး အတွက် သင့်တော်သော အစားအစာ စားသောက်ခြင်း၊ သင့်တင့်သော ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း၊ ဆေးလိပ် မသောက်ခြင်း၊ ကွမ်းမစားခြင်းဖြင့် ကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်ကြ ပါရန် တိုက်တွန်းလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger