www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 1, 2016

တောင်တရုတ်ပင်လယ်ပြင် မှ တရုတ်၏ လျှို့ဝှက်လက်နက်



( ရှိန်းထက် )

တောင်တရုတ် ပင်လယ်ပြင် အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ချက် ချမှတ်လိုက်လျှင် ပြဿနာပြေလည် သွားလိမ့်မည် ဟု အများစုက မျှော်မှန်းထားခဲ့ ကြသော်လည်း ထိုသို့ မဟုတ်ခဲ့ပေ။ နိုင်ငံတကာ ခုံရုံး၏ ဆုံးဖြတ်ချက် ချမှတ်ပြီးမှ ပြဿနာက ပိုမိုဆိုးရွား လာခဲ့သည်။

တရားရုံး၏အမိန့်ကို ဖီဆန်ကြောင်း ပြသသည့် အနေဖြင့် တရုတ်က အငြင်းပွား ရေပိုင်နက်၌ ရုရှားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် စီစဉ်ခဲ့သည်။ ယခုအခါ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံ အထိပါ တောင်တရုတ် ပင်လယ်ပြင် ဂယက်ရိုက်ခတ် လာခဲ့လေသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် တရုတ်ကြောင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံ တို့ရှိ ကွန်ရက်များ ထိန်းချုပ်မရ ဖြစ်ခဲ့ပြီး အစီအစဉ် များလည်း ကမောက်ကမ ဖြစ်ခဲ့ရသည်။ ဇူလိုင် ၂၉ ရက်က ဗီယက်နမ်နိုင်ငံ ၏ အဓိကကျသည့် လေဆိပ်နှစ်ခု စလုံး တရုတ် ဟက်ကာများ၏ တိုက်ခိုက်ခြင်းခံ ခဲ့ရပြီး နာရီပေါင်းများစွာ ကြာသည်အထိ ပြန်လည် အသက်သွင်းရန် ကြိုးစားခဲ့ ရသည်။ လေဆိပ်၏ တီဗွီဖန်သားပြင် နှင့် အသံပိုင်းစနစ် များကို အဓိကထား တိုက်ခိုက်၍ တောင်တရုတ် ပင်လယ်ပြင်ကို တရုတ်တို့ ပိုင်ဆိုင်သည် ဟူသော အသံများဖြင့် အစားထိုး ခဲ့သည်။ ထို့ကြောင့် လေယာဉ် ခရီးစဉ်များ အားလုံး ထိန်းချုပ်မရ ဖြစ်သွားခဲ့ပြီး ကွန်ရက် ပျက်နေသော နေရာ၌ လူအင်အား သုံးဆခန့် အသုံးပြုကာ လေကြောင်း ခရီးစဉ်များကို ပျံသန်းစေခဲ့ ရသည်။ ထို့အတူ ဖိလစ်ပိုင် နိုင်ငံ၌လည်း ဇူလိုင်၂၂ ရက်က နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ကဲ့သို့ လုံခြုံရေး တင်းကျပ်သည့် နေရာများကို အဓိက ပစ်မှတ်ထား၍ အစိုးရ၏ အဓိက အားအထားရဆုံး ဝက်ဘ်ဆိုက် ၆ဝ ကျော် တိုက်ခိုက်ခံခဲ့ ရသည်။

၂ဝ၁၄ ခုနှစ် တောင်တရုတ် ပင်လယ်ပြင် အရေးကို ဖိလစ်ပိုင်က နိုင်ငံတကာ ခုံရုံးသို့ တင်လိုက်ခြင်း နှင့်အတူ ဗီယက်နမ် နိုင်ငံ၌ တရုတ် ဆန့်ကျင်ရေး မြင့်တက်ခဲ့ပြီး စစ်အသုံးစရိတ် တိုးမြှင့်လိုက်သည့် နောက်ပိုင်းတွင် တရုတ်အစိုးရ အတွက် ဆိုက်ဘာ တိုက်ခိုက်ရေး အဓိက ပစ်မှတ်များ ဖြစ်လာခဲ့သည် ဟု နိုင်ငံရေး လေ့လာသူများ က ပြောသည်။ ယခုလည်း တရုတ်တို့သည် ဆိုက်ဘာ နည်းပညာကို လက်နက်တစ်ခု အနေဖြင့် အရှိန်မြှင့် အသုံးပြု လာနိုင်သေးသည့် ပုံစံများကို တွေ့ရှိ လာရသည်။

တရုတ်၏ နိုင်ငံခြားရေး မူဝါဒ အများစုသည် ဟက်ကာများ အပေါ် အနည်းနှင့် အများ မှီခိုနေရသည့် ပုံစံဖြစ်နေသည်။ ရုရှားသမ္မတ ပူတင် ကိုယ်တိုင်သည် ပင် နိုင်ငံခြားရေး မူဝါဒကို စစ်တပ်အပေါ် အခြေခံ တည်ဆောက်သည်။ တရုတ်ကတော့ နိုင်ငံခြားရေး မူဝါဒကို စစ်တပ် အပေါ်တွင် အခြေခံသည် သာမက ဆိုက်ဘာ နည်းပညာကိုပါ အသားပေး ထားသည်။ အမေရိကန် တို့၏ နည်းပညာရရှိ နိုင်ရေးအတွက် တရုတ်သည် မည်သည့် အရာကိုမျှ ပြုလုပ်ရန် ဝန်မလေး တော့သည့် အခြေအနေထိ ရောက်ခဲ့သည်။

ထို ဟက်ကာသမား များသည် လျှို့ဝှက် အေးဂျင့်များ အနေဖြင့် တရုတ်အစိုးရ အတွက် တာဝန်ထမ်းဆောင် ရသည်။ ဆိုက်ဘာ ပညာရှင်များ အနေဖြင့်လည်း တာဝန် ထမ်းဆောင်ရသည်။ အမေရိကန်နှင့် အနီးကပ်ဆုံး နိုင်ငံများ၌ တရုတ်ဟက်ကာ သမားများ ပတ်လည်ဝိုင်း နေသည်။ နိုင်ငံအတွင်း၌ ရော နိုင်ငံပြင်ပ၌ပါ ဖြစ်သည့် နည်းနှင့် အရယူရန် ချောင်းမြောင်း နေသော တရုတ်ဟက်ကာ သမားများမှာ မရေမတွက် နိုင်လောက်အောင် များပြားသည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် နှစ်စဉ် ဆိုက်ဘာလုံခြုံရေး အစည်းအဝေး ပွဲများ ကျင်းပသော်လည်း ဆိုက်ဘာမှုခင်း များမှာ ကျမသွားဘဲ တစ်နှစ်ထက် တစ်နှစ် အမေရိကန် ဝက်ဘ်ဆိုက်များ သောင်း၊ သိန်းချီပြီး တိုက်ခိုက်ခံ နေရသည်။ ဟက်ကာများက ဂြိုဟ်တုများကို ဖောက်ထွင်း ဝင်ရောက်ရန် ကြိုးစားသည်။ အမေရိကန်ကို တိုက်ခိုက်မည့် ဟက်ကာသမား များအား တရုတ်အစိုးရက အထူးလေ့ကျင့် ပေးထားသည်။ ထိုဟက်ကာ သမားများသည် ယခုအခါ ဖိလစ်ပိုင်နှင့် ဗီယက်နမ် အတွက်ပါ ဖြစ်လာ ရတော့သည်။ ဖိလစ်ပိုင်နှင့် ဗီယက်နမ် လုံခြုံရေးစနစ် များသည် တရုတ်တို့၏ နည်းပညာ များကို ကာကွယ်ရန် အားနည်းလွန်း လှသည်။ တရုတ်ဟက်ကာ များသည် ကမ္ဘာ့ လုံခြုံရေး အမြင့်ဆုံးဟု သတ်မှတ်ထားကြသည့် ပင်တဂွန် ၏ လုံခြုံရေးစနစ် များကိုပင် ဖောက်ထွင်း ဝင်ရောက်နိုင်သည်။ ထို့ကြောင့် ဗီယက်နမ် နှင့် ဖိလစ်ပိုင်တို့မှာ ၄င်းတို့အတွက် တိုက်ခိုက်ရန် အလွန် လွယ်ကူလှသည်။

ယခုအချိန်သည် တရုတ်အတွက် ဗီယက်နမ်နှင့် ဖိလစ်ပိုင် တို့၏ စစ်ရေး လှုပ်ရှားမှုများကို သိရှိလိုစိတ် အပြင်းထန်ဆုံး အချိန်ဖြစ်သည်။ ဖိလစ်ပိုင်၌ အမေရိကန် ၏ စစ်ရေး လှုပ်ရှားမှုများက နှစ်ဆမြင့်တက် လာသည်။ ထို့အတူ တောင်တရုတ် ပင်လယ်ပြင်၌ ဂျပန်-အမေရိကန် ပူးပေါင်းမှုက လည်း တရုတ်ကို ပိုမိုခြိမ်းခြောက် လာနေသည်။ တစ်ချိန်တည်းတွင် အမေရိကန်၏ တတိယမြောက် စစ်အုပ်စု ကလည်း အာရှ-ပစိဖိတ် ကို ရောက်လာ ပြန်သည်။

ဗီယက်နမ်က နိုင်ငံ ကာကွယ်ရေး အတွက် စစ်ရေးကို တစိုက်မတ်မတ် တိုးမြှင့်ပြီး ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေသည်။ ထို အချိန်တွင် တရုတ်က သူကိုယ်တိုင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ရုရှားနှင့် ပူးတွဲ၍ အငြင်းပွား ရေပိုင်နက်၌ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်ခဲ့သည်။ ယခုအချိန်ထိ အမေရိကန် အပါအဝင် မည်သည့် အငြင်းပွားနိုင်ငံမှ တုံ့ပြန်မှု မရှိဘဲ တည်ငြိမ် နေသည်။ အမေရိကန် ကလည်း ခေါင်းငုံ့ခံ နေမည် မဟုတ်သည်ကို တရုတ်တို့ သိသည်။ ထို့ ကြောင့် အမေရိကန်၏ ထပ်မံ ပြုလုပ်မည့် တောင်တရုတ် ပင်လယ်ပြင် စစ်ရေးလှုပ်ရှား မှု ကို တရုတ်တို့ သိလိုစိတ် ပြင်းထန်နေခြင်း ဖြစ်သည်။ အမေရိကန်၏ နောက်တစ်ကြိမ် စစ်ရေး လှုပ်ရှားမှုသည် တရုတ်အတွက် ခြိမ်းခြောက်မှု ပိုမိုကြီးထွား လာနိုင်သည်။ အဘယ်ကြောင့် ဆိုသော် ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့်ဂျပန်ကိုပါ အမေရိကန် က ပူးတွဲခေါ်ဆောင် လာနိုင်သောကြောင့် ဖြစ်သည်။

ဂျပန်နိုင်ငံ သည်လည်း ပြည်ပစစ်ရေး အတွက် ဝင်ရောက်စွက်ဖက် နိုင်မည့် ဥပဒေကို ဇွန်လက ပြင်ဆင်ခဲ့ပြီး ဒေါ်လာသန်း ၁၂ဝ အသုံးပြု၍ အာဖရိက လုံခြုံရေး အတွက် စစ်ရေး အကူအညီ ပေးတော့မည် ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် တောင်တရုတ် ပင်လယ်ပြင်က တွဲလုံး အသစ်များသည် တရုတ်တို့ အတွက် စိုးရိမ်စရာ ဖြစ်လာ ရတော့သည်။

ထိုစစ်ရေးတွဲလုံးများ အတွက် စီမံခန့်ခွဲမှု များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့ နှင့် တိုက်ရိုက် သက်ဆိုင် နေသောကြောင့် တရုတ်ဟက်ကာ များသည် အဓိကကျသော ယင်းဌာနများကို ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်တို့က နောက်ကျောမလုံ ဖြစ်လေ အမေရိကန်နှင့် မဟာမိတ် ဖြစ်နေသော နိုင်ငံငယ်လေး များက ဆိုက်ဘာ တိုက်ခိုက်ခြင်း ခံရလေ ဖြစ်လာတော့မည်။

ထို့ကြောင့် တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှု ထဲတွင် ပါဝင်သည့် နိုင်ငံများ၏ ဆိုက်ဘာလုံခြုံရေး စနစ်ကို မဖြစ်မနေ တိုးမြှင့် ရတော့မည် ဖြစ်သည်။ အမေရိကန်ပင် နောက်ဆုံး နည်းပညာ အကူအညီ ပေးရမည့် အနေအထားတွင် ရှိနေသည်။ ထိုသို့မဟုတ်ဘဲ လုံခြုံရေးစနစ် အားနည်းခဲ့လျှင် တောင်တရုတ် ပင်လယ်ပြင် ထဲက စီစဉ်ထားသမျှ ဗျူဟာတိုင်းသည် တရုတ်ဟက်ကာ များ၏ လက်ထဲသို့ ရောက်သွားတော့မည် ဖြစ်သည်။ ဆိုက်ဘာ လက်နက်သည် တရုတ်အစိုးရ အဆက်ဆက် အသုံးပြုခဲ့သော အရေးပါသည့် လက်နက်များ ထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ယခင် ဆယ်စုနှစ်များက အမေရိကန် အတွက်သာ ရည်ရွယ်ခဲ့ သော်လည်း ယခုအခါ တောင်တရုတ် ပင်လယ်ပြင် အတွက်ရော စစ်ရေးဗျူဟာများ အတွက်ပါ အရေးပါ လာတော့သည်။ ဆိုက်ဘာ တိုက်ခိုက်မှုသည် တိကျသည့် သက်သေလည်း ပြသနိုင်ခြင်း မရှိသကဲ့သို့ တရားခံရှာရန် လွန်စွာ ခက်ခဲလှသည်။ ထို အားသာချက် ကြောင့်ပင် တရုတ်တို့က ကျူးလွန်ခဲ့သမျှ အပြစ်များကို ဝန်ခံခြင်း မပြုဘဲ ပြောင်ပြောင် တင်းတင်း ငြင်းဆန်ထားနိုင်ခြင်း ဖြစ်သည်။

ယခုလည်း ထင်မှတ် မထားသည့် နေရာက ဝင်လာခဲ့သော တရုတ်၏ ဆိုက်ဘာ တိုက်ခိုက်မှုများကို နိုင်ငံရေး သုတေသီ များက တောင်တရုတ် ပင်လယ်ပြင် နောက်ကွယ်က တရုတ်၏ လျှို့ဝှက်လက်နက် ဟု ခေါင်းစဉ်တပ်ပြီး ဦးစားပေး သတိထားရမည့် အဆင့်အဖြစ် သတ်မှတ်ထား ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger