www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 19, 2016

ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ကြပါ



လွမ်းခေါင် (ရူပဗေဒ)

ယနေ့ခေတ် ကာလတွင် နည်းပညာ တိုးတက် မြင့်မားမှုသည် အချိန်နှင့်အမျှ ပြောင်းလဲလျက် ရှိသည်။ လူသားအားလုံး တို့သည် ကမ္ဘာအရပ်ရပ်မှ ဖြစ်ပျက်နေသည် များကို မိနစ်ပိုင်း၊ နာရီပိုင်း အတွင်း သိရှိ လာနိုင်ပြီ ဖြစ်သည်။ 

နည်းပညာများ တိုးတက်ပြောင်းလဲ လာခြင်းနှင့် အတူ မိမိတို့ နိုင်ငံတွင်လည်း အွန်လိုင်း မီဒီယာများ ဖြစ်သည့် Facebook, Viber,Line, Wechat စသည့် လူမှုကွန်ရက် များကို လူကြီး၊ လူလတ်၊ လူငယ်မှအစ ကျောင်းသား လူငယ်များ အဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြု လာကြသည်ကို မြင်တွေ့ ရပေသည်။ သတင်းတစ်ပုဒ် ကို အွန်လိုင်းမီဒီယာ မှ ဖတ်ရှုနိုင်ပြီး အပြန်အလှန် မျှဝေနိုင် ကြသည့် အချိန်အခါလည်း ဖြစ်ပါသည်။

Facebook ဟုခေါ်သော လူမှုကွန်ရက် ကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် လူအသုံး အများဆုံး လူမှုကွန်ရက်ကြီး တစ်ခု ဖြစ်သည်။ ၄င်း လူမှုကွန်ရက်ကြီး ပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ထူးခြားဖြစ်စဉ် များ၊ နည်းပညာ အကြောင်း စသည်တို့ကို အလွယ်တကူ ကိုယ်တိုင်ရှာဖွေ ဖတ်ရှုနိုင်ကြ ပေသည်။ ထိုသို့ ဗဟုသုတ၊ အသိပညာ တိုးပွားနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်သလို ဆိုးကျိုးများစွာ ဖြစ်ပေါ်စေ သည်များလည်း ရှိပေသည်။ လူမှုကွန်ရက်ကြီး ပေါ်တွင် မိမိတို့  ခံစားနေရသည် များကို အခြေခံ၍ တိုင်ပင်ကြ၊ ဆွေးနွေးငြင်းခုံ ကြသည်တို့ မျိုးစုံတွေ့ မြင်နေရသည်။ Facebook ပေါ်တွင် တွေ့နေရသော ရေးသားချက်၊ တင်ပြချက် များသည် မိမိတို့ကြုံတွေ့ နေရသော အခြေအနေ၊ အကြောင်းအရာ ပေါ်မူတည်ကာ အခြေခံ ထားသဖြင့် အကြွင်းမဲ့ မှန်ကန်သော တင်ပြချက်၊ ရေးသားချက်၊ သဘောတရား များဟု အလွယ်တကူ မှတ်ယူ မသင့်ပေ။ 

ခံစားချက် တူသူ အချင်းချင်း တွေ့ဆုံကြသော အခါ မှန်ကန်ကြောင်း အတည်ပြုရန် မှတ်ထား လိုက်ကြပြီး မျက်စိမှိတ် ယုံကြည် လိုက်ကာ မှတ်ချက်ပေး ခြင်း၊ ထပ်ဆင့် ဖြန့်ဝေခြင်းများ ပြုလုပ်လိုက် ကြသည်။ ကောလာဟလ သတင်း စကားများ၊ မှန်းဆရမ်းဆ ထားသည့် သဘောတရား များ၊ အမုန်းစကားများ၊ ရည်ရွယ်ချက် ရှိရှိ ယုတ္တိ တန်အောင် ဖန်တီးထားသည့် သတင်းမှား များ စသည်တို့ကို ရုပ်ပုံများ ပြုပြင်၍ လူမှုကွန်ရက် မှတစ်ဆင့် ဖြန့်ဝေလှုံ့ဆော် နေကြ သည်ကို တွေ့နေကြ ပေသည်။ ထိုလှုံ့ဆော်မှု များကြောင့် သက်ဆိုင်ရာ နယ်ပယ် အသီးသီးသို့ အကျိုး သက်ရောက်မှုများ ရိုက်ခတ်ပြီး ပဋိပက္ခများ ဖြစ်ပေါ် နေသည်မှာလည်း မျက်မြင်ပင် ဖြစ်သည်။

မိမိတို့ အနေဖြင့် အွန်လိုင်း ရေးသားချက် များကို အလွယ်တကူ မျက်စိမှိတ် မယုံသင့်ပေ။ လူမှုကွန်ရက် မီဒီယာများကို သုံးစွဲရာတွင် သုံးစွဲသူများ အကျိုးကျေးဇူး များစွာရရှိ နိုင်သကဲ့သို့ ယုံလွယ်မိ ပါကလည်း အချိန်ကုန်၊ ငွေကုန်သလို လူမှုပတ်ဝန်းကျင် ပါ ထိခိုက်စေ နိုင်သောကြောင့် လေ့လာ စူးစမ်းခြင်း ဖြင့်သာ လိမ်လည်မှုများကို ကျော်ဖြတ် နိုင်ကြမည် ဖြစ်ပေသည်။ ထို လိမ်လည်မှုများ မကြုံကြ စေရန် မိမိတို့၏ အသိဉာဏ်နှင့် ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်မှု ပေါ်တွင် များစွာမူတည် နေပါသည်။

ပုထုဇဉ် လူသားများ အနေဖြင့် မေ့လျော့ တတ်သူများဖြစ်ရာ ''သတိမမူ ဂူမမြင်၊ သတိမူလျှင် မြူတောင်မြင် ရ၏'' ဆိုသည့်အတိုင်း အရာရာကို သတိ အသိဉာဏ်ဖြင့် ဆင်ခြင်ရပေမည်။ အရာရာကို ဆင်ခြင် သုံးသပ်နိုင်ဖို့ အတွက် မိမိတို့၏ ကိုယ်ပိုင်ဉာဏ်ကို သုံးတတ်အောင် လေ့ကျင့်ပေး ရမည် ဖြစ်ပေသည်။ ကိုယ်ပိုင်ဉာဏ်ကို သုံးတတ်အောင် လေ့ကျင့် ပေးခြင်းသည် အမှားနှင့် အမှန်ကို ခွဲခြားချင့်ချိန် နိုင်စေရန် လေ့ကျင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။ 

ကိုယ်ပိုင်ဉာဏ် သုံးသည့် အလေ့အကျင့် မဖွံ့ဖြိုးခဲ့လျှင် မိမိ တို့အတွက် သာမက ပတ်ဝန်းကျင် အတွက်ပါ အန္တရာယ်ကြီး နိုင်ပေသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် လူမှုကွန်ရက် ကြီးမှ ကောလာဟလ များကို မမေ့မလျော့သော သတိ၊ အသိဉာဏ်ဖြင့် ထိန်းချုပ်ပြီး ကိုယ်ပိုင်ဉာဏ် ဖြင့်သာ အရာရာကို ဆင်ခြင်ဆုံးဖြတ် သုံးသပ်ဖို့ လိုအပ်ကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger