www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 18, 2016

တိုင်းရင်းငါးမျိုးစိတ် အဖြစ် ငါးပြေမ ဆေးထိုးသားဖောက်ခြင်း စမ်းသပ်မှုအောင်မြင်



ပန်းတနော် ၊ ၁၈-၇-၂၀၁၆

ဈေးကွက် ကောင်းပြီး ပြည်တွင်း စားသုံးမှုများသော တိုင်းရင်း ငါးမျိုးစိတ်များ သားဖောက်ခြင်း၊ မွေးမြူခြင်း နည်းစနစ်နှင့် ဆက်စပ်သော သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငါးပြေမ ဆေးထိုး သားဖောက်ခြင်း ကို စမ်းသပ် ဆောင်ရွက်ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာနနှင့် World Fish Myanmar တို့က ငါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် အတွက် သဘော တူညီချက်အရ တိုင်းရင်း ငါးမျိုးစိတ်များ သားဖောက် မွေးမြူနိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော် မြို့နယ်ရှိ ငါးသားဖောက် စခန်း၌ ငါးပြေမ ဆေးထိုး သားဖောက်ခြင်း ပြုလုပ်ရာ အောင်မြင်ခဲ့သဖြင့် ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ငါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် သုတေသန လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ငါးပြေမ မျိုးများအား သားဖောက်ကန် ပြင်ဆင်ရာတွင် ပိုးသတ် သန့်စင်ခြင်း အပါအဝင် သဘာဝနှင့် နီးစပ်မှုရှိစေရန် လုပ်ဆောင်ရမည် ဖြစ်ပြီး ငါးမျိုး ထည့်သွင်းရန် ငါးပြေမမျိုး များကို သဘာဝ အင်းနှင့် ကန်အများစုမှ စုဆောင်းရယူပြီး ကန်နှစ်ကန်၌ အထီးနှင့်အမ ခွဲ၍ သီးခြားစီ ထားရှိရသည်။

ထို့နောက် အစာကို တစ်နေ့နှစ်ကြိမ် ကျွေးကာ ဆေးထိုး သားဖောက်ရာ ငါးထီးနှင့် ငါးမများကို သတ်မှတ်နှုန်းများ အတိုင်း ဟော်မုန်းဆေး ထိုးပြီး ကန်တစ်ကန် ထဲ၌ ပြန်လည် ထားရှိရသည်။ ယင်းသို့ ဆေးထိုးပြီး ရှစ်နာရီ အကြာတွင် သဘာဝအတိုင်း ဥများ ဥချကာ နောက်ထပ် ၁၂ နာရီအကြာတွင် ဥများမှ စတင် အကောင်ပေါက်ပြီး ရှင်သန်နှုန်း ၈ဝ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ငါးပြေမ သားပေါက်များသည် ခုနစ်ရက်သား အရွယ်တွင် သုည ဒသမ ၂ ဂရမ်၊ ၁၄ ရက်သား အရွယ်တွင် သုည ဒသမ ၄ ဂရမ် နှင့် ရက်၂ဝ သားအရွယ်တွင် သုည ဒသမ ၆ ဂရမ် စသည်ဖြင့် အဆင့်ဆင့် ကြီးထွားကြောင်း သိရသည်။ (မိုးအောင်)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger