www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 12, 2016

လက်ခစားစနစ် အထည်ချုပ်ပို့ကုန်များကို အမေရိကန် ကနေဒါနှင့် ရုရှားနိုင်ငံအထိ ဈေးကွက်တိုးချဲ့ တင်ပို့နိုင်ရန် စီစဉ်နေ



ရန်ကုန် ၊ ၁၂-၇-၂၀၁၆

မြန်မာနိုင်ငံရှိ လက်ခစားစနစ် (CMP) အထည်ချုပ် ပို့ကုန်များကို အမေရိကန်၊ ကနေဒါ နှင့် ရုရှားနိုင်ငံ အထိ ဈေးကွက်တိုးချဲ့ တင်ပို့နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အထည်ချုပ် လုပ်ငန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ တိုးတက်လျက် ရှိပြီး ပြည်ပသို့ တင်ပို့ရာတွင် ဈေးကွက် ချဲ့ထွင်နိုင်ရန် ဆောင်ရွက် လာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အထည်ချုပ် အော်ဒါ မှာယူမှုတွင် ဂျပန်နိုင်ငံ သည် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ပြီးခဲ့သည့်နှစ်က အထည်ချုပ် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၅၈ဝ ကျော် တင်ပို့ နိုင်ခဲ့ကြောင်း၊ ယင်းနောက်တွင် တောင်ကိုရီးယား နိုင်ငံ အပါအဝင် ဥရောပ သမဂ္ဂ နိုင်ငံများ သို့လည်း အများဆုံး တင်ပို့နိုင်ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများသို့ တိုးချဲ့တင်ပို့ နိုင်ရေးအတွက် စက်မှုဇုန် လုပ်ငန်းများတွင် အထည်ချုပ် လုပ်ငန်းများ တိုးပွားလာအောင် ဆောင်ရွက် နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အတွင်းက အထည်ချုပ် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး လက်ရှိ အခြေအနေ သည် လက်ခစား စနစ်တွင်သာ ရှိနေသေး သော်လည်း ၂ဝ၂၅ ခုနှစ်တွင် စက်ရုံပေါင်း ၁၅ဝဝ လည်ပတ် နိုင်မည်ဟု ခန့်မှန်း ထားကြောင်း၊ ယင်းအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၁ဝ သိန်းခန့် ဖော်ဆောင်ပေး နိုင်ရန် လျာထားကြောင်း၊ အလားတူ လက်ရှိ လက်ခစား စနစ် (CMP) မှ ကိုယ်တိုင် ထုတ်လုပ် ရောင်းချသည့် စနစ် (FOB) ဖြစ်လာစေရန် ကြိုးပမ်းလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အထည်များကို ၂ဝဝ၃ ခုနှစ် မတိုင်မီက အမေရိကန် ဈေးကွက်သို့ အဓိကတင်ပို့ ခဲ့သော်လည်း ၂ဝ၁ဝ ပြည့်နှစ်ခန့်မှ စတင်ကာ ဂျပန်နိုင်ငံ ဈေးကွက်သည် မြန်မာ့ အထည်ချုပ် လုပ်ငန်း၏ အဓိက ဈေးကွက်တစ်ခု ဖြစ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းသည် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၉၁၂ သန်းရှိရာမှ လာမည့် ၁ဝ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၈ ဘီလီယံမှ ၁ဝ ဘီလီယံအထိ တိုးတက်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က အထည်ချုပ် လုပ်ငန်းများကို ပိုမိုရင်းနှီး မြှုပ်နှံမှု အများဆုံး ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger