အနာဂတ်မျက်ရည်
( မဒါလေး )
တိတ်ဆိတ်သော ညကိုဖြိုခွဲ၍ ဝင်ရောက်လာသော အမှောင်ထုကို သူတစ်ချက် မြော်ငေးရင်း တစိမ့်စိမ့် တွေးနေမိသည်။ အတွေးကြောင့် ပင် ပတ်ဝန်းကျင် တစ်ခုလုံး ပိုမှောင်သည် ဟု ထင်ရသည်။ သူ၏ ပိတ်လှောင်နေသော အတွင်းစိတ်မှ အတွေးတို့ သည်လည်း မွန်းကျပ် ပြည့်သိပ်လျက် အောက်သိုးသိုး အနံ့များပင် ထွက်နေသည် ဟုပင် ထင်ရသည်။ ဤမြေ၊ ဤရေကို ချစ်စိတ် သူ့တွင် နည်းနည်းမျှ ဆက်မထား နိုင်တော့။ ဤချစ်စိတ်ကို အကြောင်းပြုကာ အဖေသည် တားသည်။ အမေကလည်း တားသည်။ ဆွေမျိုးမောင်နှမ များကလည်း တားကြသည်။ လမိုက်ည မီးမှောင်မှောင် ထဲတွင် ထိုင်နေရသည့် ဘဝမျိုး သူထပ်မလိုချင်။ ကိုတိုး ပြောသော နှစ်ဆယ့်လေး နာရီ မီးလင်းသည့် မြို့ပြများ အကြောင်း၊ ကိုယ်လုပ်လျှင် လုပ်နိုင်သလောက် ရသော ဝင်ငွေနှင့် အဆင့်မြင့်မြင့် နေထိုင်ရသည့် အထပ်မြင့် အခန်းများ အကြောင်းသာ သူ့စိတ်ထဲတွင် စွဲနေသည်။
ကိုတိုးသည် သူတို့ရွာမှ အခြားနိုင်ငံ တစ်ခုသို့ အလုပ်သွား လုပ်သော ပထမဆုံးစွန့်စားသူ တစ်ဦးဖြစ်၍ တစ်ရွာလုံးက ကိုတိုးကို ချီးကျူး နေကြသည်။ ကိုတိုး အလုပ်သွား လုပ်ပြီး တစ်နှစ်၊ နှစ်နှစ်အတွင်း ကိုတိုး တို့ မိသားစုသည် သိသိသာသာ အဆင်ပြေ လာသည်။ ကျွဲများ၊ နွားများနှင့် အားကုန်ရုန်း ရသောအဆင့်မှ လယ်ထွန်စက်များ ဝယ်လာနိုင်သည်။ ကိုယ့်လယ် ကိုယ့်ယာ အတွက်သာမက အချိန်ပိုလျှင် သူများလယ် အတွက်ပါ အငှားလိုက် သဖြင့် ဝင်ငွေမှာ ပိုမိုတိုး၍ သာနေသည်။ ကိုယ့်မျက်စိရှေ့ တွင်မြင်နေရ၍ မောင်မောင် စိတ်ထဲတွင် ကိုတိုး ပြန်လျှင် လိုက်သွားချင်စိတ် များက တစ်စတစ်စ ပိုကဲလာသည်။ ကိုတိုး ကလည်း ဟိုမှာ အလုပ် မရွေးလျှင် အလုပ်ပေါ သည်။ သူဌေးကောင်း လျှင်လည်း အဆင်ပြေသည်။ လုပ်နိုင်လျှင် လုပ်နိုင် သလောက် ပင်ပန်းရကျိုးနပ် သည်ဟု ပြောထားသည်။
နောက် တစ်ပတ်လောက် ဆိုလျှင် ကိုတိုး ပြန်တော့မည်။ သိပ်မကျန် တော့သည့် အချိန်တွင် ကိုတိုး နောက်လိုက်နိုင်ရန် မိဘများကို မောင်မောင် ပူဆာရသည်။ ငွေကြေးပမာဏ အရ မများလှ သော်လည်း ထိုမများလှသော ငွေကြေး အနည်းငယ် ကိုပင် ရှာရန် ခက်ခဲနေသော တောင်သူမိဘများ ဘဝကိုလည်း သနားမိပြန်သည်။ မပြောလျှင်လည်း မိမိဆန္ဒ ပြည့်ဝမည် မဟုတ်သဖြင့် ပြောကို ပြောရပေဦးမည် ဖြစ်သည်။ မကြာခဏ ပြော၍ မိဘများသည် စိတ်ညစ် လာသည် ထင်သည်။ မောင်မောင် ကိုပင် တစ်ဦးပြီးတစ်ဦး ဝိုင်း၍ နားချနေကြသည်။
မောင်မောင် ကလည်း မည်သူ့ပြောစကားမျှ နားမဝင် တောင့်ခံနေသည်။ မောင်မောင် ၏ အဖေက နိုင်ငံခြားသို့ လိုက်မသွား သေးဘဲ မိမိတို့ရွာနှင့် မနီးမဝေးမြို့ကြီး များသို့သာ ရှေးဦးစွာ သွားရောက် လုပ်ကိုင်ရန် ပြောလာသည်။ မောင်မောင် စိတ်ထဲတွင် နိုင်ငံခြားမှ နိုင်ငံခြားပင် ဖြစ်နေသည်။ နိုင်ငံခြားမှ မသွားရလျှင် ရွာတွင်ပဲ ကျွဲကျောင်း၊ နွားကျောင်း နေတော့မည်။ ကိုယ့်နွား ကိုယ်ကျောင်း သဖြင့် ဘာမှ ပူစရာမလို။ သို့ပေမယ့် သွားချင်စိတ်ကို တားမရသဖြင့် မောင်မောင် တစ်ဦးထဲ အမှောင်ထဲ ထိုင်ကာ စိတ်ဆိုးနေခြင်း ဖြစ်သည်။
''မောင်မောင်ရေ မောင်မောင်'' '' သားရေ မောင်မောင် ဘယ်ရောက် နေလဲ'' အမေ၏ တစာစာအော်သံ များကို မျက်နှာလွှဲလျက် ရေကန် အနီးတွင်သာ ငုတ်တုတ်ထိုင် နေမိသည်။ မောင်မောင် ၏ စိတ်ထဲတွင် ပုံရိပ်ပေါ် နေသော အနာဂတ် သူ့မိသားစုသ ည် တိုက်နှင့် ကားနှင့် စားနိုင် သောက်နိုင်သော မိသားစုတစ်စု ဖြစ်နေသည်။ အမေ ခေါ်နေသည်ကို ကြားသော်လည်း မောင်မောင် ထူးရန် ပါးစပ်မဟနိုင် ဖြစ်နေသည်။ သူ့စိတ်ကူးနှင့် သူ နစ်မျောရင်း မည်သူနှင့်မှ စကား အခြေအတင် မပြောလိုပါ။ ''သားရေ မောင်မောင် ဘယ်မှာလဲ သားအဖေက လိုက်ခွင့်ပြုမယ် တဲ့။ အိမ်က ငပြာကြီးကို ရောင်းလိုက်ရင် လိုက်ဖို့ စီစဉ်စရာ အတွက် လုံလောက်တယ် ဆိုတယ်။
ဟိုဘက်ထိ ရောက်ဖို့တော့ မောင်တိုးတို့ အိမ်ကနေ ချေးပေးမယ်လို့ ပြောတယ်'' မောင်မောင်သည် မိခင် စကားကြောင့် နားကို မိုးကြိုးပစ်လိုက် သကဲ့သို့ ခံစားလိုက်ရသည်။ ရင်များ တလှပ်လှပ် ခုန်ကာ လူက ကတုန်ကယင်ဖြစ်လာသည်။ အမေ့ကို ပြေးဖက်လိုက်သည်။ ရုတ်တရက် လန့်သွားသော အမေပင် အပျော်များ ကူးစက်ကုန်သည်။
နံနက်ကတည်းက မြောက်ကြွ မြောက်ကြွ ဖြစ်နေသော မောင်မောင် ကို ကြည့်ကာ အဖေနှင့်အမေ သည် ဝမ်းသာဝမ်းနည်း ဖြစ်နေကြသည်။ မောင်နှမ များက မျက်စိနောက် နေကြသည်။ ကိုတိုးနှင့် လိုက်ရန် လိုအပ်သည်များရန်ကုန်သို့ သွားလုပ်ရမည်။ နဂိုထက် လူရည်ပိုလည်သော ကိုတိုး ကိုကြည့်ကာ အားကျစိတ်များ ပိုဖြစ်မိသည်။ ကိုတိုးနောက် ကုပ်ချောင်းချောင်း လိုက်ရင်း ပူပန်စိတ် များကို လျှော့ချနိုင်ရန် ဟိုကြည့် သည်ကြည့် ကြည့်နေမိသည်။ မြို့ပြ၏ အထပ်မြင့် တိုက်များကို ကြည့်ရင်း ''ကိုတိုး နိုင်ငံခြားမှာ အလုပ်လုပ်တာ ဆယ်နှစ်လောက် ရှိတော့မယ်။ အိမ်တွေဘာတွေ မဝယ်နိုင် ဘူးလား'' မောင်မောင့် အမေးကို ကိုတိုး က အံ့သြသလို ကြည့်ကာ ''ငါ့ကောင်ရ နိုင်ငံခြားမှာ အိမ်ဝယ်တယ် ဆိုတာ ရွာမှာ လယ်လုပ် သလောက် မလွယ်ဘူးကွ။ ပိုက်ဆံရှိတိုင်းလဲ ဝယ်လို့မရဘူး။ ဝယ်ခွင့်လဲ မရှိဘူး'' မောင်မောင် ခေါင်းခဲရပြန်ပြီ။ ပိုက်ဆံရှိ လျှင်လည်း ဝယ်၍မရဘူး ဆိုသောကြောင့် တွေးမရ ဖြစ်နေသည်။ သူ့စိတ်ကူးများနှင့် အတော်လွဲ နေပါ့လား။ ''မင်းဝယ်ချင်တယ် ဆိုရင်တောင် အဲဒီက သူဌေးက ထောက်ခံပေးမှ ရတာကွ။ ဒါတောင် ကိုယ့်နာမည်နဲ့ ဝယ်ခွင့် မရှိဘူး။ တချို့ကုမ္ပဏီ နာမည်ခံနဲ့ ဝယ်တဲ့သူတွေ ရှိတယ်။ တစ်ခုခု အကြောင်းပေါ်ရင် ကိုယ်တိုင်လဲ ဖြေရှင်းလို့ မရဘူး။ သူတို့လူမျိုးက တကယ်တော့ ဘယ်သူ့မှ မရောင်းဘူးကွ။ အိမ်ငှားခ နဲ့တင် ချမ်းသာနေကြတဲ့ သူတွေအများကြီး၊ ဘယ်သူမှ တခြား နိုင်ငံသားကို မရောင်းကြဘူး''။ မောင်မောင် တို့ရွာတွင် မည်သူဝယ်ဝယ် ပိုက်ဆံရပြီးရော ကိုယ့် လယ်ယာကို ဖဲ့ဖဲ့ရောင်း နေကြသည်။ အချို့ဆို ကိုယ်ပိုင်ခဲ့သည့် မြေကို သူများထံမှ ပြန်ငှားလုပ် နေရသည့်ဘဝ။
''ဒါနဲ့ကိုတိုး အခု အဲဒီမှာလစာ ဘယ်လောက် ရမှာလဲ။ ဘာလုပ်ရမှာ လဲ'' မောင်မောင် အမေးအတွက် အဖြေကို ကိုတိုးသည် အနည်းငယ် စဉ်းစားနေပုံ ရသည်။ ပြီးမှ ကိုတိုးက'' မင်းအလုပ် မရွေးရင် တစ်လကို ငွေကျပ် သုံးလေးသိန်း ရမယ်။ ပိုလုပ်နိုင်ရင် ပိုရမယ်။ အလုပ်ကတော့ သူများနိုင်ငံက လူတွေ မလုပ်ချင်တဲ့ အလုပ် အကုန်လုပ်ရမယ်။ ငါတို့က ပညာရှင်အနေနဲ့ သွားမှာမှ မဟုတ်တာ။ ဒါပေမဲ့ ရွာမှာ လယ်လုပ်၊ ဖရဲစိုက် တာထက်တော့ သာပါတယ်ကွ'' ဟု ကိုတိုး ပြောမှပင် စိတ်ထဲမွန်းကျပ် လာသည်။
မောင်မောင် တစ်ယောက် ကျောင်းတစ်ဝက် တစ်ပျက်နှင့် အိမ်အလုပ် ကူသလိုလို၊ ပွဲစားလုပ် သလိုလိုနှင့် ရွာတွင် လေလွင့် နေသည်မှာ ကြာပြီ။ အိမ်ကလယ်စိုက်၊ ဖရဲစိုက်သဖြင့် တင့်တင့် တယ်တယ် နေနိုင်ချိန်၌ မောင်မောင် သည် ရွာတွင် ဝေလေလေ ဖြစ်နေသည်။ အခုသူများဆီမှာ သူများ မလုပ်ချင်သည့် အလုပ် အကုန်လုပ်မှ ငွေကျပ် သုံး၊ လေးသိန်း ရမည်ဆို၍ ခေါင်းအတော် နောက်သွားသည်။ ကိုယ်ဒေသ တွင်လည်း လက်ကြော တင်းတင်းနှင့် အားစိုက်လုပ်လျှင် ငွေကျပ်သုံး၊ လေးသိန်းရသည်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသော်လည်း သူများဆီမှာ ဤမျှလောက် လုပ်အားခနှင့် မလုပ်ချင်ပါ။ ကိုတိုး ပြောစကား အရဆိုလျှင် နေရသည်မှာ ကွာသည် ဆိုသောစကားကို မောင်မောင် လက်မခံလိုပါ။ ငပြာကြီးကို ရောင်းရန် စိတ်မကောင်း ဖြစ်နေသော အမေ့မျက်နှာကို တစ်လှည့်၊ လည်ပင်းမှ ဆွဲကြိုးလေး ဖြုတ်ပေး လိုက်ရသဖြင့် ငိုမဲ့မဲ့ဖြစ် နေသောညီမ ဖြစ်သူကို တစ်လှည့် မြင်ယောင်ရင်း မောင်မောင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ ''ကိုတိုး ကျွန်တော် မလိုက် တော့ဘူးဗျာ။ ပြန်တော့မယ်၊ ကျွန်တော့်ကြောင့် အနာဂတ်မှာ ကျွန်တော့် မိသားစု ကျမယ့် မျက်ရည်တွေ မမြင်ရခင် ကျွန်တော် ပြန်တော့မယ်''။ ကိုတိုး တစ်ယောက် ဘာမှမပြောနိုင်ဘဲ ငြိမ်၍ရပ်ရင်း ကျန်ရစ်ခဲ့သည်။
ရတနာပုံနေ့စဉ် ၊ စာ(၂၃)
No comments:
Post a Comment