ဒေါက်တာ အေးမင်းထူး
ဒီ ၀ိတ်ချနည်းက အနောက်နိုင်ငံ တွေက ခေတ်စားတယ်။ ရှလကာရည် ကို Vinegar လို့ခေါ်တယ်။ အရသာ ချဉ်စူးစူး နဲ့ အနံ့ဆိုးတယ်။ တကယ်က အက်စစ် အပြင်းစား တစ်မျိုးဖြစ်တယ်။ ရှလကာရည် ထဲမှာ Acetic Acid ပါတယ်။ Acetic Acid က ဇီဝဖြစ်ပျက်မှုကို မြန်စေတယ်။ အဆီပိုတွေကို လောင်ကျွမ်းစေတယ်။ သကြားဓာတ် ကိုပါ ထိန်းညှိပေးသလို ၀ိတ်ကျအောင် ကူညီပေးတယ်။ ပုံမှန်အားဖြင့် ရှလကာရည် ထဲမှာ Acetic Acid ၃ ရာခိုင်နှုန်း ကနေ ၉ ရာခိုင်နှုန်း ပါဝင်တယ်။ မီးဖိုချောင်သုံး ရှလကာရည် အဖြူမှာ Acetic Acid ၇ ရာခိုင်နှုန်းထိ ပါတယ်။ အပြင်းစားတွေက ၅ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်း အထိ ပါနိုင်တယ်။
ရှလကာရည်ထဲမှာ အကောင်းဆုံးက ပန်းသီးက ထုတ်တဲ့ Apple Cider Vinegar ( ACV ) ဖြစ်တယ်။ ၀ိတ်ချချင်တယ် ဆိုရင် ပန်းသီး ရှလကာရည် ကိုပဲ သုံးရမယ်။ သုံးတဲ့အခါ Unpasteurized or Raw Vinegar ခေါ်တဲ့ ပြုပြင်သန့်စင် မထားတဲ့ အရည်နောက်တဲ့ ပန်းသီး ရှလကာရည် ပဲ သုံးသင့်တယ်။ Bragg တံဆိပ် ပန်းသီး ရှလကာရည် က အကောင်းဆုံးလို့ ဆိုပါတယ်။
ပန်းသီး ရှလကာရည် မှာ Acetic Acid ၊ ဗီတာမင် နဲ့ သတ္တုဓာတ် တွေအပြင် Citric Acid, Succinic Acid ( Amber Acid) , Malic Acid, Amino Acids စတာတွေ ပါဝင်တယ်။ အထူးသဖြင့် Citric Acid ပဲ။ Citric Acid ကို ချဉ်တဲ့အသီး တွေမှာ တွေ့နိုင်တယ်။ ဗီတာမင်ကြွယ်ဝပြီး ကိုလာဂျင် ထုတ်လုပ်မှုများ စေလို့ ငယ်ရုပ်ဆင် နိုင်တယ်။ အသက်အရွယ် အိုမင်း ရင့်ရော်မှု ၊ အသားအရေ တွန့်ခေါက်မှု ကို ကာကွယ်ပေးတယ်။
ပိုကောင်းတက Citric Acid Cycle (ဒါမှမဟုတ်) TCA Cycle ( Tricarboxylic Acid) ကို သက်ဝင် လှုပ်ရှားစေတယ်။ TCA Cycle ဆိုတာ စွမ်းအင် ထုတ်လုပ်တဲ့ ဖြစ်စဉ်ပါ။ အဆီပိုတွေ ၊ သကြားဓာတ်တွေ ကို မြန်မြန် လောင်ကျွမ်းစေတယ်။ နောက် အာနိသင် တစ်ခုက Lactic Acid စွန့်ထုတ်မှုကို အားပေးတာပါ။ သွေးထဲမှာ Lactic Acid များလာရင် အားယုတ် ၊ နုံးချည့်တာ ဖြစ်မယ်။ ခန္ဓာကိုယ်ထဲမှာ TCA Cycle ဖြစ်စဉ် အသက်ဝင်လာ တာနဲ့ Lactic Acid နည်းပြီး အင်အား ကုန်ခန်းမှု လျော့ပါးလာမယ်။ ဇီဝဖြစ်စဉ် မြန်ပြီး အဆီပို လောင်ကျွမ်းမှု အားကောင်းပြီး အဆီကျ လာမယ်။ ဒါကြောင့် Natural Fat Blocker အဆီမတက်အောင် တားဆီးတဲ့ ဓာတ်တစ်မျိုး လို့ ပြောလို့ ရတယ်။
ဘယ်လို သောက်မလဲ
ပန်းသီး ရှလကာရည် ( Apple Cider Vinegar ) လက်ဖက်ရည်ဇွန်း နှစ်ဇွန်း နေ့စဉ် သောက်ပေးပါ။ သူ့ချည်း မသောက်သင့်ဘဲ ရေတစ်ဖန်ခွက် (200ml) နဲ့ ရောပြီးမှ သောက်ရမယ်။ အစာမစားခင် မနက်ပိုင်းနဲ့ ညပိုင်း သောက်နိုင်ရန် အကောင်းဆုံး ဖြစ်တယ်။ အစာအိမ် ရောဂါရှိရင် အစာစားပြီးမှ သောက်ပါ။ တစ်ရက်ကို ထမင်းစားဇွန်း နှစ်ဇွန်းထက် ပိုမသောက်သင့်ပါ။ တချို့ သွားကြွေလွှာကို မထိခိုက်အောင် ပိုက်နဲ့ စုပ်သောက် ကြတယ်။ သူရဲ့ ချဉ်တဲ့ အရသာမခံနိုင်ရင် ပျားရည် နည်းနည်း ထည့်လို့ရတယ်။ ယေဘုယျ အားဖြင့် ၃ လဆက်တိုက် သောက်ရတယ်။ ပြီးရင် ရက်သတ္တနှစ်ပတ် နားပြီး ပုံမှန်အတိုင်း ပြန်သောက် နိုင်တယ်။
ဘာတွေ သတိထားမလဲ
ကြာရှည် သောက်ရင် အိုင်အိုဒင်းဓာတ် ချို့တဲ့ လာတယ်။ ရေရှည်မှာ ပိုတက်ဆီယမ် ပမာဏ ကျဆင်းလာလို့ အရိုးပွ တတ်တယ်။ အစာအိမ်ရောဂါ အခံရှိသူတွေ လုံးဝ မသောက်သင့်ဘူး။ သွေးဆုံးပြီး အမျိုးသမီးတွေ မသုံးသင့်ပါ။ ကျောက်ကပ် ဟော်မုန်းတစ်မျိုး ဖြစ်တဲ့ Renin ကိုပါ သက်ရောက် စေတယ်။ ရှလကာရည် ရဲ့ အက်စစ်ဓာတ်က ကြွေလွှာ ပျက်စီးနိုင်တယ်။ တစ်ဖက်က အဆီကျနိုင် ပေမယ့် တခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာ သတိပြု ရပါမယ်။
ရှလကာရည် ၀ိတ်ချနည်း က အွန်လိုင်းမှာ ခေတ်စားတယ်။ သောက်ဆေးပုံစံ တောင် လာတယ်။ ဂျပန်နိုင်ငံက လေ့လာမှု တစ်ခုမှာ လေ့ကျင့်ခန်း မလုပ်ဘဲ နေ့စဉ် သောက်သုံးရုံနဲ့ သုံးလအတွင်း ကိုယ်အလေးချိန် လေးပေါင် ကနေ ရှစ်ပေါင် လောက် ကျတယ်လို့ ဆိုတယ်။ ကြွက်တွေမှာ စမ်းတော့ အဆီး ၁၀ ရာခိုင်နှုန်း ထိ ကျသွားတယ်။ ဒါပေမယ့် ဖြတ်ပြီး ရက်သတ္တ လေးပတ်အကြာ ၀ိတ်ပြန်တက် လာနိုင်တယ်။ ဒါပေမယ့် ခက်တာက သိပ္ပံနည်းကျ အချက်အလက်တွေ နည်းနေသေးတာ ဖြစ်တယ်။ ၀ိတ်ကျနိုင် ပေမယ့် သတိပြုရမှာတွေ ရှိတယ်။ အိမ်သုံး ရှလကာရည် အဖြူရဲ့ pH က 2.4 ရှိတာမို့ အက်စစ်ဓာတ် များတယ်။ ဒီတိုင်းသောက်ရင် အစာအိမ်နဲ့ အစာမျိုပြွန် ကို လောင်ကျွမ်း စေနိုင်တယ်။ အစာအိမ်ရောဂါ ရှိသူ လုံးဝ မစမ်းသုံး သင့်ပါ။ ရေရှည်မှာ အရိုးကို ထိခိုက်စေနိုင် ပါတယ်။
ရတနာပုံနေ့စဉ် ၊ စာ(၁၂)
No comments:
Post a Comment