www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 10, 2016

လွှဲပြောင်းပေးအပ်သည့် ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ်များ ၊ စက်ပစ္စည်းများသည် မြန်မာ့တပ်မတော် အတွက်သာမက ပြည်သူလူထု၏ ကျန်းမာရေးအတွက်ပါ တိုက်ရိုက်အကျိုးရှိစွာ အသုံးပြုနိုင်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang တို့ တွေ့ဆုံ ဆွေးနွေးစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Ford Transit လူနာတင်ယာဉ်ကို ကြည့်ရှုစစ်ဆေးစဉ်


နေပြည်တော် ၊ ၁၀-၈-၂၀၁၆

နိုင်ငံတကာအဆင့်မီ တပ်မတော် ( Standard Army ) တည်ဆောက်ရာတွင် လူသား အရင်းအမြစ် (Human Resources) ကောင်းမွန်မှသာ အရည်အချင်း၊ အရည်အသွေး ပြည့်ဝသည့် တပ်မတော်ကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ ယင်းတို့ကို ဖြည့်ဆည်း စေနိုင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်မှာ စစ်သည်တော်တိုင်း ကျန်းမာ ကြံ့ခိုင်ရေးပင် ဖြစ်ကြောင်း၊ ယခုလွှဲပြောင်း ပေးအပ်သည့် ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ် များ၊ စက်ပစ္စည်း များသည် မြန်မာ့တပ်မတော် အတွက် သာမက ပြည်သူလူထု၏ ကျန်းမာရေး အတွက်ပါ တိုက်ရိုက် အကျိုးရှိစွာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ခန်းမ၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့တပ်မတော် သို့ ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ် နှင့် စက်ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသည်။

ယင်း အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang နှင့်အတူ စစ်သံမှူး Sr. Col. Wang Jinbo နှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။

ပထမဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး တို့သည် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်မှု အခြေအနေများနှင့် တပ်မတော် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ရေး ကိစ္စရပ်များအား ရင်းနှီးစွာဆွေးနွေး ခဲ့ကြသည်။

ထို့နောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့ တပ်မတော်သို့ ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ်နှင့် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ပြီး တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် က ဦးစွာ အမှာစကား ပြောကြားရာ နိုင်ငံတစ်ခုတွင် မည်သည့် နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ် ကျင့်သုံးသည် ဖြစ်စေ အဓိကစွမ်းဆောင် ပေးရမည့်အချက်မှာ ပြည်သူ့အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး နှင့် ပညာရေးမှာ ပြည်သူ့အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံကျ သဖြင့် ကမ္ဘာ့ နိုင်ငံတိုင်းသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပညာရည် မြင့်မားရေးကို မဟာ ဗျူဟာများ ချမှတ်ဆောင်ရွက် နေကြကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် မှုသည် အားလုံးနှင့် ပတ်သက်ကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့်လည်း ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး  နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေရန် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရေး တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ က အားကြိုးမာန်တက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တစ်တိုင်း ပြည်လုံး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လွှမ်းခြုံသက်ရောက် စေရန် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံ ခေါင်ပါးသည့် ဒေသများသို့ တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့များ၊ တပ်မတော်သား ပါရဂူ၊ ဆရာဝန်များ စေလွှတ်၍ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်လျက် ရှိကြောင်း၊ ၄င်းအပြင် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် လည်း တပ်မတော် အနေဖြင့် လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အား၊ စိတ်ဓာတ်အင်အား များဖြင့် အချိန်နှင့် တစ်ပြေးညီ ပူးပေါင်းကူညီ လုပ်ဆောင်ပေးလျက် ရှိသကဲ့သို့ HADR လုပ်ငန်းစဉ် အဆင့်တိုင်း တွင်လည်း တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင် ပေးလျက် ရှိကြောင်း၊ ယခုကဲ့သို့ ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ်နှင့် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ် ခြင်းသည် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်မှု အသီးအပွင့်ရလဒ် များဖြစ်ပြီး ယင်းရလဒ် များကို မြန်မာ့တပ်မတော် နှင့်အတူ မြန်မာပြည်သူ လူထုတစ်ရပ်လုံး ကပါ မျှဝေခံစားရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံမဟာ ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ ၏ ရေကြီး၊ ရေလွှမ်းမိုးမှု ဖြစ်စဉ်များတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ကူညီ ခဲ့မှု အခြေအနေ များနှင့် ယခုဆေးဘက် ဆိုင်ရာ မော်တော်ယာဉ် များနှင့် စက်ပစ္စည်းများ လွှဲပြောင်း ပေးအပ်မှု အခြေအနေ များကို ရှင်းလင်း ပြောကြား၍ မြန်မာ့တပ်မတော် မှ မြန်မာနိုင်ငံ ဒေသ အနှံ့အပြားရှိ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်ပေး မှုနှင့် ပြည်သူလူထု အကျိုးစီးပွား ဖော်ဆောင်ရေး လုပ်ငန်းများအား အလေးထား ပါကြောင်း၊ ယခုလွှဲပြောင်း ပေးအပ်သည့် ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ် များနှင့် စက်ပစ္စည်း များသည် မြန်မာ့တပ်မတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြည်သူလူထု ကျန်းမာရေးတို့ အတွက် ထိရောက်သည့် အထောက်အကူ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စစ်သံမှူးနှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး တို့က ပစ္စည်းလွှဲပြောင်းမှု ဆိုင်ရာ စာရွက်စာတမ်း များအား လက်မှတ်ရေးထိုး ၍ အပြန်အလှန် လဲလှယ်ကြပြီး ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စစ်သံမှူးထံ ကျေးဇူးတင် မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

၎င်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့တပ်မတော် သို့လွှဲပြောင်း ပေးအပ်သည့် ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ်နှင့် စက်ပစ္စည်းများ ကို လှည့်လည် ကြည့်ရှု၍ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့တပ်မတော် သို့ လွှဲပြောင်းပေးအပ်သည့် ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ်များကို တွေ့ရစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang တို့ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

အဆိုပါ အခမ်းအနားတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့တပ်မတော် အတွက် ဆေးဘက်ဆိုင်ရာ မော်တော်ယာဉ်များ ဖြစ်သည့် Ford Transit လူနာတင်ယာဉ် ၃ဝ စီး၊ Mercedes Benz Dental Clinic  မော်တော်ယာဉ် ၃ စီးနှင့် Digital X-ray Machine စက်ပစ္စည်း ၁၅ ခုတို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

Ford Transit လူနာတင်ယာဉ်သည် Automatic Closed Chest CPR System (အလိုအလျောက် အသက်ကယ်စနစ်) ပါဝင်သည့် အတွက် ဆရာဝန်၊ သူနာပြု အရေအတွက် အနည်းဆုံးဖြင့် ဆေးကုသ ပေးနိုင်သောကြောင့် အရေးပေါ်လူနာ များအတွက် များစွာ အထောက်အကူ ပြုခြင်း၊ Ultra-Violet (ခရမ်းလွန် ရောင်ခြည်) စနစ်ပါဝင်သည့် အတွက် ယာဉ်အတွင်း ပိုးသန့်စင် ပေးနိုင်ခြင်း၊ Mercedes Benz Dental Clinic မော်တော်ယာဉ်သည် Oral Digital Imaging System ခံတွင်းရှိ အင်္ဂါအစိတ်အပိုင်း များအား ပုံရိပ်ဖော်ပေး နိုင်သည့် ဓာတ်မှန်စက်နှင့် ယာဉ်အတွင်း ပိုးသန့်စင် ပေးနိုင်သော UV Sterile-Lamp စနစ်များ စသည့်ခေတ်မီ စက်ပစ္စည်းများ တပ်ဆင် ထားခြင်းကြောင့် အဆင့်မြင့် သွားဆေးခန်း တစ်ခုကဲ့သို့ ကုသပေးနိုင်ခြင်း၊ Digital X-ray Machine စက်ပစ္စည်းသည် တစ်နေ့လျှင် လူနာဦးရေ ပျမ်းမျှအနည်းဆုံး ၂ဝဝ ဦး ရောဂါရှာဖွေ ပေးနိုင်ခြင်း၊ ရင်ဘတ်၊ ဦးခေါင်းခွံ၊ ကျောရိုး၊ ခြေလက် အစိတ်အပိုင်း နှင့် အရိုးအဆစ်၊ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ရောဂါရှာဖွေ ပေးနိုင်ပြီး အရည်အသွေး ကောင်းမွန်သည့် ဓာတ်မှန်ပုံများကို တိုက်ရိုက် ကြည့်ရှုနိုင်ခြင်း တို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အတွက် များစွာ အကျိုးကျေးဇူး ရရှိနိုင်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger