www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 21, 2016

ရန်ကုန်တိုင်းစစ်ဌာနချုပ် ၊ ဇေယျာသီရိဗိမာန် ရှင်းလင်းဆောင်၌ တပ်မတော်သတင်းစာ ရှင်းလင်းပွဲပြုလုပ်


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြားစဉ်

တပ်မတော်သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် သတင်းမီဒီယာများ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများနှင့် အထောက်အထား စာရွက်စာတမ်း များအား ကြည့်ရှုစဉ်

နေပြည်တော် ၊ ၂၁-၇-၂၀၁၆

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတား အနီး၌ မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိမှန် သေဆုံးမှု၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာ အနီးတွင် အလောင်းများ တွေ့ရှိမှု၊ မိုင်ဂျာယန် တွင် တိုင်းရင်းသား ညီလာခံတစ်ရပ် ပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေမှု နှင့် ရခိုင်ပြည်နယ် အတွင်း သဘာဝ ဘေးဒဏ်ကြောင့် ရေလွှမ်းမိုးမှုနှင့် တပ်မတော်မှ ကူညီ လုပ်ဆောင်နေမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဇေယျာသီရိ ဗိမာန်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ရန်ကုန် တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ နိုင်ငံခြား သတင်းထောက်များ အသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက်တို့မှ အဖွဲ့ဝင်များ၊ ပြည်တွင်း သတင်းဌာန ၂၆ ခုနှင့် ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာန ၁၁ ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။

ပထမဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားအနီး ၌ မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိမှန် သေဆုံးမှုနှင့် ပတ်သက်၍ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့ ညပိုင်း မောင်ဂွမ်ဆိုင်းအောင် အပါအဝင် လူငယ်ရှစ်ဦးမှ မြစ်ကြီးနားမြို့နေ လူငယ်လေးဦး အား လိုက်လံ နှောင့်ယှက်မှု ကြောင့် ဗလမင်းထင် တံတား လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ဒုတိယ တပ်ကြပ် နန်ဟီးခင်တန် နှင့် တပ်သား မောင်မောင် တို့ မှ လိုက်ပါကူညီ ပို့ဆောင်ပေးမှု၊ ၄င်းစစ်သည် နှစ်ဦးအား အပြန်လမ်း ခရီးတွင် ဂွမ်ဆိုင်းအောင် အပါအဝင် လူငယ်ရှစ်ဦး တို့မှ ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ခြင်း၊ တပ်သား မောင်မောင် ထံမှ သေနတ်လုယူခြင်း တို့ကြောင့် ကျည်ပေါက်ထွက် ၍ ဂွမ်ဆိုင်းအောင် ထိမှန် သေဆုံးခဲ့မှု အခြေအနေများ၊ ယင်းဖြစ်စဉ် အရ တပ်မတော် အနေဖြင့် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက်နေမှု အခြေအနေများ၊ ယင်းဖြစ်စဉ် အပေါ် ရည်ရွယ်ချက်ဖြင့် အမြတ်ထုတ် လုပ်ဆောင်နေသည့် နောက်ဆက်တွဲ သွေးထိုး လှုံ့ဆော်နေမှု များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် လားရှိုးမြို့နယ်၊ မိုင်းယော် ကျေးရွာအနီး တွင် အလောင်းများ တွေ့ရှိမှု ဖြစ်စဉ် နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် မိုင်းယော်ကျေးရွာ ၏ နယ်မြေဒေသ အခြေအနေ၊ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် မိုင်းယော်ကျေးရွာ အုပ်စု၊ ပန်ကျိန်လုံတောင် ပတ်ဝန်းကျင် တွင် တပ်မတော် စစ်ကြောင်း နှင့် သောင်းကျန်းသူများ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ တိုက်ပွဲဖြစ်စဉ် အတွင်း စိစစ်ဆဲ လူနှစ်ဦး ကျည်ဆန်ထိမှန် သေဆုံးမှု နှင့် ယင်းလူနှစ်ဦး နှင့်အတူ မူးယစ်ဆေးဝါး များတွေ့ရှိခဲ့မှု အခြေအနေ၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်မှ စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့စည်း ဆောင်ရွက်လျက် ရှိရာ စည်းကမ်း နှင့် မကိုက်ညီသော အချက်အလက်  များတွေ့ရှိ ရသည့်အတွက် ဆက်လက် စစ်ဆေးဆဲ ဖြစ်ကြောင်းနှင့် စစ်ဆေး တွေ့ရှိချက်များ အပေါ် ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည့် အခြေအနေ များကို ရှင်းလင်း ခဲ့သည်။

ဆက်လက်ပြီး မိုင်ဂျာယန်တွင် တိုင်းရင်းသား ညီလာခံတစ်ရပ် ပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေမှု နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ရာတွင် ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၃ဝ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU မှ စောမူတူးစေးဖိုး ခေါင်းဆောင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ နေပြည်တော် တွင်တွေ့ဆုံ ဆွေးနွေးစဉ် PNLO မှ ခွန်ဥက္ကာ နှင့် KNU မှ စောတာမူလာ တို့က ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် တိုင်းရင်းသား ညီလာခံ တစ်ရပ် ပြုလုပ်ရန် စီစဉ်ထားရှိမှု နှင့် အစိုးရမှ ခွင့်ပြုပါက တပ်မတော် အနေဖြင့် လုံခြုံရေး မှအစ ကူညီဆောင်ရွက် ပေးရန်၊ ယင်းတွေ့ ဆုံမှုမှာ ငြိမ်းချမ်းရေးကို ပိုပြီး ခိုင်မာစေရန်၊ ကျန်ရှိသည့် အဖွဲ့များ ဂုဏ်သိက္ခာ ရှိရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ သို့ တက်ရောက်နိုင်ရန် အတွက် ဖြစ်ကြောင်း ဆွေးနွေးခဲ့မှု အခြေအနေများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လက်ရှိ ဖြစ်ပေါ်နေသည့် ပြဿနာများမှာ နယ်မြေ တည်ဆောက်မှု၊ အင်အား တည်ဆောက်မှု တို့ကြောင့် ဖြစ်ကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှု ရှိပါက ထိုသို့ တည်ဆောက်ရန် မလိုအပ်ကြောင်း၊ တစ်ဦး နှင့်တစ်ဦး ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းက ပိုမို ကောင်းမွန် ကြောင်းနှင့် မိုင်ဂျာယန် တိုင်းရင်းသား ညီလာခံ လုပ်ဆောင်မှု နှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးခြင်း မရှိဘဲ ဖြစ်ပေါ် လာနိုင်သည့် အခက်အခဲများ အပေါ် စဉ်းစားနိုင်ရန် အကြံပေး ခဲ့သည့် အခြေအနေ များအား ပြောကြားသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ နှင့် ပတ်သက် ၍လည်း လက်ရှိ နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်  များတွင် တပ်မတော်မှ ပူးပေါင်းပါဝင် ဆောင်ရွက် နေသည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် အခြေခံပြီး ကျင်းပပြီးစီး ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ အဆက်အဖြစ် ခံယူ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ အား ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ NRPC ၊ UPDJC များ ဖွဲ့စည်း ဆောင်ရွက်မှု၊ တပ်မတော် အနေဖြင့်  ငြိမ်းချမ်းရေး မူဝါဒ(၆) ရပ်နှင့်အညီ နိုင်ငံတော် အစိုးရနှင့် ပူးပေါင်း လက်တွဲ လုပ်ဆောင်နေမှု၊ ငြိမ်းချမ်းရေး ညီလာခံ တွင်လည်း ယုံကြည်မှု အပြည့်အဝဖြင့် တစ်ဦးနှင့် တစ်ဦး ရိုးသားပွင့်လင်း ဆွေးနွေးခြင်းဖြင့် အကောင်းဆုံး ရလဒ်ကို ရရှိနိုင်မှု များအား ရှင်းလင်း ပြောကြားသည်။ 

ယင်းနောက် ရခိုင်ပြည်နယ် အတွင်း သဘာဝ ဘေးဒဏ်ကြောင့် ရေလွှမ်းမိုးမှုနှင့် တပ်မတော်မှ ကူညီ လုပ်ဆောင်နေမှု အခြေအနေ များနှင့် ပတ်သက်၍ ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ အမ်းနှင့် သံတွဲမြို့နယ် များအတွင်း ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့မှု အခြေအနေများ၊ တပ်မတော် အနေဖြင့် နိုင်ငံအတွင်း မည်သည့် ဒေသတွင် မဆို သဘာဝ ဘေးအန္တရာယ်များ ရင်ဆိုင် ကျရောက်လာ ပါက ယင်းနေရာ များသို့ ချက်ချင်း သွားရောက်၍ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ရန် ညွှန်ကြားထား ရှိမှု၊ သဘာဝ ဘေးအန္တရာယ် နှင့်ပတ်သက်၍ တပ်မတော် လေယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ် များအား ရိက္ခာ၊ ဆေးဝါး၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အသင့်ပြင်ဆင် ထားရှိမှု၊ တပ်များကို အသင့်စုဖွဲ့ ထားရှိမှု၊ သဘာဝ ဘေးအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့ နေရသော ဒေသများသို့ တပ်မတော် အနေဖြင့် ချက်ချင်း သွားရောက်၍ ပြည်သူများအား ကယ်ဆယ်ရေး၊ ထောက်ပံ့ ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကူညီ လုပ်ဆောင် ပေးခဲ့မှု အခြေအနေများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ဦးစီး၍ သဘာဝ ဘေးဒဏ် ခံစားရသည့် နယ်မြေများသို့ သွားရောက်၍ ပြည်သူများအား တွေ့ဆုံ အားပေးခြင်း၊ ထောက်ပံ့ ကူညီခြင်း လုပ်ဆောင်ပေး ခဲ့မှုများ၊ ယခုလ အတွင်း ရခိုင်ပြည်နယ် ရေကြီး၊ ရေလွှမ်းမိုးမှု ဖြစ်စဉ်တွင် နယ်မြေခံ တိုင်းစစ်ဌာနချုပ် မှ တပ်မတော်သား များ သက်ဆိုင်ရာ ဒေသ အသီးသီးသို့ ဇူလိုင်လ ၇ ရက်နေ့မှ စတင် ရောက်ရှိပြီး ဒေသခံ ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးမှု၊ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်၊ မော်တော်ယာဉ် များဖြင့် ရာသီဥတု ဆိုးရွားနေချိန် တွင်ပင် ကယ်ဆယ်ရေး၊ ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးစီးသည့် အဖွဲ့များ ယင်းဒေသ များသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ အားပေးခြင်း၊ ကူညီ ထောက်ပံ့ခြင်းများ လုပ်ဆောင်ခဲ့မှု အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက် လာသော သတင်းဌာန အသီးသီးတို့မှ သိရှိလိုသည်များ မေးမြန်းမှု အပေါ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးမှ ပြန်လည်ရှင်းလင်း ပြောကြားပြီး တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။ သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် အခမ်းအနား တက်ရောက်လာသူ သတင်း မီဒီယာ များက ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် မှတ်တမ်းဓာတ်ပုံ များနှင့် အထောက်အထား စာရွက်စာတမ်း များအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger