www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 25, 2016

အိန္ဒိယ၏ အားကောင်းလာသော စီးပွားရေးနှင့်အတူ ဖြေရှင်းရန်ကျန်နေသေးသည့် ကိစ္စရပ်များ



( ရှိန်းထက် )

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ အိန္ဒိယ၏ စီးပွားရေး တိုးတက်မှုသည် ၇ ဒသမ ၉ ရာခိုင်နှုန်းဖြင့် တရုတ်ကို ကျော်ဖြတ်ကာ ကမ္ဘာ့ နံပါတ်တစ် ဖြစ်လာခဲ့သည်။ စက်မှုလုပ်ငန်း တိုးတက်မှု အမြန်ဆုံးနိုင်ငံ အဖြစ် ရပ်တည်လာခဲ့ပြီး IT လောကကို ဦးဆောင်မည့် ခေတ်သစ် နယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။

အိန္ဒိယသည် IT ဝန်ဆောင်မှု လောက၏ နန်းတက်စ ဘုရင်တစ်ပါး ကဲ့သို့ ဖြစ်လာခဲ့သည်။ အာရှ၊ ဥရောပ၊ အာဖရိက ပါမကျန် အိန္ဒိယ၏ ဝန်ဆောင်မှု လုပ်ငန်းသည် နိုင်ငံ၏ GDP ကိုအကြီးမားဆုံး ကျားကန်ပေးသည့် လုပ်ငန်းဖြစ်လာ ခဲ့သည်။ နိုင်ငံသား တစ်ဦးချင်း၏ ဝင်ငွေသည်လည်း တစ်ရှိန်ထိုး မြင့်တက်လာကာ အမေရိကန် ဒေါ်လာ ၁၈၂ဝ သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ့ အကြီးမားဆုံး တက်သစ်စ ကားဈေးကွက်ကြီး ကလည်း အိန္ဒိယ စီးပွားရေးကို နောက်ပြန်မလှည့် သွားအောင် အရှိန်ကောင်းဖြင့် မောင်းနှင်လျက် ရှိသည်။

တစ်နှစ်လျှင် ကားအစီးရေ ပေါင်း ၂၁ ဒသမ ၄၈ သန်းအထိ ထုတ်လုပ်ကာ အိန္ဒိယသည် ကမ္ဘာ ပေါ်၌ အကြီးမားဆုံး ကားဈေးကွက်ကို ပိုင်ဆိုင်သော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော အိန္ဒိယသည် ကမ္ဘာ့စီးပွားရေး ကို ဦးဆောင် မောင်းနှင်လာသူ တစ်ဦးဖြစ်လာခဲ့ သော်လည်း နိုင်ငံ၏ ဆင်းရဲမှုနှုန်း ကိုတော့ အချိုးညီစွာ ကိုင်တွယ်ရန် ခဲယဉ်းလျက် ရှိသည်။

ကုလသမဂ္ဂ၏ ဆင်းရဲမှု တိုင်းတာရေး ကိန်းဂဏန်းများ အရ အိန္ဒိယ၏ လူဦးရေ ၂၁ ဒသမ ၃ ရာခိုင်နှုန်းသည် ဆင်းရဲမှုကို ခံစားနေရသေး သည်ဟုဆိုသည်။ တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ဝ အောက် ရရှိသူကို ကုလသမဂ္ဂက ဆင်းရဲတွင်းနက် နေသူဟု အခြေခံအားဖြင့် သတ်မှတ်ကာ တိုင်းတာသည်။ ပြည်တွင်း လုပ်ခလစာက တစ်နာရီလျှင် ၁ ဒသမ ၄၆ ဒေါ်လာ ဖြစ်သော်လည်း အိန္ဒိယ၌ တစ်ရက်လျှင်၂ ဒေါ်လာမျှပင် မရသောသူမှာ ၂ဝ ရာခိုင်နှုန်း ကျော် ရှိနေသေးသည်။ နိုင်ငံ၏ လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော် နှင့် နှိုင်းယှဉ် လိုက်လျှင် တစ်ရက်ဒေါ်လာ ၁ ဒသမ ၉ဝ အောက်သာ ဝင်ငွေရှိသည့် ဆင်းရဲသူ အရေအတွက် ၂ဝ ရာခိုင်နှုန်း သည် အိန္ဒိယအတွက် ရင်မအေးစရာ ဖြစ်သည်။ သို့သော်လည်း အိန္ဒိယ စီးပွားရေးသည် ဝန်ကြီးချုပ်သစ် နာရန်ဒရာမိုဒီ လက်ထက်တွင် တစ်ကမ္ဘာ့လုံးသို့ ဖြန့်ကြက် နေရာယူလာသည်။ အာရှ၌ သာမက အရှေ့ အလယ်ပိုင်း ဒေသ၊ အာဖရိကပါ မကျန် အရှိန်မြှင့်ပြီး အိန္ဒိယတို့ သူ့စီးပွားရေးကို ကမ္ဘာတစ်ဝန်း ဖြန့်ကြက်ခဲ့သည်။

အီရန်ကဲ့သို့ နိုင်ငံများနှင့်ပင် ဒေါ်လာ ဘီလီယံ ဆယ်နှင့်ချီသော ကုန်သွယ်ရေး သဘော တူညီချက်များကို ရယူနိုင်ခဲ့ပြီး အိန္ဒိယတို့ အနေဖြင့် စီးပွားရေးကို ဦးစားပေးခဲ့ကြ သည်။ သို့သော်လည်း မကြာမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ကြီး ၏ စစ်တမ်းတစ်ရပ် က အိန္ဒိယကို ပိုမိုအံ့အား သင့်စေခဲ့သည်။ အိန္ဒိယရှိ လူဦးရေ သန်း ၂ဝ မှ ၆၅ သန်းအထိမှာ လူကုန်ကူးခံ နေရပြီး အဓမ္မခိုင်းစေခံ နေရသည် ဟူသော သတင်း ဖြစ်သည်။ 

အများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အဓမ္မ ခိုင်းစေခြင်း ခံနေရသည်။ ထိုအထဲတွင် ကလေး သူငယ်များပင် ပါဝင်သည်ဟု ဆိုထားပြီး ထိရောက်မှု အားနည်း နေသော အိန္ဒိယ အုပ်ချုပ်ရေး ယနရ္တားအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ထို့ပြင် ထိန်းချုပ် မရသေးသည့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးခြင်း ကလည်း အိန္ဒိယ အုပ်ချုပ်သူများ ထဲမှ လာဘ်စားမှုကို ထင်ဟပ်စေခဲ့ပြီး အထက်ပိုင်း အထိ ပါဝင်ပတ်သက် နေမှုကို ပြသနေသည်။ နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံ ရသူ အများစုမှာ နီပေါနိုင်ငံသား များဖြစ်သည်။

အိန္ဒိယဥပဒေ တွင် လူကုန်ကူးမှု အတွက် ထောင်ဒဏ် ခုနစ်နှစ်မှ သေဒဏ်အထိ ပေးခွင့် ရှိသော်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးသည် အိန္ဒိယ၌ အားအနည်းဆုံး ကဏ္ဍတစ်ခု အဖြစ် ရှိနေသေးသည်။ တစ်ဖက်တွင် အိန္ဒိယသည် ပညာရှင်များကို ဥရောပသို့ ပို့ဆောင် နေသောကြောင့် ဦးနှောက် ပို့ဆောင်သူ ဟု ကောင်းသတင်းဖြင့် နာမည်ကျော်ကြား သော်လည်း အရှေ့အလယ် ပိုင်းက အိန္ဒိယ ဆောက်လုပ်ရေး လုပ်သားများမှာ ယခုအချိန်တွင် အငတ်ငတ် အပြတ်ပြတ် ဖြစ်နေရသည်။

အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေဗျ နိုင်ငံ၌ပင် အိန္ဒိယ အလုပ်သမား သုံးသန်းကျော် ရှိပြီး အများစုမှာ လစာ အနည်းဆုံး အဆင့်ဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင် နေရသည့် နေ့စားသမားများ ဖြစ်ကြသည်။ မကြာမီကပင် ဆော်ဒီ၌ ရှိသည့် အိန္ဒိယ အလုပ်သမား ပေါင်းထောင်ချီ၍ အစာရေစာ ပြတ်လပ်မှုကြောင့် အိန္ဒိယ အစိုးရက အစားအသောက် များပို့ပေးခဲ့ ရသေးသည်။

ကမ္ဘာ့ရေနံဈေး ကျဆင်းလာမှု၏ ရိုက်ခတ်မှုကို ခံခဲ့ရသော ဆော်ဒီအာရေဗျ နိုင်ငံသည် ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင် အထိပါ အကြီးမားဆုံး အထိနာခဲ့ပြီး ခုနစ်လလောက် အထိ အလုပ်သမားများကို လစာမပေး နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အိန္ဒိယ အလုပ်သမားများ အငတ်ငတ် အပြတ်ပြတ် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ဆော်ဒီ လုပ်ငန်းရှင်များက ပတ်စ်ပို့ကိုပါ သိမ်းထားသော အခါ မွေးရပ်မြေ ပြန်ချင်သည့် အိန္ဒိယနိုင်ငံ သားများ ပြန်ခွင့်မရတော့ဘဲ ဆော်ဒီ၌သာ သောင်တင်ခဲ့ ရသည်။

ထို့ကြောင့် နိုင်ငံခြားလုပ်သား ပို့ဆောင်သည့် ပြဿနာအတွက် အိန္ဒိယတို့ ပြန်လည် စဉ်းစားရန် လိုလာခဲ့သည်။ အိန္ဒိယသည် ပြည်ပသို့ လုပ်သား ပို့ဆောင်သည့် ကမ္ဘာ့နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး အများ ဆုံးမှာ လုပ်ခလစာ နည်းသော အောက်ခြေလုပ်သား ပို့ဆောင်မှု ဖြစ်သည်။ ဥရောပ၏ ကျန်းမာရေး ကဏ္ဍတွင် အိန္ဒိယလုပ်သား များလွှမ်းမိုးမှုသည် အများဆုံး ဖြစ်သည်။ ၃၅ ရာခိုင်နှုန်းသော ကျန်းမာရေး စောင့်ရှောက်မှု  ပိုင်းတွင် အိန္ဒိယနိုင်ငံသား များက ဥရောပ၌ နေရာအများဆုံး ယူထားသည်။ သို့သော်လည်း ဆော်ဒီနှင့် ကူဝိတ်ကဲ့သို့ အရှေ့အလယ်ပိုင်း ၌မူ ဥရောပထက် နှစ်ဆများသော အိန္ဒိယ အလုပ်သမား များသည် လုပ်ခ အနည်းဆုံးနှင့် အောက်ဆုံး အလုပ်သမားများ ဖြစ်သည်။ ထိုအရေအတွက် ကို ပြည်တွင်း၌ စံသတ်မှတ်ထား သောလုပ်ခနှင့် ပြန်လည်နေရာ ချထားရန်လည်း အိန္ဒိယအဖို့ စဉ်းစား လာရသည်။

တရုတ်နှင့် မတူသည့် အချက်မှာ ထိုအချက်လည်း ပါဝင်နေသည်။ တရုတ်သည် သူ့နိုင်ငံသားများကို တခြားနိုင်ငံသို့ ပညာရှင် အနေဖြင့် လွှတ်သည်။ ပညာတော်သင်များ အနေဖြင့် စေလွှတ်သည်။ တစ်နှစ်လျှင် ပြည်တော်ပြန် တရုတ် ပညာရှင်များ ရာထောင်ချီ ရှိနေသည်။ အိန္ဒိယနိုင်ငံမှ ပြည်ပ အလုပ်သမား လောကသည် တရုတ်နှင့် နှိုင်းယှဉ်လျှင် အကွာကြီးကွာ နေသည်။ အုပ်ချုပ်ရေး ယန္တရား၊ လာဘ်ပေး လာဘ်ယူမှု၊ လူကုန်ကူးမှု၊ ဆင်းရဲချမ်းသာ မညီမျှမှု နှင့် အလုပ်သမား ပြဿနာတို့သည် ကွန်မြူနစ် တရုတ်ထက် အိန္ဒိယတို့ နောက်ကျကျန် နေခဲ့သည်။ ၂ဝ၁၄ ခုနှစ်အထိ ကမ္ဘာ့ စီးပွားရေး ၏ဖွံ့ဖြိုးမှု ၅ဝ ရာခိုင်နှုန်းသည် ကမ္ဘာ့  အရှေ့ခြမ်းက တရုတ်၏ လက်ထဲတွင်သာ ရှိနေခဲ့သည်။ ၂ဝ၁၅ ခုနှစ်မှ စတင်ကာ တရုတ်အတွက် မဟုတ်တော့ဘဲ အိန္ဒိယဘက်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

တရုတ်သည် စီးပွားရေး တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းပင် မပြည့်တော့ဘဲ ၆ ရာခိုင်နှုန်း ကိုပင် ပုံသေထားရန် အထိ ဆုံးဖြတ်နေရသည်။ သို့သော်လည်း တရုတ်သည် ဆယ်စုနှစ် နှစ်စုလောက်ကို အသုံးချပြီး အပြောင်းလဲကြီး ပြောင်းလဲသွား ခဲ့သည်။ ကမ္ဘာ့ ဒုတိယ စီးပွားရေး အားအကောင်းဆုံး ဆိုသည့်ဘွဲ့ကိုရသည်။ ကမ္ဘာ့ ဒုတိယ အာဏာအကြီးဆုံး ဆိုသည့် စစ်ရေးအင်အား အာဏာကို ရသည်။ ထိုနေရာကို ရရန် တရုတ်တို့ ကြိုးစားမှုသည် ကမ္ဘာ့သမိုင်း တွင် အမြန်ဆုံး များထဲမှတစ်ခု ဖြစ်နေခဲ့သည်။ တရုတ်တို့၏ အဘက်ဘက်က လှုပ်ရှားမှု များသည် ဟန်ချက် ညီ နေခဲ့သည်။ အိန္ဒိယကတော့ ထိုသို့မဟုတ်ဘဲ စီးပွားရေးဘက် တွင်သာ အားအကောင်းဆုံး ဖြစ်ကာ တခြားဘက်၌ အားနည်းချက် များစွာနှင့် ဟန်ချက်မညီ ဖြစ်နေသည်။ ထို့ကြောင့် အိန္ဒိယသည် သူ၏ ခေတ်သစ် တစ်ခေတ်ကို ထူထောင်ရန် တရုတ်ထက် ပိုကြာသော အချိန်ကိုယူရဦး မည်ဟု ပညာရှင်များက သုံးသပ်နေကြခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page