www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 21, 2016

ဆောက်လုပ်ခွင့်ကျပြီး အထပ်မြင့် ၆၄ လုံအား စစ်ဆေးခဲ့ရာ မြို့ပြအင်္ဂါရပ်နှင့်ညီသော အထပ်မြင့် အဆောက်အအုံ ၅၂ လုံးပြန်လည် တည်ဆောက်ခွင့်ရရှိ



ရန်ကုန် ၊ ၂၁-၇-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ပြန်လည် စစ်ဆေးခံ ရသည့် အဆောက်အအုံ ၆၄ လုံးအနက် ၅၂ လုံးကို ပြန်လည် တည်ဆောက်ခွင့်ပြု လိုက်ကြောင်း ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် အညီ အဆောက် အအုံများ ဆောက်လုပ်မှု စစ်ဆေးရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့် ရရှိထားသည့် အဆောက်အအုံ ၆၄ လုံးကို မြို့ပြ အင်္ဂါရပ်နှင့် ကိုက်ညီ စေရေး သက်ဆိုင်ရာမှ အသေးစိတ် ပြန်လည် ကွင်းဆင်း စစ်ဆေးခဲ့ပြီး အထပ်မြင့် အဆောက်အအုံ ၅၂ လုံးကို မြို့ပြ အင်္ဂါရပ် နှင့် ကိုက်ညီသည့် အတွက် ပြန်လည် တည်ဆောက်ခွင့်ပြု ခဲ့ကြောင်း သိရသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ များကို မြို့ပြအင်္ဂါရပ် များအပြင် ငလျင်နှင့် မီးဘေး အန္တရာယ် ကျရောက်ပါက အဆောက်အအုံ များအပေါ် အန္တရာယ် ရှိနိုင်မှု၊ အဆောက်အအုံ များပေါ်၌ နေထိုင်သူ များ၏ လူမှုပုံရိပ်
စသည့်အချက် များကို စစ်ဆေး သွားမည် ဖြစ်သည်။

အထပ်မြင့် အဆောက်အအုံ ၆၄ လုံးမှ ကျန်ရှိသည့် ၁၂ လုံးကို ရေမြောင်းများ၌ ရေစီးရေလာ ကောင်းမွန်ရေး အတွက် မိမိစရိတ်နှင့် မိမိ ဆောင်ရွက်ရန်၊ အမှန်တကယ် ရပ်နားနိုင်မည့် ကားပါကင် ဒီဇိုင်း ပြန်လည် တင်ပြရန် ၊ Steel Structure ဖြစ်သည့် အတွက် Fire Rating(1 hour) အတိုင်းဖြစ်ရေး ဆောင်ရွက်ရန်၊ ရေဆိုးများ အတွက် Water Treatment ပြုလုပ်ပေးရန်၊ လျှပ်စစ်နှင့် ပတ်သက်သည့် Transformer နှင့် Switch များ Indoor ဆောင်ရွက်မည့် နေရာ တင်ပြရန်နှင့် ကားပါကင်နှင့် ညီမျှသည့် အခန်း အရေအတွက် လျှော့ချရန် စသည့်အချက် များကို ပြန်လည်ပြုပြင် ပေးရန် သတ်မှတ် ခဲ့သည်။

ထို့ပြင် လေဝင်လေထွက် ရရှိရန် ယာဉ် အတက်အဆင်း လမ်းလျှောများ စံမမီခြင်း၊ မြေအောက် ရေမြောင်းပေါ်၌ ဆောက်ထားသည့် ရေမြောင်း အရွယ်အစားကို မိမိ သဘောဖြင့် လျှော့ချ တည်ဆောက်ခြင်း နှင့် ၉ဝ ဒီဂရီ အချိုးအကွေ့ များ တည်ဆောက် ခြင်းတို့ကြောင့် အဆောက်အအုံ ဒီဇိုင်းကို အစအဆုံး ဒီဇိုင်းဆွဲ၍ ပါမစ် ပြန်လျှောက်ရန် နှင့် ကားပါကင် ဒီဇိုင်းပြန်လည် တင်ပြရန် စသည့် အချက်များကို ပြန်လည်ပြုပြင် ရမည်ဖြစ်ပြီး အထပ်မြင့်နှင့် ပတ်သက်၍ လေကြောင်း ညွှန်ကြားရေး ဌာန (DCA) ထောက်ခံချက် ပြန်လည် တင်ပြရန် ၊ Road Building Ratio (RBR) နှင့် မကိုက်ညီခြင်း၊ YHT မှ အသစ် အဆိုပြုသည့် ရွှေတိဂုံ စေတီတော် ကန့်သတ်ဇုန်နှင့် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၁၉ဝ ထက် ကျော်လွန်နေခြင်း၊ ရှေ့လမ်းအကျယ် နှင့် အထပ်မြင့် မကိုက်ညီခြင်း၊ ကပ်လျက်နေရာ၌ အထပ်မြင့် အဆောက်အအုံ သုံးလုံး တည်ရှိနေသည့် အတွက် အထပ်အမြင့် လျှော့ချရန် အချက်များကို သတ်မှတ် ခဲ့ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger