www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 3, 2016

လူတစ်ယောက်မှာ ဆရာဝန်နှစ်ယောက် ရှိတယ်


လူတစ်ယောက်မှာ ဆရာဝန်နှစ်ယောက် ရှိတယ်

ကြည်လွင်မြင့် (မုဒြာ)

''လူတစ်ယောက်မှာ ဆရာဝန် နှစ်ယောက် ရှိတယ်။ အဲဒီ ဆရာဝန်နှစ်ယောက် ကတော့ သင့်ခြေထောက် နှစ်ချောင်းပါပဲ''

မှန်ပါတယ်။ လူတစ်ယောက်မှာ ရှိတဲ့ ခြေနှစ်ချောင်းဟာ သွားလာ လှုပ်ရှားဖို့ သာမက ကျန်းမာရေး အတွက်ပါ အထောက်အကူ ပြုနေပါတယ်။ နေ့စဉ် လမ်းလျှောက် နေသူတွေဟာ ထိုင်နေတဲ့သူ တွေထက် ပိုပြီး ကျန်းမာရေး ကောင်းမွန် ပါတယ်။ အထိုင်များသူ တွေမှာ သွေးလှည့်ပတ်မှု အားနည်းပြီး လမ်းလျှောက် နေသူမှာ သွေးလှည့်ပတ်မှု မှန်ကန်မှာ သေချာပါတယ်။

မြို့မှာနေသူ တွေထက် ကျေးလက် တောရွာမှာ နေထိုင်သူတွေက ပိုကျန်းမာပြီး အသက်ရှည် ကြတာ တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြို့ကြီးမှာ လမ်းလျှောက်ဖို့ မလို၊ ဘယ်နေရာ မဆို ကားစီးပြီး အလွယ်တကူ သွားနေကြလို့ ပါပဲ။ မြို့ကြီးတွေမှာ လူတော်တော် များများဟာ ရုံးသွားသွား၊ ဈေးသွားသွား၊ ကျောင်းသွားသွား ကားတွေက သယ်ယူ ပို့ဆောင်ပေး နေပါတယ်။ ကိုယ်ပိုင်ကား စီးနိုင်သူတွေ ရှိသလို ဘတ်စ်ကား စီးနေကြသူ တွေလည်း ရှိပါတယ်။ ရုံးမှာ အထိုင်များ၊ ကျောင်းမှာ အထိုင်များ၊ ပြန်တော့လည်း ကားနဲ့၊ လမ်းလျှောက် ရတယ် ဆိုရင်လည်း ခရီးတိုလေးပဲ ဖြစ်မှာပါ။

အထပ်မြင့်တိုက် တွေမှာ နေကြသူတွေ ကတော့ လှေကားဆင်းတက် ရတာနဲ့ပဲ တစ်နေ့နှစ်မိုင် မက လမ်းလျှောက် နေရသလိုဖြစ်ပြီး ကျန်းမာ နေကြတာ သတိပြုမိ ပါတယ်။ တချို့အထပ်မြင့် တိုက်နေသူတွေ ကတော့
ခြေကျင်မတက်ရဘဲ ဓာတ်လှေကားနဲ့ တက်သူတွေ ကိုလည်း တစ်ပတ်တစ်ကြိမ် လောက်တော့ ခြေကျင်လှေကား အသုံးပြုပြီး ဆင်းတက်ကြည့် ကြဖို့ အကြံပြုလို ပါတယ်။ ရှေးယခင် ၁ဝ နှစ်ခန့်ကပေါ့။ ခုနစ်ထပ် အမြင့်ရှိတဲ့ တည်းခိုရိပ်သာ တစ်ခုမှာ ရေးထားတာက ''လှေကား တက်ဆင်းခြင်းသည် ကျန်းမာရေးကို ကောင်းစေသည်'' တဲ့။ တကယ်တော့ သူ့ တည်းခိုခန်းက အားနည်းချက်ကို ကျန်းမာရေး ရှုထောင့်ကနေ အားသာချက် ဖြစ်အောင်၊ Customer တွေ ကျေနပ်အောင် ရေးထားတဲ့စိတ်ကူး ကို ချီးကျူးချင် ပါတယ်။ ဒါပေမဲ့ တစ်ခု သတိထားသင့် တာကတော့ နဂိုနှလုံးရောဂါ အခံရှိသူတွေဟာ လှေကား ၁၂ ထစ်ကျော်ပြီး မတက်သင့်ပါဘူး။ Heart Attack ရနိုင်ပါတယ်။

နှလုံးအထူးကု ဆရာဝန်ကြီး တွေရဲ့ စမ်းသပ်ချက် တွေမှာ (Step Test) လို့ခေါ်တဲ့ လှေကားဆင်းတက် ခိုင်းပြီး စစ်ဆေးတဲ့ နည်းရှိပါတယ်။ လူနာကို သွေးပေါင်အရင်ချိန် ထားပြီး လှေကားသုံးထစ်ကို လေးကြိမ် အတက်အဆင်း လုပ်ခိုင်းပါတယ်။ ပြီးနောက် တစ်ကြိမ်သွေး ပေါင်ပြန်ချိန်ပြီး စစ်ကြည့်ပါတယ်။  အဲဒီအခါ သွေးပေါင်တက် နေရင် နှလုံးရောဂါ၊ နှလုံးသွေး ထောက်ပံ့မှု မရတဲ့ ရောဂါတစ်ခုခု ရနေနိုင်တယ် ဆိုတာ အကြမ်းအားဖြင့် သိနိုင်ပါတယ်။ မိမိကိုယ်မိမိ လှေကားဆင်းတက် လုပ်တဲ့အခါ မောသလား ဆိုတာ သတိပြုကြပါ။

နှလုံးစမ်းသပ်နည်း နောက်တစ်မျိုး ကတော့ မသိမသာ ငုပ်နေတဲ့ နှလုံးရောဂါရှင် တွေကို စမ်းသပ်တဲ့ နည်းပါ။ ကျန်းမာသန်စွမ်း သေးတဲ့အသက် ၄ဝ နဲ့ ၅ဝ ကျော်ကျော် လူတွေကို စမ်းသပ်လေ့ ရှိပါတယ်။ လမ်းလျှောက်စက် တစ်ခုလိုပါတယ်။ စမ်းသပ်မယ့် လူရဲ့လက်မောင်းမှာ သွေးပေါင်ချိန် တိုင်းတဲ့ ကိရိယာရဲ့ လက်ပတ်ကို ပတ်ထားပါတယ်။ နောက်ပြီး အပြေးစက်ကို အနှေး (Slow) ကနေ စဖွင့်ပါတယ်။ ပြေးနေတုန်းကို သွေးပေါင်ချိန် ထားပါတယ်။ နောက်ထပ် စက်အရှိန်ကို တဖြည်းဖြည်း အမြန် (Height) ကိုတင်ပေးပါတယ်။ လက်က သွေးပေါင်ချိန် ကို ဆက်လက်ချိန်နေပါတယ်။ အဲဒီအချိန်မှာ လူနာက မခံနိုင်တော့ဘူး ဆိုရင် ရပ်ပေးရပါမည်။ သွေးပေါင် ဘယ်လောက်အထိ တက်လဲ စစ်ဆေးကြည့်ရ ပါမယ်။ သတ်မှတ်ထားတဲ့ သွေးပေါင် ၁၄ဝ/၉ဝ mmHg ထက် ကျော်နေပြီ ဆိုရင်တော့ သက်လတ်ပိုင်းမှာ နှလုံးရောဂါ စဝင်နေပြီလို့ သတ်မှတ်မှာ ဖြစ်ပါတယ်။ ၁၆ဝ/၁ဝဝ mmHg အထက် ဆိုရင်တော့ ဆေးဝါးကုသမှု ခံယူရတော့မှာ ဖြစ်ပါတယ်။

အထူးလေ့လာ တွေ့ရှိချက် တစ်ခုရှိပါတယ်။ နှလုံးရောဂါ ဝေဒနာရှင် တွေရဲ့ ခြေသလုံးကြွက်သား တောင့်တင်းမှု မရှိတော့ဘဲ လျော့ကျနေတာပါ။ ကိုယ့်ခြေသလုံး ကြွက်သား နှစ်ဖက်ဟာ ငယ်စဉ်က တောင့်တောင့် တင်းတင်း ရှိပြီး အသက်ရ လာတဲ့အခါ ပျော့လာတာ သတိထားမိ ကြမှာပါ။ ထို့အတူ နှလုံးကြွက်သား တွေဟာလည်း ငယ်စဉ်တုန်းကလို အမောမခံနိုင် တော့ဘူး။ ပင်ပန်းတဲ့ဒဏ် မခံနိုင်တော့ဘူး။ ဒါကြောင့် ကိုယ့်ခြေသလုံး ကြွက်သား နှစ်ဖက်ကို စမ်းသပ်ကြည့်လို့ ပျော့လာပြီဆိုရင် နှလုံးအတွက် ကြိုတင်ကာကွယ် ဖို့ လိုလာပြီ။

ကြိုတင်ကာကွယ်ဖို့ အထက်မှာ ပြောခဲ့သလိုပဲ သင့်မှာ အားထားရမယ့် ဆရာဝန်နှစ်ယောက် က အသင့်ရှိ နေပါတယ်။ အဲဒါကတော့ သင့်ခြေထောက် နှစ်ချောင်းပါပဲ။ ခြေကျင် လျှောက်ပေးရင် ဆရာဝန် နှစ်ယောက်ကို
နိုးထလာစေမှာ ဖြစ်ပါတယ်။ နေ့စဉ်မှန်မှန် လမ်းလျှောက် ပေးကြည့်ပါ။ သိသိသာသာ လန်းဆန်းပြီး သွေးလှည့်ပတ်မှု မှန်ကန်တဲ့ အကျိုးကို ရလာပါလိမ့်မယ်။ လမ်းမလျှောက် နိုင်တဲ့၊ မွန်းကျပ်တဲ့ မြို့ပြမှာနေတဲ့ သူတွေ၊ အထပ်မြင့်တိုက် မှာနေတဲ့ ငွေကုန်ခံနိုင်တဲ့ သူတွေ အတွက်ကတော့ ငွေကုန်ခံနိုင်ရင် အိမ်ထဲမှာပဲ လမ်းလျှောက်စက် ဝယ်ပြီး လျှောက်ပါ။ သို့မဟုတ် ဈေးနည်းနည်း သက်သာတဲ့ ထိုင်စက်ဘီး တစ်ခုဝယ်ပြီး လေ့ကျင့်ပါ။ လမ်းလျှောက် တာထက် ပိုကောင်းတဲ့ စက်ဘီးစီးခြင်း အကြောင်းကို နောင် အလျဉ်းသင့်တဲ့ အခါ ရေးသား တင်ပြပါဦးမယ်။

မန္တလေးမြို့မှာ နေတဲ့သူတွေ အတွက်ကတော့ ကျုံးဘေးမှာ လေ့ကျင့်ခန်း လုပ်နေတဲ့ တရုတ်လူမျိုး တွေကို နေ့စဉ်တွေ့နေကျ ဖြစ်နေမှာပါ။ သူတို့ကို အားကျစိတ် မွေးကြည့်ပါ။ မန္တလေး တောင်တက်၊ တောင်ဆင်း လမ်းလျှောက်တဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ အမောမခံနိုင်သူ တွေတောင် ကြာတော့ အမောခံနိုင် လာတယ်။ တောင်မတက်ရရင် မနေနိုင်တော့ဘူးလို့ ပြောပါတယ်။ တချို့ ၁ဝ နှစ်ကျော် ခံစားလာရတဲ့ နှလုံးသွေးတိုး ရောဂါ မန္တလေးတောင်တက် တာနဲ့ ပျောက်သွားတယ်လို့ ပြောပါတယ်။ လမ်းလျှောက်ခြင်း အကျိုးမှာ နှလုံးအတွက် သာမက ကျောက်ကပ် ကိုလည်း ကောင်းစေပါတယ်။ လမ်းလျှောက် ခြင်းဖြင့် ကျောက်ကပ်မှာ အနည်ထိုင် နေတဲ့အနည်အနှစ် တွေနဲ့ ကျောက်အမှုန် များကို အောက်သို့ကျဆင်း စေပြီး ကျောက်ကပ်ဆန်ခါ များကိုလည်း သန့်စင်စေ ပါသည်။

ကျောက်ကပ်ကောင်းလျှင် ဆီးကောင်းပြီး သွေးတိုးရောဂါလည်း သက်သာ လာမှာပါ။ ဘာပဲပြောပြော သင့်မှာ ရှိနေတဲ့ ဆရာဝန် နှစ်ယောက်ကို အသုံးချပါ။ သင့်ခြေထောက် နှစ်ချောင်းဟာ သင့်ရဲ့ ကျန်းမာရေးကို ကုသမယ့်ဆရာဝန် နှစ်ယောက်ဆိုတာ ကို မမေ့ပါနဲ့။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger