www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 19, 2016

ကြိုးစားအားထုတ်မှုမရှိဘဲ အောင်မြင်မှုမရရှိနိုင်၊ စနစ်ကျသော ကြိုးစားအားထုတ်မှုဖြင့် အောင်မြင်မှု ပိုမိုရရှိနိုင်မည်ဖြစ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်မှ နည်းပြအရာရှိများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ပြတိုက် အတွင်း ကြည့်ရှုစစ်ဆေးစဉ်

နေပြည်တော်၊ ၁၉-၈-၂၀၁၆

တပ်မတော်အနေဖြင့် စစ်တက္ကသိုလ် စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ ကျောင်းဆင်းဘွဲ့ရအရာရှိ ၂၈၀၀၀ ကျော်မွေးထုတ်ပေးနိုင်ခဲ့ပြီး စာပေဌာန(ဘွဲ့လွန်) အနေဖြင့် မဟာဝိဇ္ဇာဘွဲ့ ၆၀၉ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၆၂၉ ဦး၊ မဟာကွန်ပျူတာသိပ္ပံဘွဲ့ ၇၉၆ ဦး၊ စုစုပေါင်း ၃၀၃၄ ဦးနှင့် ပါရဂူဘွဲ့ရရှိသူ ၁၈၆ ဦးကိုလည်း ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အလားတူ တပ်မတော်နည်းပညာတက္ကသိုလ်မှလည်း ကျောင်းဆင်းဘွဲ့ရ အရာရှိ ၇၅၀၀ ဦးခန့် လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီး၊ မဟာ အင်ဂျင်နီယာဘွဲ့ ၁၃၂ ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ ၄၁ ဦးရှိခဲ့ကြောင်း၊ ပြည်ပနိုင်ငံများမှ Doctor of Science ဘွဲ့ရအရာရှိ ၃ ဦးနှင့် တက်ရောက်ဆဲ အရာရှိ ၁၀ ဦး မွေးထုတ်ပေး နိုင်ခဲ့ခြင်းကြောင့် ခေတ်မီ တပ်မတော် (Standard Army) တစ်ရပ် တည်ဆောက်ရေးတွင်များစွာ အကျိုးကျေးဇူး ရရှိသည့်အပြင် အမျိုးသား နိုင်ငံရေး ဦးဆောင်မှုတွင် နိုင်ငံတော်အတွက် များစွာ အထောက်အကူ ပြုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင် တပ်နယ်၊ စစ်တက္ကသိုလ် ရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ တပ်နယ်မှ နည်းပြအရာရှိ များအား တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲ သို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြင့်မော် နှင့် တပ်နယ်မှ နည်းပြ အရာရှိများ၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများ တက်ရောက်သည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ ရည်ရွယ်ချက်မှာ Standard တပ်မတော် တည်ဆောက်ရေး ပင်ဖြစ်ကြောင်း၊ စွမ်းရည်ထက်မြက်ရန် အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား ထက်မြက်နေရန် လိုအပ်ကြောင်း၊ တိုက်စွမ်းရည် ဆိုသည်မှာ လေ့ကျင့်ရေးပင် ဖြစ်ကြောင်း၊ စစ်လက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် အတွက် လေ့ကျင့်ရေးသည် အရေးကြီးကြောင်း၊ တိုက်စွမ်းရည် ရှိရေး လုပ်ဆောင်နိုင်ရန်၊ စိတ်ဓာတ် ကောင်းမွန်ရန်၊ အတတ်ပညာများ ရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်း နိုင်ရန်မှာ ပညာ တတ်မြောက်မှုသည် လွန်စွာမှပင် အရေးကြီးကြောင်း၊ တပ်မတော် အနေဖြင့် စစ်သည်၊ မိသားစုဝင် များအား တက္ကသိုလ်ဝင်တန်း အောင်မြင်သည် အထိ သင်ကြားပေးလျက် ရှိသကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် ပညာရေး ဆုံးခန်းတိုင်အောင် မသင်ကြား ခဲ့ကြရသူများကိုလည်း ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားပေးလျက် ရှိကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်တိုင်းတွင် လေ့ကျင့်ရေးနှင့် စာပေသင်ကြားမှုများ သင်ကြားမှု မရှိပါက ရည်ရွယ်ချက် အောင်မြင်မည် မဟုတ်ကြောင်း၊ လေ့ကျင့်ရေး ပိုင်းတွင် အားနည်းချက်၊ လိုအပ်ချက်များမရှိအောင် နည်းပြအပိုင်းမှလည်း မှန်မှန်ကန်ကန်နှင့် လေ့ကျင့်ပေးရန်လိုကြောင်း၊ လေ့ကျင့်ရေးနှင့် စာပေပညာသင်ကြားမှုကို အချိုးညီမျှတစွာ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ လေ့ကျင့်မှုပိုင်းကို ပေါ့ပေါ့တန်တန် လုပ်ဆောင်ပါက တပ်မတော်ကို ထိခိုက်နိုင်ကြောင်း၊ သက်ဆိုင်ရာ ကျောင်များမှ မွေးထုတ်ပေး လိုက်သည့် အရာရှိငယ် များသည် အရည်အချင်း ပြည့်ဝသော ခေါင်းဆောင် ကောင်းများ ဖြစ်ရန်လိုကြောင်း၊ စည်းကမ်းနှင့် ပတ်သက်၍လည်း Second Nature ဖြစ်ရန် လိုကြောင်း၊ ၎င်းအပြင် စစ်အတတ်ပညာ၊ စာပေပညာများ ကျွမ်းကျင် တတ်မြောက်၍ စိတ်ဓာတ် ကောင်းမွန်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခေါင်းဆောင် ဆိုသည်မှာ မိမိတာဝန်ပိုင်း တွင် ဦးဆောင်နိုင်သူ၊ တာဝန်ယူရဲ၊ တာဝန်ခံရဲတဲ့သူ ဖြစ်ရန် လိုအပ်ကြောင်း၊ လက်အောက်မှ အောင်မြင်မှု ရှိနေသည်ကို အသိအမှတ်ပြု၍ လိုက်လှဲဝမ်းသာ ရမည်ဖြစ်ကြောင်း၊ ကြိုးစား အားထုတ်မှုနှင့် အကဲဖြတ်မှုအပေါ် မူတည်ပြီး ရာထူးများ ရရှိလာမည် ဖြစ်ကြောင်း၊ ပေးအပ်လာသည့် တာဝန်အား ကြိုးစား အားထုတ်မှုမရှိဘဲ တာဝန်ကျေ ဆောင်ရွက်ခြင်း သည် မိမိအတွက် တိုးတက်မှု ရှိလာမည် မဟုတ်ကြောင်း၊ သင်ကြားရေးနှင့် ပတ်သက်၍ စစ်အတတ်ပညာ များကို အခြေခံကျကျ လေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း၊ ယင်းသို့ လေ့ကျင့်ပေး ရာတွင် နည်းပြများ အနေဖြင့် အတန်းပညာ တတ်မြောက်ရုံသာ လေ့ကျင့်သင်ကြား ပေးခြင်းမျိုး မလုပ်ဆောင်ဘဲ အမှန်တကယ် နားလည် တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ကြောင်း၊ Guardian စနစ်ဖြင့် ထိန်းကျောင်း လေ့ကျင့် ပေးခြင်းနှင့် ကိုယ်ကျင့် တရားနှင့် စည်းကမ်းများကို အသားကျ ဖြစ်အောင် ထိန်းသိမ်းလေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း၊ လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို အလွယ်တကူ မဆုံးဖြတ်ဘဲ မိမိ ဥာဏ်ရည်ဖြင့် တွေးတောကြံဆ လုပ်ဆောင်တတ် စေရေး လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ မည်သည့် အလုပ်ကိစ္စဖြစ်စေ ဆောင်ရွက်ရာတွင် ပေါ့ပေါ့ဆဆဖြင့် လုပ်ဆောင်တတ်သည့် အကျင့်မျိုး မလုပ်ဆောင် စေရေး နည်းပြများမှ ထိန်းကျောင်း ပေးရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် အမိန့်နာခံ တတ်မှုနှင့် စစ်စည်းကမ်းသည် တပ်မတော်၏ အသက် သွေးကြောပင် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သား တစ်ယောက် အနေဖြင့် အမိန့်နာခံ တတ်မှုနှင့် စစ်စည်းကမ်း ကောင်းမွန်မှုကို အသိတရား နှင့် ယှဉ်၍ ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် စစ်မြေပြင် စည်းကမ်းများ အတိုင်း လုပ်ဆောင်ခြင်း မရှိပါက ကြီးမားသော ပေးဆပ်မှုများ ပေးဆပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပြများ အနေဖြင့် ယင်း အလေ့အကျင့် ဆိုးများ မရရှိအောင် သင်ကြားလေ့ကျင့် ပေးရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ မှန်ကန်သော ဆေးစစ်ဆေးမှုနှင့် အားကစား လေ့ကျင့်မှုများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အဖွဲ့အစည်း စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရသည့် အားကစား၊ သတ္တိ၊ ဗျတ္တိဖြင့် ဆောင်ရွက်ရသည့် အားကစား၊ သက်လုံ အထောက်အကူ ရစေသည့် အားကစား များကို ပြုလုပ်စေလျက် ရှိကြောင်း၊ ကျန်းမာရေးကို အားကစားနှင့် ပေါင်းစပ်၍ လေ့ကျင့်လိုက်စား ကြရန် လိုအပ်ကြောင်း၊ ဦးနှောက်သုံး၍ စနစ်တကျ လုပ်ဆောင် တတ်သည့် အလေ့အကျင့်၊ စဉ်းစားဥာဏ်ဖြင့် လုပ်ဆောင် တတ်သည့် အလေ့အကျင့် များကို ဗိုလ်လောင်း များအား သင်ကြားပေးရန် လိုအပ်ကြောင်း၊ အလုပ်လုပ်သည့် အခါ အောင်မြင်အောင် လုပ်ဆောင်မည် ဆိုသည့် စိတ်ဓာတ်မျိုး ထား၍ တွေးခေါ်စဉ်းစား လုပ်ဆောင်ရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယမန်နေ့ နံနက်ပိုင်း ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ်၊ သီရိဆောင်၌ သင်တန်းသား ဗိုလ်လောင်းများအား စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ် ပေးသည်။

နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေ့လယ်စာကို အနော်ရထာ တပ်ရင်း၊ စားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်းများ နှင့်အတူ ရင်းရင်းနှီးနှီး အတူတကွ သုံးဆောင်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သင်တန်းသားဗိုလ်လောင်း များနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာအတူတကွ သုံးဆောင်စဉ်


ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ် ပြတိုက်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူ တစ်ဦး၏ ရှင်းလင်းတင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြခန်း၊ ပြကွက်များအား ခေတ်စနစ်နှင့် အညီ တိုးတက်ပြောင်းလဲ လာသည့် ပုံရိပ်များ၊ မှတ်တမ်းများဖြင့် စိတ်ဝင်စားမှု ရှိအောင် ပြသပေးရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့သည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger