www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 3, 2016

ယဉ်ကျေးမှုသည် လူ့ကျင့်ဝတ်


ယဉ်ကျေးမှုသည် လူ့ကျင့်ဝတ်

( ခြိမ့်နိုင် )

''လူသည် လွတ်လွတ်လပ်လပ် မွေးဖွားလာခဲ့ရ သော်လည်း နေရာတကာတွင် အနှောင်အဖွဲ့ တန်းလန်းနှင့် ရှိနေဆဲဖြစ်သည် '' ဟု ရူးဆိုး က ဆိုခဲ့ဖူးပါသည်။

အနှောင်အဖွဲ့ ဟူသောအရာကို စဉ်းစားကြည့်၏။ အနှောင်အဖွဲ့ သည် ချုပ်ချယ် ကန့်သတ်ခြင်းလား၊ ဖိနှိပ်ခြင်းလား၊ တားမြစ်ချက်လား တွေးဆကြည့်မိ၏။ မဖြစ်နိုင်ပါ။ ထိုအဓိပ္ပာယ် သည် ကြမ်းတမ်းပုံ ရသည်ဟု ခံစားရသည်။ အနှောင်အဖွဲ့ ဟူသည် လှပနုနယ် သန့်ရှင်းသည် ဟု ခံစားရ၏။

ဥပမာ- မိသားစု အနှောင်အဖွဲ့ ဆိုလျှင် အဖေ၊ အမေ၊ အစ်ကို၊ အစ်မ၊ ညီ၊ ညီအစ်မ သံယောဇဉ် အနှောင်အဖွဲ့၊ အိမ်ထောင်သည် ဆိုလျှင်လည်း လင်မယား၊ သားသမီး စသည့် သံယောဇဉ် အနှောင်အဖွဲ့မျိုး ဖြစ်ပေမည်။ ဌာနဆိုင်ရာ အမှုထမ်း ဆိုလျှင်လည်း မိမိဌာန သံယောဇဉ်၊ ဝန်ထမ်းချင်း လုပ်ဖော်ကိုင်ဖက် သံယောဇဉ်စ သည်တို့သည် အနှောင်အဖွဲ့ အဓိပ္ပာယ်ဆောင်၍ လှပနုနယ် သိမ်မွေ့လှသည် ဟု သဘောပေါက် လိုက်မိပါသည်။

ထို့ကြောင့် လူမှုပတ်ဝန်းကျင် ဆက်စပ် နှောင်ဖွဲ့မှုသည် ပင်မ သဘောအရ သိမ်မွေ့ နူးညံ့သည်၊ ရိုးသား တည်ကြည်မှု ရှိသည်ဟု ဆိုချင်ပါသည်။ သို့ဆိုပါလျှင် လူနှင့်လူချင်း ဆက်နွှယ်သော ပေါင်းသင်း ဆက်ဆံမှု သမိုင်းမှာ ရိုင်းပျစရာ အကြောင်းမရှိသင့် ဟု ယူဆမိသည်။

ရိုင်းပျကြရသည့် အကြောင်းတရားမှာ စိတ်နေမမှန်၊ မတည်ကြည်၊ မမြင့်မြတ်မှု တို့ကြောင့် ဖြစ်သည်ဟု ဆိုချင်ပါသည်။ လူသတ္တဝါတို့သည် လူ့သဘော သဘာဝအရ စိတ်တူကိုယ်တူ သဘောညီ  ပါလျှင် ပေါင်းသင်း ဆက်ဆံမှုသည် အဆင်ပြေတတ် ကြသည်။ စိတ်မတူ၊ အတွေးမတူ၊ အမြင်မတူ၊ အယူအဆ မတူခဲ့သော် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံမှုမှာ အဆင်မပြေ ခက်ခဲလှသည်။

ထိုလူ့သဘော သဘာဝပင်လျှင် မှန်ကန်မှု အပြည့်အဝမရှိဟု တွေးဆမိပါသည်။ အဘယ်ကြောင့် ဆိုသော် လူသတ္တဝါတို့ မည်သည် အတ္တမာန၊ လောဘ၊ ဒေါသ၊ မောဟ မကင်းသောကြောင့် ဖြစ်သည်။ ထိုဝါဒီများ
ကြောင့် ကိုယ်နှင့်မတူ ရန်သူလို အမြင်လွဲ၊ အတွေးလွဲ၊ အသိလွဲမှု တို့ကြောင့် ညီမျှတူညီမှု အနည်းအများ ဖြစ်ကြရသည်။

ထိုအခါ ဒီမိုကရေစီ ညီတူ အခွင့်အရေးများ ရှိသည်ဆိုစေကာမူ လွတ်လပ်ခြင်းနှင့် စည်းကမ်းမဲ့ခြင်း ကို မကွဲပြားသူ တွေရှိလာ ကြသည်။ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ ရေးသားပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရှိသည်ဆိုရာမှာ စည်းကမ်းနှင့်ပြောဆိုခြင်း၊ စည်းကမ်းနှင့် ရေးသားခြင်း၊ စည်းကမ်းနှင့် လုပ်ကိုင်ခြင်း ပြုကြမည်ဆိုလျှင် အနှစ်သာရ ပြည့်ဝသော ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာခံစား သည် မည်ပေ၏။

စည်းကမ်းပြည့်ဝ စေရန်မှာလည်း စာနာစိတ်ကို အခြေခံ၍ လူ့ကျင့်ဝတ်နှင့် အညီ ကျင့်ကြံပြောဆို ရေးသား နေထိုင်တတ်မှ ပြည့်စုံပေမည်။ ကိုယ့်ကို စော်ကားလျှင် မကြိုက်ပါလျှင် သူ့ကို စော်ကားရန် မသင့်၊ ထို စာနာစိတ်ဖြင့် စော်ကားမှု၊ ကြမ်းတမ်းမှုတို့ မလုပ်မိ၊ မပြောမိ စေရန် ဉာဏ်အသိယှဉ်၍ ထိန်းသိမ်းကြ ရပါမည်။

ယဉ်ကျေးမှု ထွန်းကားသော နေရာမှာ လူ့ကျင့်ဝတ် ပြည့်စုံသောအရပ် ဖြစ်ပါသည်။ ထို့ကြောင့် လူ့ကျင့်ဝတ် ဆိုသည်မှာ အများအပြား ရှိ၏။ ရှင်ကျင့်ဝတ်၊ ဒကာကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ သားသမီး ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ အလုပ်ရှင် ကျင့်ဝတ်၊ အလုပ်သမား ကျင့်ဝတ်၊ ရှင်ဘုရင်ကျင့်ဝတ်၊ အမတ်ကျင့်ဝတ်၊ စစ်သူကြီး ကျင့်ဝတ်၊ ဝန်ကြီးကျင့်ဝတ်၊ ပြည်သူ ပြည်သား ကျင့်ဝတ်ဟူ၍ ရှိကြလေရာ ကျင့်ဝတ်နှင့်အညီ ကိုယ့်အမျိုးကို စောင့်ရှောက်ခြင်း သည် ကိုယ့်အမျိုးဂုဏ်ကို မြတ်အောင်ပြု၍ ကိုယ့်အမျိုး၏ ဒုက္ခကို ကယ်တင် ကာကွယ်ခြင်း၊ ပြည့်စုံအောင် ကူညီ စောင့်ရှောက်ခြင်း ဖြစ်သည်။

သူတစ်ပါး လူမျိုးကို ကဲ့ရဲ့နှိမ့်ချ ဒုက္ခဖြစ်စေခြင်း မျိုးမပြု၊ မကျူးလွန် ခြင်းသည် လူ့ကျင့်ဝတ် ဖြစ်သည်။ လူ့သဘော သဘာဝအရ ဘဝပေးချိန် ကာလအရ မတူညီမှုတွေ ရှိတိုင်းလည်း ကွဲပြား၊ စည်းခြား အပြစ်မပြော သင့်ဟု ယူဆမိပါသည်။ ။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger