www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 19, 2016

ရုရှားစစ်ရေး အတွက် အရှေ့အလယ်ပိုင်း က အီရန်၏ အရေးပါမှု


Military first for Iran as Russian bombers based on its territory launch air strikes on Syria

Tu-22 M3 ' Backfire ' long-range bomber
Russia Tu-22 

( ရှိန်းထက် )

ဆီးရီးယားသူပုန် များကို ရုရှားတို့ အီရန်မှနေ၍ ဗုံးကြဲခဲ့သည်မှာ ဒုတိယမြောက်နေ့ ရှိလာပြီဖြစ်သည်။ ဇူလိုင်လက အလက်ပိုမြို့ နှင့် တခြား အကူအညီလို နေသော မြို့များတွင် ပိတ်မိနေသော ပြည်သူများကို အစားအစာများ သွားရောက်ပို့ဆောင် ပေးသည့် ရုရှား၏ ရဟတ်ယာဉ်ကို သူပုန်တို့က ပစ်ချခဲ့ပြီးနောက် လက်တုံ့ပြန်သည့် အနေဖြင့် ပထမဆုံးအကြိမ် အပြင်းအထန် ဗုံးကြဲနေခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံထဲ၌ ပြည်တွင်းစစ် ကြောင့် ပိတ်မိနေသူ ဦးရေသည် ၂၅ဝဝဝဝ မှ ၃ဝဝဝဝဝ အထိရှိသည်။ ထိုစစ်ဘေး ဒုက္ခသည်များသည် အစားအစာများ ပတ်လပ်နေကာ အကူအညီများ လိုအပ်လျက် ရှိသည်။ ယခု ရုရှားက သူ၏သယ်ယူ ပို့ဆောင်ရေးယာဉ် ပစ်ချခံခဲ့ရ ပြီးနောက် အစားအသောက် ဖြန့်ဝေမှုကို ရပ်ဆိုင်းထား ခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂ က သာလျှင် ပိတ်မိနေသူများကို ကူညီနေရသည်။

ရုရှား ရဟတ်ယာဉ်ကို ပစ်ချ လိုက်သောကြောင့် အစားအသောက်များ ပို့ဆောင်ပေးမှု ဖြတ်တောက်ခံ လိုက်ရရုံမျှမက အမေရိကန် နှင့် ရုရှားတို့၏ ISIS ပူးပေါင်း စစ်ဆင်ရေး သတင်းမှာလည်း အစအနပင် မကြားရတော့ဘဲ အကောင်အထည် ပေါ်လာဖို့ ဆိုသည်မှာ ရာခိုင်နှုန်းပိုနည်း သွားတော့သည်။ ယခု ရုရှားတို့ အီရန်၏ စစ်အခြေစိုက် စခန်းကို အသုံးပြုခွင့် ရရှိထားပြီး အီရတ် လေပိုင်နက် ကိုလည်း တရားဝင် အသုံးပြုခွင့် ရရှိထားပြီး ဖြစ်သည်။

မကြာတော့မည့် အချိန်တွင် အီရတ်လေတပ် အခြေစိုက်စခန်း များကိုလည်း ရုရှားတို့ အသုံးပြုခွင့် ရရှိတော့မည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

ယခင်က ဆီးရီးယားသို့ ရုရှားတို့ ဗုံးကြဲရတော့မည် ဆိုလျှင် ကီလိုမီတာ ၂ဝဝဝ ကျော်ဝေးသော ခရီးကိုဖြတ်၍ ပျံသန်း လာရသည်။ ယခုအီရန်၏ အနောက်မြောက် ဘက်ရှိ ဟာမာဒမ် လေတပ် အခြေစိုက်စခန်းကို အသုံးပြု ခွင့် ရရှိထားသောကြောင့် ဆီးရီးယားကို ရောက်ဖို့ ကီလိုမီတာ ၆ဝဝ ခန့်ကိုသာ ပျံသန်းရပြီး ပျံသန်းမှု ကြာမြင့်ချိန် ၆ဝ ရာခိုင်နှုန်းလောက် လျော့နည်း သက်သာသွားသည်။ မကြာမီ အီရန်သို့ ရုရှားက ဟာမာဒမ် လေတပ် အခြေစိုက်စခန်း၌ တာဝန် ထမ်းဆောင်ရန် ရုရှားစစ်သည် ရာနှင့်ချီ ပေးပို့တော့မည် ဖြစ်သည်။ ရုရှားသည် အမေရိကန် တို့ထက် အီရတ်နှင့် ဆက်ဆံရေး ပိုစောခဲ့သူ ဖြစ်သည်။ သူ၏လေကြောင်းရန်ကာကွယ်ရေးစနစ် S 300 များပင် ရောင်းချလုနီးနီး ဖြစ်ခဲ့သည်။ သို့သော်လည်း အနောက်အုပ်စုက တားမြစ် ခဲ့သောကြောင့် ထိုကိစ္စမှာ ပျက်စီး သွားခဲ့ခြင်း ဖြစ်သည်။

အရှေ့ အလယ်ပိုင်း၌ ဆော်ဒီနှင့် အီရန်သည် အင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်သည်။ ဆော်ဒီ၏ စစ်အသုံး စရိတ်သည်  အရှေ့အလယ်ပိုင်း ၌ ညွန့်ပေါင်း အစိုးရကို ခေါင်းဆောင်သည့် အချိန်မှစ၍ အဆမတန် မြင့်တက်သွား ခဲ့ပြီး ကမ္ဘာ့စစ်လက်နက် တင်သွင်းမှုစာရင်း တွင် ပထမဆုံးနေရာမှာ ရှိနေခဲ့သည်။ ထို့ကြောင့် ဆော်ဒီ နှင့် အီရန်ပြိုင်ဆိုင်မှုသည် ပိုမိုမြင့်တက်ခဲ့ ရသည်။

အမေရိကန်သည် အရှေ့အလယ်ပိုင်းကို အာဏာရဖို့နှင့် ရေနံရဖို့ ဆော်ဒီကို အားကိုး နေရသည်။ ထို့ကြောင့် အမေရိကန်အတွက် ဆော်ဒီကို ပစ်ပယ်၍မရသော အခြေအနေ ဖြစ်သည်။ သို့သော်လည်း အီရန်ကိုသာ အမေရိကန်တို့ ထိန်းချုပ်နိုင်ခဲ့ ပါက ဆော်ဒီကို အမေရိကန်တို့ ပစ်ပယ်၍ ရနိုင်သည်။ နှစ်နိုင်ငံစလုံး ကိုသာ ထိန်းချုပ်နိုင်လျှင် အရှေ့အလယ်ပိုင်း သည် အမေရိကန် လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွား တော့မည် ဖြစ်သည်။ ထို့ပြင် အာရှ-ပစိဖိတ် လွှမ်းမိုးရေးနှင့် ဗျူဟာဖြန့်ကြက်ရေး များတွင်လည်း အရှေ့အလယ်ပိုင်း သည် တစ်နည်းတစ်ဖုံ သက်ဆိုင် နေသောကြောင့် အမေရိကန် တို့ အီရန်ကို ထိန်းချုပ်ချင် နေခြင်းဖြစ်သည်။ သို့သော်လည်း အီရန်သည် အမေရိကန်၏ ထိန်းချုပ်မှုကို မခံဘဲ နျူကလီးယား စွန့်လွှတ်မှု တစ်ခုကိုသာ ပြုလုပ်ကာ သူ့ စီးပွားရေးကို တိုးမြှင့်ခဲ့သည်။

နျူကလီးယား နည်းပညာထဲတွင် အကျုံးဝင်သည့် ဒုံးပျံနည်းပညာကို အမေရိကန် က ဘယ်လောက် ပြောပြော၊ ဘယ်လောက် ဖိအားပေးပေး အီရန်က မစွန့်လွှတ်ဘဲ တာလတ်ပစ် ဒုံးပျံများနှင့် တာဝေးပစ်ဒုံးပျံ များကို မကြာခဏ စမ်းသပ်ခဲ့သည်။ အမေရိကန် သည် အီရန်နှင့် စစ်ရေးအရ ဆက်ဆံဖို့သည် လုံးဝမဖြစ်နိုင် သေးသော အခြေအနေ ဖြစ်သည်။ ထို့ကြောင့် အီရန်နှင့် စစ်ရေးအရ ဆက်ဆံရေးမှာ အမေရိကန်သည် ရုရှားထက် နောက်ကျနေခြင်း ဖြစ်သည်။

ယခင်က ဆိုင်းငံ့ထား ခဲ့သော အီရန်ကို S 300 လေကြောင်းရန် ကာကွယ်ရေးစနစ် ရောင်းချဖို့ ကိုလည်း အီရန်နှင့် ရုရှား ဆွေးနွေး နေပြန်သည်။ ထို့ကြောင့် ရုရှား စစ်တပ်သည် အီရန်မြေကို မကြာမီ အလုံးအရင်းနှင့် ရောက်ရှိ လာတော့မည်။ အီရန်ကို ချုပ်ကိုင်ရန် သမ္မတ ပူတင် ကြိုးစားတော့မည်။ အီရန်ကို ထိန်းချုပ်နိုင်လျှင် ရုရှားသည် အရှေ့အလယ်ပိုင်း တစ်ဝက်ကို ပိုင်မည်ဟု ဆိုနိုင်သည်။ အရှေ့အလယ်ပိုင်း ၌လည်း အမေရိကန်ကို အင်အားချင်း ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ယခုရုရှားသည် အမေရိကန် ပိုင်ဆိုင်သည်ဟု ဆိုနိုင်သော ပိုင်နက်များကို အလုံးအရင်းနှင့် ဝင်နေသည်။ အရှေ့အလယ်ပိုင်း သာမက အာရှအရှေ့ ကိုပါ ရုရှားတို့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသည်။ ထို့ကြောင့် ရုရှားနိုင်ငံ ပြင်ပတွင် စစ်ရေး ဖြန့်ကြက်မှုကို အဓိကထား လာသော ပူတင် ကြောင့် အမေရိကန်တို့ စိုးရိမ်စရာ ဖြစ်လာလျက် ရှိသည်။

ယခု သူတို့ပစ်မှတ် ထားပြီး အလျှော့ပေး ခဲ့သော အီရန် ကိုလည်း ရုရှားတို့က လမ်းကြောင်းများ ခင်းနေသည်။ စစ်ရေးအခြေစိုက် စခန်းများကိုလည်း ရုရှားတို့က လက်ဦးမှု ရရှိနေသည်။ အီရတ်၌လည်း မကြာမီ ရတော့မည်။ ထို့ပြင် ဆီးရီးယား သည်လည်း ရုရှားတို့၏ ပိုင်နက်ဟု ပြော၍ ရလောက်အောင် ရုရှားတို့ ထိန်းချုပ်မှုက ဆီးရီးယား သမ္မတ အာဆတ် အတွက် အဓိကကျ နေသည်။ ရုရှားတို့၏ နှစ်ရက်ကြာ ဆီးရီးယားသူပုန် များကို ဗုံးကြဲမှုကြောင့် ဆီးရီးယားသူပုန် ၁၅ဝ ကျော် သေဆုံးခဲ့ရပြီး ထိုဗုံးကြဲမှုတွင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် များကို အသုံးပြုခဲ့သည်။ မိုင်ပေါင်း ထောင်ချီ ပျံသန်းနိုင် သည့် TU-22 များကို အသုံးပြုခဲ့ပြီး ဇူလိုင်လက သေဆုံးခဲ့သော ရုရှားလေယာဉ်မှူး များအတွက် ပြန်လည် လက်စားချေခြင်း ဖြစ်သည်။ နောက်ထပ်လည်း ရုရှားတို့ အီရန်လေတပ် အခြေစိုက်စခန်း မှနေ၍ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ရန် အရိပ်အယောင်များကို တွေ့နေရ သေးသည်။

ဆီးရီးယားရှိ ပြည်နယ် သုံးခုကျော်ကို ဗုံးကြဲခဲ့ခြင်း ဖြစ်ပြီး ရုရှားကတော့ စစ်သွေးကြွ နှင့် ISIS တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း သေဆုံးသူ များသည် ဆီးရီးယား သူပုန်များသာ ဖြစ်သည်။ သူပုန်များသည် အယ်ကေးဒါး နှင့်လည်း အဆက်အသွယ် ရှိသောကြောင့် ရုရှားတို့ ဗုံးကြဲမှုသည် စစ်သွေးကြွ များဟု ထိုသူပုန်များကို သတ်မှတ်၍ ရသည်။

ကုလသမဂ္ဂသည် ဆီးရီးယား အတိုက်အခံ များကို သူပုန်ဟူ၍သာ သုံးစွဲထားပြီး အကူအညီ လုံးဝပေးအပ်မှု မရှိပေ။ သို့သော်လည်း အမေရိကန် ကတော့ ထိုသူပုန်များ လိုသလောက် အကူအညီကို ပံ့ပိုးပေး လျက်ရှိသည်။ သူပုန်ဘက်ကို အမေရိကန်က ပံ့ပိုးပြီး လက်ရှိ အစိုးရသမ္မတ အာဆတ် ဘက်ကို ရုရှားကပံ့ပိုးမှု အခြေအနေသည် မပြီးဆုံးနိုင် ဖြစ်ကာ သံသရာလည် နေသည်။ ထိုကြားထဲတွင် အနေချောင် နေသည်က ISIS တို့ ဖြစ်နေသည်။ ISIS ကိုအပြီးတိုင် ချေဖျက်ဖို့သည် ရုရှား ပါမှသာလျှင် ဖြစ်နိုင်သည်။ သို့သော်လည်း ရုရှားက ISIS နှင့် အမေရိကန် တို့ကို ကျောထောက် နောက်ခံများ အဖြစ် အသုံးချပြီး အရှေ့အလယ်ပိုင်း ၌ အမေရိကန်ကို အချိန်ဆွဲကာ အင်အားတစ်ခု ချဲ့ထွင်ဖို့ ကြိုးစားနေသည်။ ယခုအီရန်ပါ ရုရှားဘက်က ပါလာပြီဖြစ်သည်။ ထို့ကြောင့် မကြာတော့မည့် အချိန်တွင် အရှေ့အလယ်ပိုင်း ၌ ရုရှားတို့ အီရန်နှင့် ဆီးရီးယားကို ဗဟိုပြုပြီး အမေရိကန် ကိုယှဉ်ပြိုင်မည့် အင်အားတစ်ခု ရရှိလာတော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger