www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 14, 2016

ပင်းယ - အင်းဝ ရှိ သမိုင်းဝင်ရှေးဟောင်း အဆောက်အအုံ ၅ ခုနှင့် အင်းဝပြတိုက် တို့ကို ငွေကျပ်သိန်း ၁၈၂၀ အကုန်အကျခံ၍ ပြုပြင်ထိန်းသိမ်းမည်


ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်တော့မည့် ဘကြီးတော်စစ်ကိုင်းမင်း ကောင်းမှု "လေးထပ်ကျောင်းကြီး" ကိုတွေ့ရစဉ်

အင်းဝ ၊ ၁၄-၇-၂၀၁၆

ပင်းယ-အင်းဝ ဒေသရှိ သမိုင်းဝင် အဆောက်အုံ ကြီးများဖြစ်သော ပင်းယမြို့ရှိ ဂူသုံးလုံးဘုရား တွင် အလယ်ဂူ၊ အင်းဝမြို့ရှိ လေးထပ်ကြီး အုတ်ကျောင်းတော်၊ နန်းမြင့်မျှော်စင်၊ စန္ဒပူရီတံခါး နှင့် ကျိုင်းရုံးတံခါးကြား ရှိ မြို့ရိုး၊ နန်းမြို့တော် မြို့ရိုးနှင့် အင်းဝပြတိုက် မွမ်းမံ ထိန်းသိမ်းခြင်း နှင့် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ငွေကျပ်သိန်း ၁၈၂ဝ အကုန်အကျ ခံကာ ပြန်လည်ပြုပြင် ထိန်းသိမ်းနေပြီ ဖြစ်ကြောင်း အင်းဝပြတိုက်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်း က ပြောပြသည်။

ဦးစွာ ပင်းယမြို့ဟောင်း ရှိ ဂူကြီးသုံးလုံး တွင် အလယ်ဂူ ကို စတင်ပြင်ဆင် နေပြီဖြစ်သည်။ ထို့နောက် အပြင်မြို့ကြီး အနောက်မျက်နှာ ရေတိုက်စား၍ ပြိုပျက်နေသော စန္ဒပူရီတံခါး နှင့် ကျိုင်းရုံးတံခါး ကြားရှိ မြို့ရိုးကို မြစ်ရေ မဝင်အောင် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အင်းဝ နန်းတွင်းမြို့ရိုး အတွင်းရှိ နန်းမြင့် မျှော်စင်သည် ယခင်က မျှော်စင်ပေါ်သို့  တက်ရန် ပြုလုပ်ထားသောလှေကားများမှာ ပျက်စီးယို ယွင်း နေသဖြင့် အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ကာ အပေါ်သို့ တက်ခွင့်ကို ပိတ်ပင်ထား ခဲ့ရာ ယခုအခါ ထိုသို့ပျက်စီး နေသော လှေကားများနှင့် အထွေထွေ လိုအပ်ချက် များကို ပြုပြင်ကာ အပေါ်သို့ တက်ရောက် ကြည့်ရှု နိုင်သည်ထိ ပြုပြင် သွားမည် ဖြစ်သည်။

အင်းဝမြို့တွင် အပြင်မြို့ရိုး၊ မြို့တော်မြို့ရိုး၊ နန်းမြို့တော် မြို့ရိုးဟူ၍ သုံးထပ်ရှိရာ တွင် နန်းမြို့တော် မြို့ရိုးကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ် သွားမည် ဖြစ်သည်။

ထို့ပြင် ဘကြီးတော် စစ်ကိုင်းမင်း ကောင်းမှု လေးထပ် အုတ်ကျောင်းတော် ကြီးကိုလည်း ကျောင်းတော်ကြီး တစ်ခုလုံး လှည့်ပတ် ကြည့်ရှုနိုင် သည်ထိ ချုံများ ရှင်းလင်းကာ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်း သွားမည် ဖြစ်သည်။

အင်းဝပြတိုက်၏ အထွေထွေ လိုအပ်ချက် များကို ပြုပြင်ပြီး ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို အဆင့်မြှင့် ခင်းကျင်းပြသ နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အင်းဝပြတိုက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းရာတွင် ဌာနတွင်း ပညာရှင်များနှင့် ပြင်ပ ဗိသုကာ ပညာရှင်များပါ ပူးပေါင်း၍ ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ပင်းယ ဂူသုံးလုံး အလယ်ဂူ ပြုပြင် ထိန်းသိမ်းမှုတွင် ငွေကျပ်သိန်း ၄ဝဝ၊ လေးထပ် အုတ်ကျောင်း တော်ကြီး ပြုပြင်ထိန်းသိမ်း မှုတွင် ငွေကျပ်သိန်း ၁၅ဝ၊ နန်းမြင့်မျှော်စင် ပြုပြင် ထိန်းသိမ်းမှု တွင် ငွေကျပ်သိန်း ၆ဝ၊ စန္ဒာပူရီ တံခါးနှင့် ကျိုင်းရုံး တံခါးကြား ရှိ မြို့ရိုးပြုပြင် ထိန်းသိမ်းရာ တွင် ငွေကျပ်သိန်း ၁၁ဝ၊ နန်းမြို့တော် မြို့ရိုးပြုပြင် ထိန်းသိမ်းရာတွင် ငွေကျပ်သိန်း ၃ဝဝ၊ အင်းဝပြတိုက် မွမ်းမံ ထိန်းသိမ်းခြင်း နှင့် အဆင့်မြှင့် ခင်းကျင်းရန် အတွက် ငွေကျပ် သိန်း ၈ဝဝ၊ အကုန်အကျခံ ပြုပြင်သွားမည် ဖြစ်ကြောင်း၊ ပြုပြင် ထိန်းသိမ်းမည့် ကုန်ကျငွေများကို ပွင့်လင်း မြင်သာမှု ရှိစေရန်အတွက် ဒေသခံပြည်သူ များကို ရှင်းလင်း ချပြခြင်းများ ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း အင်းဝပြတိုက်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်း ၏ ပြောပြချက် အရ သိရသည်။

အင်းဝအထောက်တော်

ရတနာပုံနေ့စဉ် ၊ စာ(၁၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger