www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 11, 2016

စာဖတ်ခြင်းကျေးဇူး



မကျေးဥ

လူ့လောကရှိ လူသားတို့သည် မည်သည့် အမျိုးအနွယ်မှ ဆင်းသက်ပေါက်ဖွား လာကြရစေကာမူ လူတစ်ဦးချင်းစီ အတွက် ပိုင်ဆိုင်ရမည့် အမြတ်ဆုံး ဥစ္စာသည်ကား သီလနှင့် ပညာဖြစ်၏။ သီလနှင့်ပညာကို ရှင်တော်ဘုရားက သီလအား ခြေထောက်နှင့် ဥပမာပြု၍ ပညာအား မျက်စိဖြင့် ဥပမာပြု တော်မူခဲ့သည်။ ခြေထောက်ရှိပြီး မျက်စိနှစ်ကွင်း အလင်းမရသည် ရှိသော် လိုရာမရောက် ခရီးမပေါက်နိုင် သကဲ့သို့ မျက်စိနှစ်ကွင်း အလင်းရ သော်လည်း ခြေထောက်နှစ်ဖက် မသန်စွမ်းခဲ့ ပါမူ လိုရာမရောက် ခရီးမပေါက်ဘဲ ဖြစ်ရ၏။

လူတစ်ဦးချင်း စီတွင်ရှိသော ခြေနှစ်ဖက် မှာလည်း သန်စွမ်း၊ မျက်စိနှစ်ကွင်း မှာလည်း အလင်းရမှသာ လိုရာပန်းတိုင် ရောက်ပေမည်။ မိမိတို့လိုရာ ပန်းတိုင်ခရီးသို့ ရောက်နိုင်ရန် အတွက် ခြေနှစ်ဖက်နှင့် မျက်စိနှစ်ကွင်း ကြံ့ခိုင်သန်စွမ်း နေရမည် ဖြစ်သည့်နည်းတူ လူတစ်ဦးချင်း စီတွင် ခြေနှစ်ဖက်နှင့် တူသော သီလ၊ မျက်စိနှစ်ကွင်း နှင့်တူသော ပညာသည် မယွင်းမပျက် တွဲဖက်ရှင်သန် ရမည် ဖြစ်ပါသည်။

သီလရှိပြီး ပညာမရှိလျှင်၊ ပညာရှိပြီး သီလမရှိလျှင် ပန်းတိုင်မရောက် ခရီးမပေါက်နိုင်။ သီလသည် ပညာကို အမှီသဟဲပြု၍ လည်းကောင်း၊ ပညာသည် သီလကို အမှီသဟဲပြု၍ လည်းကောင်း တည်မှီရ၏။ လူတစ်ဦးချင်း စီတွင် သီလချည်း လုံခြုံနေရုံ မျှဖြင့် အရာရာကို မပြီးမြောက် နိုင်သကဲ့သို့ ပညာချည်း ကျွမ်းကျင် တတ်မြောက် နေရုံမျှဖြင့်လည်း အရာရာကို မပြီးမြောက် နိုင်ဘဲ ရှိချေသည်။ အရာရာကို ပြီးမြောက်လိုပါမူ လူတစ်ဦးချင်းစီ တွင် သီလရော ပညာပါ ယှဉ်တွဲပေါင်းဖက် နေရမည် ဖြစ်ပါသည်။ လူတစ်ဦးချင်း စီတွင် သီလလည်း လုံရပါမည်။ ပညာလည်း စုံရပါမည်။ 

သီလလုံပြီး ပညာစုံရမည် ကို ကျေးဇူးတော်ရှင် မန်လည် ဆရာတော်ကြီး က မဃဒေဝလင်္ကာ တွင်-

''ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏'' ဟူ၍ ရေးဖွဲ့သီကုံး ဆုံးမတော်မူ ခဲ့ပေသည်။ ပညာလည်း ပြည့်စုံ၊ နှလုံးလည်း လှမှသာ အရာရာကို ပြီးမြောက်အောင် ဆောင်ကြဉ်းနိုင်စွမ်း ရှိကြောင်း  ဆုံးမတော်မူ ခဲ့သော လင်္ကာစာသား ဖြစ်ပါသည်။ အမြဲမပြတ် မှတ်သားနာယူ ကျင့်ဆောင် ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ပညာပြည့်ဝပြီး နှလုံးလှသူများ ဖြစ်အောင်စာဖတ်ကြ ရပါမည်။

စာဖတ်သူသည် တိုးတက်မြဲ တိုးတက်နေသည်။ စာမဖတ်သူမှာ တိုးတက်မှု ရပ်နေသည်။ စာဖတ်သူသည် ဖွင့်ထားသော ပြတင်းပေါက်နှင့် တူ၏။ အရာရာကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းဆင်ခြင် တွေ့မြင် နိုင်သည်။ စာမဖတ်သူ မှာကား ပိတ်ထားသော ပြတင်းပေါက် နှင့် တူ၏။

စာဖတ်သူမှာ လိမ္မာ ယဉ်ကျေး၏။ အသိပညာ၊ ဗဟုသုတ ရှိ၏။ အရာရာ စဉ်းစားဆင်ခြင် လုပ်ကိုင်နိုင်၏။ ရှောင်သင့်တာ မှန်သမျှ ရှောင်ရှားနိုင်ပြီး ဆောင်သင့်သည် များကို ဆောင်ထားကာ လူ့လောက လူ့ပတ်ဝန်းကျင် တွင် အမြင်တင့်တယ် ပေသည်။

စာဖတ်သူသည် ပြောတတ်၊ ဆိုတတ်၊ လုပ်ကိုင်တတ်၏။ အေးအေးဆေးဆေး ထိထိမိမိနှင့် အရာရာကို ဆုံးဖြတ်လုပ်ကိုင် နိုင်ပေသည်။ လူချစ်လူခင် ပေါများကာ လူတကာ၏ ကြည်ညို လေးစားမှု ခံရပါသည်။ လူတိုင်းကလည်း အားကိုး ယုံကြည်ကာ မည်သည့်ကိစ္စ မဆို အကြံဉာဏ် တောင်းခြင်းခံ ရတတ်ပါသည်။ စာမဖတ်သူများကား လုံးဝအသိတရားမရှိ ထင်ရာ ပြောဆိုလုပ်ကိုင် တတ်သည်။ လုပ်သင့်၊ မလုပ်သင့် မစဉ်းစား ရှေ့ရေးနောက်ရေး မတွေး အရာရာ မှားပြီးမှ နောင်တများ ရတတ်သည်။ စာမတတ်သူများကို ကန်းနေသော မျက်ကန်းများ ဟူ၍ တင်စားထား ပါသည်။ စာတတ်ပါလျက် စာမဖတ်ဘဲ နေသူများမှာလည်း မည်သည့် အသိဉာဏ် ဗဟုသုတမှ မရှိ၍ စာတတ်ကန်းများ ဟူ၍လည်း ဆိုထားပါသည်။

စာတတ်ပြီး စာဖတ်ပါမှ အကျိုးများ ပေမည်။ စာမတတ်သူများက စာမဖတ်သည်မှာ သဘာဝကျ သော်လည်း စာတတ်ပြီး စာမဖတ်သူ များကား ဆိုးရွားလွန်းလှ ပါသည်။ စာမတတ်၍ စာမဖတ်ဘဲ အမှားများကို လုပ်ဆောင် ပြောဆိုခြင်း ကိုကား နားလည်ခွင့်လွှတ် နိုင်ပါ၏။ စာတတ်ပြီး စာမဖတ်မိ၍ လုပ်ကိုင်ပြောဆို သမျှ အမှားမှား အယွင်းယွင်း ချည်းသာ ဖြစ်နေလျှင်ကား လက်မခံစရာ၊ သဘာဝမကျစရာ ဖြစ်ပါတော့သည်။

စာအုပ်စာပေသည် လူတိုင်းအတွက် အဖိုးတန်ရတနာ တစ်ပါးဖြစ်သည်။ ရှေးခေတ်မြန်မာ တို့က ပေရွက်ပေါ်တွင် ကညစ်ဖြင့် စာကိုရေးသား သီကုံးခဲ့ကြသည်။ ''က'' ကညစ် ပေမှာခြစ် ဟူသော ကျောင်းသုံးအက္ခရာ ဗျည်းကဗျာ စာတွင် ဟိုယခင်က အသုံးပြုခဲ့ဖူးသည်။ ပေရွက်ကို ဆီလူး၍ အသုံးပြုပါက တာရှည်ခံပါသည်။ ဆီမလူးသော ပေဖူးလွှာကို ရှေးခေတ် စစ်သည်များ အသုံးပြုခဲ့ကြ၏။ ပုရပိုက်ကို ကံ့ကူဆံဖြင့် ရေးသားရသည်။ ထို့ကြောင့် မြန်မာစကားတွင် ''ကံ့ကူလက်လှည့်'' စကား ဝေါဟာရ ရှိခဲ့သည်။ ပေပုရပိုက် များတွင် မြန်မာ့ရာဇဝင် သမိုင်း မှတ်တမ်းမော်ကွန်း စသော စာပေများကို စာအုပ်သဖွယ် ရေးသား မှတ်တမ်းတင် ခဲ့ကြသည်။ ထို့ကြောင့် ရှေးမြန်မာ ကြီးများက ''အလိမ္မာစာမှာရှိ'' ဟူ၍ ဆိုခဲ့ကြ လေသည်။ 

သက္ကရာဇ် ၇၆၂ တွင် ဘုရင်မင်းခေါင် နန်းတက်သည်။ ဘုရင်မင်းခေါင် သည် ''စည်းတပစ်'' အမတ်ကြီးကို ခေါ်ယူ၍ ''အဘိုး တိုင်းပြည် အေးချမ်းအောင် ဘယ်လိုကျင့် ရမည်နည်း'' ဟု မေးပါသည်။ ပြည်ကြီး၏အရှင် မြတ်သောမင်းတို့ မည်သည် ပြည့်တံခွန်ကို မလှဲရာ (ရသေ့၊ ရဟန်း၊ ပညာရှိ တို့သည် ပြည့်တံခွန်မည်၏)။ ပြည့်ဦးကင်းကို မနှိမ်ရာ (ပညာရှိ အမတ်ကြီး၊ ဝန်ကြီး၊ ပညာရှိသုခမိန် များသည် ပြည့်ဦးကင်းများ ဖြစ်၏)။ ပြည့်စွယ်ပြည့်သွား ကို မချိုးရာ (မင်းညီမင်းသား တို့သည် ပြည့်စွယ် ပြည့်သွားများ ဖြစ်၏)။ ပြည့်မျက်လုံးကို မဖောက်ရာ (လောကီ၊ လောကုတ်၊ ပညာတတ် ပညာရှိသူ တို့သည် ပြည့်မျက်လုံးများ ဖြစ်၏)။ ပြည့်မျက်နှာကို မဖျက်ရာ(မိဘ၊ လင်သားတို့၏ ကြေးမုံ သဖွယ်ဖြစ်သော သူတို့၏ သားသမီး၊ ဇနီးတို့ကို အနိုင်အထက် မပြုအပ်ဟု ဆိုလိုသည်)။ ပြည့်ခြေပြည့်လက် ကို မဖြတ်ရာ(သူရဲကောင်း တို့သည် ပြည့်ခြေပြည့်လက် များနှင့်တူ၏)။ ပြည့်ဝမ်းကို မဖောက်ရာ (သူဌေးသူကြွယ် တို့သည် ပြည်၏ဝမ်းဖြစ်၏)။ ပြည့်ကျေးဇူးကို မထိန်ရာ(တိုင်းသူပြည်သား တို့သည် တိုင်းပြည်၏ ကျေးဇူးရှင်များဖြစ်၏) စသည့် မင်းတို့ ကျင့်အပ်သော ''အပရိဟာနတရား'' ခုနစ်ပါးကို ရွှေနှလုံးသွင်း တော်မူ၍ မှည့်မှဆွတ်သော ဥယျာဉ်မှူး တို့ကို လည်းကောင်း၊ တရွေ့ရွေ့ ပွားစေတတ်သော ပိုးနကျယ် တို့ကို လည်းကောင်း ပမာပြု၍ ကျင့်တော်မူရာ၏'' ဆိုသော ခမ်းနား ကြီးကျယ်သော အကြံကို ပေးခဲ့သည်။

ထို့ကြောင့် ဘိုးရာဇာဆိုသည့် အမည်နှင့် အဆောင်အယောင် တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ အလွန်တန်ဖိုး ရှိသော စကားများကို ပေးနိုင်သူ စည်းတပစ် အမတ်ကြီးသည် -

''ဘိုးရာဇာဟာလေ xxx တကယ်တော့ လယ်သမားလေး ပါဗျ xxxx သူတကယ် လိုက်စားခဲ့တာက xxxx လုံ့လနှင့် ပညာကိုရှာ xxxx ဘုရင့်ရွှေနားတော်xxxx ပေါက်ကြားရာက မြှောက်စားခံရပါတဲ့ ပညာရှိကြီးပါ xxxx'' ဆိုသည့် သီချင်းအတိုင်း လယ်သမား တစ်ယောက်ဖြစ် သော်လည်း ပညာကို လိုချင်သူဖြစ်၍ တွေ့သည့် နေရာ၌ ပညာကိုရအောင် ရှာဖွေစုဆောင်း တတ်သူဖြစ်ပြီး စာဖတ်ခြင်း၏ ကျေးဇူးကြောင့် ပညာရှိအမတ်ကြီး ဖြစ်လာခဲ့သည်။

သက္ကရာဇ် ၇၃ဝ တွင် မိတ္ထီလာကန် ပေါက်၍ ဘုရင်မင်းကြီးစွာမှ ကန်ကို ဆည်တော်မူ၏။ မြေတူးရာ၌ ရွှေနှင့် သွန်းလုပ်ထားသော ယိုးဒယား လင်းဇင်းမင်း တို့၏ သား၊ သမီးအရုပ်ကို ကမ္ပည်းနှင့် တကွ တွေ့ရ၏။ ဝန်စင်း(ဝန်ဇင်း) ရွာသူကြီးကို မေးတော်မူရာ မသိကြောင်း၊ အသည်သား (မင်းမှုထမ်း မဟုတ်သူ သာမန် အရပ်သား) မောင်ညို ခေါ်သူ တစ်ယောက်သည် ယာထွန်လျှင် ခါးတွင် ပုရပိုက်နှင့် ပညာရှိတို့ကို ချဉ်းကပ် သောကြောင့်အကြားအမြင်နှင့် ပြည့်စုံသည်။ ထိုသူ သိနိုင်လိမ့်မည် ဟု နားတော် လျှောက်၏။ ဝန်စင်း အသည်သားကို မေးတော်မူရာ-

''ကျွန်တော်မျိုး ကြားဖူးပါသည် ဘုရား။ ဘေးလောင်းတော် အလောင်းစည်သူ မင်းကြီး တိုင်းခန်း လှည့်တော်မူစဉ် ထိုသို့သော မင်းတို့ကို သစ္စာခံတော်မူ စေပြီး ခြေတော်ရင်း၌ မြဲစေခဲ့ကြောင်း၊ တစ်ရံရောအခါ အလောင်းစည်သူ မင်းကြီး မိတ္ထီလာကန်ကို ဆည်ခိုက် နောက်တော် တွင်ပါလာသော သား၊ သမီးတို့ ကံတော်ကုန် သောကြောင့် လာလတ္တံသော မင်းတို့ သိစေသောငှာ အရုပ်ကို သေချာစွာ စာတန်းထိုးမြှုပ် ထားတော်မူခြင်း ဖြစ်ကြောင်း'' လျှောက်ထားရာမှ ပညာရှိအဖြစ် နန်းတော်သို့ ခေါ်ယူ မြှောက်စားခံ ရခြင်း ဖြစ်ပါသည်။

''စည်းတပစ်'' ဆိုသည်မှာ ''သန္ဒပဇ္ဇောတ သဒ္ဒါ'' ကို အစွဲပြုခေါ်ဆိုခြင်း ဖြစ်ကြောင်း၊ စန္ဒသဒ္ဒါ-လ၊ ဟော၊ ပဇ္ဇောတသဒ္ဒါ- အလင်းရောင် ကို ဟောသဖြင့် လကဲ့သို့ ထွန်းလင်း တင့်တယ်သော ပညာရှိဟု ဆိုလိုကြောင်း သိရသည်။ (အရှင်သံဝရာ လင်္ကာရ-စည်းတပစ် လျှောက်ထုံး၊ အတွေးအမြင် ၂၃၅)။

ဘိုးရာဇာ ခေါ် မောင်ညို ဆိုသော သာမန် လူငယ်လေးသည် ပညာရှိကြီး ဖြစ်စေရော့၊ ဘုရင့် အချီးအမြှောက် ခံရစေတော့ ဟူသည့် စိတ်နှင့် ကြိုးစားခဲ့ခြင်း မဟုတ်ဘဲ ပညာကိုသာ လိုချင်သိချင်သူ ဖြစ်သည်။ စာပေပုရပိုက် များကို လုံ့လဝီရိယ စိုက်ထုတ်ကာ လေ့လာ မှတ်သား တတ်၍ စာဖတ်ခြင်း ကျေးဇူးကြောင့် အားကိုးထိုက်သော ပညာရှိကြီး ဖြစ်လာခဲ့သည်။ လောက၌ တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်သွားလျှင် သူ့အတွက် နေရာသည် သူ့အလိုလိုဖြစ်လာတတ်၏။ လူရှေ့သူရှေ့ သို့ ထိုက်တန်စွာ ရောက်လာတတ် ပါသည်။

''စာအုပ်စာပေ လူ့မိတ်ဆွေ'' ဟု အဆိုရှိရာ လူတိုင်းသည် စာပေနှင့် မကင်းကွာ သင့်ပေ။ လူတိုင်းသည် စာပေကို လေ့လာလိုက်စား ကြရပါမည်။ မကုန်ဆုံး နိုင်သော အတတ်ပညာရပ် တို့သည် စာအုပ်စာပေ အတွင်း၌ ရှာဖွေတွေ့ရှိ နိုင်ပါသည်။  ကျွန်မတို့ငယ်စဉ် ကလေးဘဝ၌ မိဘများက ဆုံးမပဲ့ပြင်လေ့ ရှိပါသည်။ ပညာသင်ချိန် ကျောင်းစာသင်ခန်း တွင်လည်း ဆရာ၊ ဆရာမများ က ကောင်းသော ဘဝလမ်းကို လျှောက်လှမ်းရန် လမ်းညွှန်ခဲ့ပါသည်။ ဘဝခရီးလမ်းကို ကိုယ်တိုင် လျှောက်လှမ်းချိန်တွင် မိတ်ကောင်းဆွေကောင်း များက အမြဲကူညီ ဖေးမခြင်း မပြုနိုင်ပါ။ ကျွန်မတို့နှင့် မခွဲမခွာအမြဲ ထာဝရ အတူရှိနေရမည့် မိတ်ဆွေကောင်းမှာ စာအုပ်စာပေ များသာ ဖြစ်ပါသဖြင့် စာမတတ်သူများ စာတတ်ကြပါစေ၊ စာတတ်သူများ စာဖတ်ကြပါစေ ဟု ''စာဖတ်ခြင်းကျေးဇူး'' အကြောင်းကို ရေးသားတင်ပြ လိုက်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page