www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 9, 2016

ပင်လယ်ပြင် ကျူးကျော်မှုကြောင့် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို မကြာခဏဆင့်ခေါ် နေရသည့် ဂျပန်



( ရှိန်းထက် )

၁၉၄၀ ပြည့်နှစ် တစ်ဝိုက်က မကျေနပ်မှု များနှင့် ဆုံးရှုံးခဲ့ရမှု များကို ပြန်လည်ရယူချင် နေသည့် တရုတ်သည် ယင်းနှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် နယ်နိမိတ်ချင်း ဆက်စပ်နေသော နိုင်ငံတိုင်းလိုလို နှင့် ပြဿနာ ဖြစ်ပွားနေသည်။ တောင်တရုတ် ပင်လယ်ပြင် အရေး၊ အရှေ့တရုတ် ပင်လယ်ပြင် အရေး စသည့် ကမ္ဘာ၏ အဓိကအကျဆုံး ကျောရိုးနေရာ များကို ပိုင်ဆိုင်ချင် နေသည်။

တရုတ်၏ နိုင်ငံခြားရေး မူဝါဒသည် ရုရှားကဲ့သို့ စစ်တပ်အပေါ် တွင် မှီခိုမှုမရှိ သော်လည်း အရာရာတိုင်းကို တရုတ်တို့က သူ၏ စစ်အင်အားနှင့် ဖြေရှင်းလျက် ရှိသည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး စစ်ဆင်အား ဆိုသည့် ခေါင်းစဉ်အောက်တွင် တရုတ်တို့ နယ်မြေများကို စိတ်ကြိုက် သိမ်းယူလျက် ရှိသည်။ ဒုတိယကမ္ဘာစစ် တုန်းက သိမ်းယူမှု များသည် သွေးစွန်းသည့် သိမ်းယူမှုများ ဖြစ်သည်။ ယခု တရုတ်တို့ သွေးမစွန်းဘဲ အငြင်းပွားပိုင်နက် များကို ကိုလိုနီ လုပ်နိုင်နေသည်။

နိုင်ငံတကာ တရားရုံးကဲ့သို့ ကုလသမဂ္ဂ အသိအမှတ်ပြု ခုံရုံးကိုပင် တရုတ်တို့က လေးစားမှုမရှိဘဲ သူ့စိတ်ကြိုက် လုပ်ချင်တိုင်း လုပ်နေသည်။ တောင်တရုတ် ပင်လယ်ပြင်၌ ကျွန်းတုများ တည်ဆောက်သည်။ စစ်အခြေ စိုက် စခန်းများနှင့် ရေအောက် သုတေသန စခန်းများ ဆောက်လုပ်သည်။ အမေရိကန် နှင့် နိုင်ငံတကာက ကန့်ကွက်နေသည့် ကြားထဲကပင် တရုတ်သည် သူ၏ စစ်အင်အားကို အခိုင်အမာ တည်ဆောက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အမေရိကန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်(တိုင်ပေ) တို့နှင့် ပြဿနာ ဖြစ်ပွားလျက် ရှိသည်။ အရှေ့တရုတ် ပင်လယ်ပြင်တွင် တရုတ်သည် ဂျပန်နှင့် အငြင်းပွား ရေပိုင်နက်နေရာများ အနီး၌ လေကြောင်း ကာကွယ်ရေးဇုန် များ တည်ထောင်သည်။ ထို့ကြောင့် ဂျပန်နှင့် ထိပ်တိုက်တွေ့ ရသည်။ ဂျပန်ကလည်း အရှေ့တရုတ် ပင်လယ်ပြင်ကို အကြီးစား စစ်ရေး တည်ဆောက်မှုများ ပြုလုပ်နေသည်။ တရုတ်တို့၏ ကျူးကျော်မှုများနှင့် အနာဂတ် စစ်ပွဲများကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှု ဖြစ်သည်။ တစ်နှစ်လျှင် ဂျပန် ရေပိုင်နက် ထဲသို့ တရုတ်၏သင်္ဘော ကျူးကျော်မှုပေါင်း ရာနှင့်ချီရှိသည်။ ထို့ကြောင့် တရုတ် သံအမတ်ကို ဂျပန်တို့ နှစ်တိုင်း ဆင့်ခေါ်ရသည်။ 

ဇူလိုင်လတုန်း ကလည်း တရုတ် စစ်သင်္ဘောများ ဂျပန်ရေပိုင်နက်သို့ ဝင်ရောက် လာခဲ့သောကြောင့် တရုတ် သံအမတ်ကို ဝန်ကြီးချုပ် အာဘေး က ဆင့်ခေါ်ပြီး သတိပေး ခဲ့ရသည်။

ယခုလည်း ကမ်းလွန်တရုတ် ရေနံတူးစင်တွင် ရေဒါများ တည်ဆောက် ထားသောကြောင့် တရုတ်နှင့်ဂျပန် ပြဿနာဖြစ်ပွား နေရပြန်သည်။ တရုတ်တို့၏ ကမ်းလွန်ရေနံ တူးစင်များသည် အပြည်ပြည် ဆိုင်ရာ ရေပိုင်နက် တွင် ဆယ်နှင့်ချီ ရှိသည်။ ထိုအထဲမှ ဂျပန်နှင့် အနီးဆုံး ရှိနေသည့် အရှေ့တရုတ် ပင်လယ်ပြင် အနီးက ရေနံတူးစင် တစ်ခု၌ တရုတ်က ရေဒါစနစ် တပ်ဆင် ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဂျပန်က တရုတ် သံအမတ်ကို ခေါ်ယူ၍ ပြင်းထန်စွာ သတိပေးထားပြီး တရုတ်ကိုလည်း ဖြေရှင်းချက် ပေးရန် အကြောင်းကြား ထားသည်။ တရုတ်တို့ ကတော့ ယခုအချိန်ထိ မည်သည့် တုံ့ပြန်မှုမျှ မလုပ်သေးဘဲ အရှေ့တရုတ် ပင်လယ်ပြင် တွင် စစ်ရေး လှုပ်ရှားမှုများကို ဆက်လုပ်နေသည်။ သို့ဖြစ်၍ ဂျပန်ကလည်း ဆင်ကာကူ ကျွန်းအနီး၌ ရေဒါစနစ် တစ်ခုကို တရုတ်နှင့် အပြိုင် တပ်ဆင် လိုက်သည်။

အရှေ့တရုတ် ပင်လယ်ပြင်ရှိ တရုတ်တို့ လှုပ်ရှားမှုများကို ဂျပန်တို့ သိရှိနိုင်တော့မည် ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေး စနစ် THAAD ကို ဂျပန်တို့ တပ်ဖြန့်ချထား ဦးမည်ဖြစ်သည်။

မကြာမီက ဂျပန်သည် သူ၏ ကမ်းရိုးတန်းကို အချိန်ပြည့် စောင့်ကြပ်နိုင်ရန် အကြီးစား စစ်သင်္ဘော ၁၂ စင်းကို အားဖြည့်ချထား ခဲ့သည့် ဆင်ကာကူကျွန်း များအထိပါ ကင်းလှည့်မည့် ထိုသင်္ဘော များသည် တရုတ် စစ်သင်္ဘော များနှင့် စွမ်းဆောင် ရည်ချင်း ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ တရုတ်နှင့် ဂျပန်သည် ၂ဝ၁၆ ခုနှစ်မှ စတင်ကာ စစ်တပ် စွမ်းဆောင်ရည် များကို ယှဉ်ပြိုင်လာ ကြသည်။ လေကြောင်း ဂျက်တိုက်လေယာဉ် စွမ်းရည် များကို ယှဉ်ပြိုင်သည်၊ ရေကြောင်း စစ်သင်္ဘော စွမ်းဆောင်ရည် များကို ယှဉ်ပြိုင်သည်၊ မကြာခဏ အရှေ့တရုတ် ပင်လယ်ပြင်၌ ယှဉ်ပြိုင်ပွဲများ စလေ့ရှိသည်။ ၂ဝ၁၆ ခုနှစ် နှစ်ဝက်အတွင်း မှာပင် တရုတ်၏ ဂျက်တိုက် လေယာဉ်ပေါင်း ၁၉ဝ ခန့် ဂျပန် လေကြောင်း ပိုင်နက်သို့ ကျူးကျော် လာခဲ့သည်။ နောက်ဆုံး ဂျပန်လေကြောင်း ကာကွယ်ရေးဇုန် အထိပါ ရောက်ရှိ လာခဲ့သည်။

ဂျပန်တို့ ကလည်း တရုတ်ဂျက် တိုက်လေယာဉ်များ အားလုံးကို ၄င်း၏ပိုင်နက် အပြင်ဘက်သို့ ချက်ချင်း မောင်းထုတ်နိုင် ခဲ့သည်။ ရေကြောင်းတွင် ဂျပန်၏ ဖျက်သင်္ဘောနှင့် ဖရီးဂိတ် စစ်ရေယာဉ် များသည် တရုတ် စစ်သင်္ဘောများ အားလုံးကို မောင်းထုတ် နိုင်ခဲ့သည်။ လာမည့်ငါးနှစ် အတွင်း ဂျပန်သည် အရှေ့တရုတ် ပင်လယ်ပြင်ကို အကြီးစား စစ်ရေး တည်ဆောက်မှု များကို ပြုလုပ်တော့မည် ဖြစ်သည်။

မြေပြင်စစ်သည် အင်အား ၁ဝဝဝဝ တိုးချဲ့မည်။ အမေရိကန်၏ မဟာ ဗျူဟာမြောက် ဂျက်တိုက် လေယာဉ်အုပ်စု F-35 များကို ဝယ်ယူမည်။ လေယာဉ်တင် သင်္ဘောများဖြင့် အားဖြည့်မည်။ တရုတ်အတွက် ရည်ရွယ် တည်ဆောက် ထားသော လေကြောင်းရန် ကာကွယ်ရေး စနစ် THAAD ကို ဝယ်ယူမည်။ ရေငုပ်သင်္ဘော အရေအတွက် ကိုတိုးမြှင့်မည်။ ဘက်စုံသုံး တိုက်ခိုက်ရေး ယာဉ်များကို ဝယ်ယူမည် စသည်ဖြင့် တရုတ်တို့၏ ရေကြောင်းနှင့် လေကြောင်းမှ လာမည့် ရန်မှန်သမျှကို ကာကွယ်နိုင်စွမ်း ရှိအောင် အပြည့်စုံဆုံး ဂျပန်တို့ သူ့ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်ကို အင်အားဖြည့်တင်း မည်ဖြစ်သည်။ THAAD သည် တောင်ကိုရီးယား ၏နယ်မြေ သုံးပုံနှစ်ပုံကို ကာကွယ်နိုင်စွမ်း ရှိသည်။ ဂျပန်၏ ပိုင်နက်ကိုလည်း တောင်ကိုရီးယား နိုင်ငံကဲ့သို့ ကာကွယ်ပေးမည် ဖြစ်သည်။

ရေဒါ ဖြန့်ကြက်မှုသည် လိုအပ်လျှင် လိုအပ်သလို မိုင်ပေါင်း ထောင်ချီ၍ ဖြန့်ကြက် နိုင်စွမ်းရှိသည်။ ဂျပန်၌ ချထားလျှင် အရှေ့တရုတ် ပင်လယ်ပြင် သာမက တရုတ်နိုင်ငံ အထိပါ ရောက်နိုင်သည်။ ထို့ကြောင့် ဂျပန်တို့ အမေရိကန်၏ အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးစနစ် THAAD ကိုဝယ်ယူရန် စိတ်အားထက်သန် နေခြင်းဖြစ်သည်။ ထို့ပြင် လာမည့်ငါးနှစ် သက်တမ်းတွင် ဂျပန်နှင့် အမေရိကန်ပူးပေါင်း စစ်ဆင်ရေးများနှင့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ အပါအဝင် ဂျပန်မြေ၌ အမေရိကန် စစ်ရေး လှုပ်ရှားမှုများ ယခုထက် ပိုပြီးတွေ့ရ နိုင်တော့မည် ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် စစ်ရေးကို တရုတ်နှင့်အပြိုင် ဖြစ်စေချင်သည်။ ထို့ကြောင့် နိုင်ငံ၏ အခြေခံဥပဒေ များကို ပြင်ဆင်သည်။ ဂျပန်စစ်တပ် ကို ပြည်ပအထိ ရောက်ရန် ပို့နိုင်စွမ်းရှိအောင် အာဘေးက စွမ်းဆောင် နေသည်။ ယခုအခါ အာဖရိက တိုက်အထိပင် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော် ရောက်ရှိတော့မည် ဖြစ်သည်။ အမေရိကန် ဒေါ်လာ သန်း ၁၂ဝ နှင့် အာဖရိက လုံခြုံရေးပေးမည့် အာဘေး ၏ အစီအစဉ်သည် မကြာမီ အကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။

အာဘေးက ဂျပန်ကိုယ်ပိုင် တပ်မတော် ကို အင်အား ဖြည့်တင်းပြီး ပြည်ပ စစ်အင်အား ကိုလည်း တိုးမြှင့်ခဲ့သည်။ နိုင်ငံရေး သုတေသီ များက အရှေ့တရုတ် ပင်လယ်ပြင်၌ တရုတ် နှင့် ဂျပန်တို့ ထိပ်တိုက်တွေ့လျှင် စစ်ရေးဗျူဟာ ကြွယ်ဝလှသော ဂျပန်ကြောင့် ထင်မှတ် မထားသော အခက်အခဲများနှင့် ရင်ဆိုင်ရနိုင် သည်ဟုဆိုသည်။ ထို့ပြင် ဂျပန်၏ နောက်တွင် အမေရိကန် ၏ စစ်အင်အား သုံးစုလောက်က ရှိနေသောကြောင့် တောင်တရုတ် ပင်လယ်ပြင်အရေး ရော အရှေ့တရုတ် ပင်လယ်ပြင် အရေးမှာပါ ဂျပန်တို့ တရုတ်နှင့် နောက်မတွန့်တန်း ယှဉ်ပြိုင် နေနိုင်ခြင်း ဖြစ်သည်။

ယခုတော့ အရှေ့တရုတ် ပင်လယ်ပြင် တွင် လေကြောင်းရော ရေကြောင်းပါ ဂျပန် နှင့် တရုတ်တို့ ထိပ်တိုက်တွေ့ နေကြပြီဖြစ်ပြီး နှစ်ဖက်စလုံး ကလည်း စစ်ပွဲတစ်ပွဲ အတွက် အကောင်းဆုံး ပြင်ဆင်မှုများနှင့် ပွဲထွက်ချင် နေကြသည်။ ထိုသို့ ပြင်ဆင်ရင်းကပင် ဂျပန် သံအမတ်ကို တရုတ်က ဆင့်ခေါ်လိုက်၊ တရုတ်သံအမတ်ကို ဂျပန်က ဆင့်ခေါ်လိုက် နှင့် အရှေ့တရုတ် ပင်လယ်ပြင် အရေးသည် တင်းမာမှုများ ပိုမိုမြင့်တက် လာပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger