www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 17, 2016

မျက်စိကြည်လင် အမြင်အာရုံကောင်း စေချင်


မျက်စိကြည်လင် အမြင်အာရုံကောင်း စေချင်

( ပေါက်ပေါက် )

သက်ရှိသတ္တဝါ အားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းဟာ မျက်လုံးတစ်စုံ ဖြစ်တယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။ ဒါကြောင့်လည်း ရှေးလူကြီး တွေက မျက်စိအဆုံး၊ နားအရှုံး လို့ ဆိုမိန့် ခဲ့ကြတာပါ။ မွေးရာပါ အမြင်ကွယ်ခြင်း၊ မျက်စိ အားနည်းခြင်း၊ သူငယ်အိမ် စောင်းပြီး အမြင်ချို့တဲ့ခြင်း ကို မဆိုလို သော်လည်း ကျန်းမာရေး အခြေခံ ဗဟုသုတ နည်းတဲ့ အတွက် နေထိုင် စားသောက်မှုပုံစံ မမှန်ခြင်း နဲ့ ဘေးပယောဂ အမျိုးမျိုးကြောင့် စက္ခု အာရုံ ချို့ယွင်းသွားခြင်း ကတော့ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ရပ်ဖြစ်လို့ မျက်စိကြည်လင် အမြင်ကောင်း စေချင်ပါတယ်။

ကွန်ပျူတာကြောင့် မျက်စိမထိခိုက်ရအောင် လုပ်ဆောင်ခြင်း

ကမ္ဘာနှင့်အ၀ှမ်း အင်တာနက် ခေတ်ရေစီးကြောင်း နဲ့အညီ အလုပ်ကြောင့် ဖြစ်စေ၊ အပျင်းပြေ ဖြစ်စေ ကလေးငယ် တွေကအစ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း တချို့ အင်တာနက် သုံးရင်း အချိန်ကုန်လွန် နေကြ ပါတယ်။ ကွန်ပျူတာ အသုံးများရင် အမြင်အာရုံ ဝေဝါးခြင်း၊ မျက်လုံးအိမ် ခြောက်သွေ့ လာပြီး မျက်ရိုးကိုက်ခြင်း၊ မျက်ရည်ပူ ကျခြင်း၊ လည်ပင်း၊ ပခုံး၊ နောက်ကျော နာကျင်ခြင်း စတဲ့ အကြောင်း ကြောင်းကြောင့် မျက်စိကို ဒဏ်ပိ စေပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ဝေဒနာတွေ ဖြစ်တဲ့ ခေါင်းမူး ခေါင်းကိုက်ပြီး ဇက်ကြော တက်ခြင်းနဲ့ အရိုးကျီးပေါင်း ရောဂါတွေ ဖြစ်စေနိုင်တယ်။ ကွန်ပျူတာ ကြောင့် မျက်စိ ထိခိုက်ခြင်းမှ သက်သာစေဖို့ အလင်းလျှော့ချ ပေးတဲ့ Flat LCD Monitor ကိုသုံးပါ။ ရောင်ပြန်ပါတဲ့ မျက်မှန်ကို အသုံးပြုပါ။ ကွန်ပျူတာ မသုံးမီ ကွန်ပျူတာ မျက်နှာပြင် ပေါ်မှာရှိတဲ့ ဖုန်မှုန့်တွေကို သေချာ သန့်စင်ပါ။ မျက်နှာနဲ့ ကွန်ပျူတာကို နှစ်ပေခန့် အကွာအဝေးမှ အသုံးပြုပါ။ ကွန်ပျူတာ မျက်နှာပြင်က သင့်မျက်လုံး နေရာထက် နိမ့်နေရပါမယ်။ စာရိုက်တဲ့အခါ စာရွက်တွေကို ကွန်ပျူတာ ဘေးမှာ ထောင်ထားပါ။ လက်ကွက် အလွတ်ရပါက စာကိုသာ ကြည့်ရိုက်ပြီး စာလုံးပေါင်း သတ်ပုံအမှန် စစ်ချိန်မှသာ ကွန်ပျူတာ ကိုကြည့်ပါ။ ကွန်ပျူတာ ရှေ့မှာထိုင်ရင် ခါးကို မတ်မတ်ထားပြီး ခြေဖဝါးကို အောက်ကို အပြားလိုက် ချထားပါ။ ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင် မထိုင်မိ ပါစေနဲ့။ ကွန်ပျူတာကို ၁၅ မိနစ် ကြည့်ပြီးတိုင်း အဝေး တစ်နေရာကို တစ်မိနစ်ခန့် ကြည့်ပါ။ နာရီဝက် ကြာတိုင်း မျက်တောင်အကြိမ် ၂ဝ ခတ်ပါ။ တစ်နာရီ ကြာတိုင်း မျက်စိမှိတ်ပြီး ခေတ္တအနား ပေးပါ။ လက်ဖဝါး နှစ်ဖက်ကို ပူနွေးလာတဲ့ အထိ ပွတ်ပေးပြီး မျက်စိပေါ် ဖွဖွတင်ပေးပါ။ လက်ချောင်းကြား လေးတွေထဲကို အလင်းရောင် ဝင်မလာအောင် ကပ်ထားပါ။

ကြိုတင်ကာကွယ်ခြင်း

ကြိုတင် ကာကွယ်ခြင်း သည် ကုသခြင်းထက် ပိုကောင်းတယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ရောဂါဖြစ်မှ ကုသခြင်းထက် အောက်ပါ နည်းလမ်း အသွယ်သွယ် တို့ကို အသုံးပြုပြီး ကြိုတင် ကာကွယ် နိုင်ပါတယ်။

အနည်းဆုံး ခြောက်လ တစ်ကြိမ် မျက်စိ စစ်ဆေးမှု ခံယူသင့် ပါတယ်။ မျက်စိတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး အမြင်အာရုံ ရုတ်တရက် မှုန်ဝါးသွားခြင်း၊ မီးအလင်းရောင် ကဲ့သို့ အလင်းများ ဖြာထွက်ခြင်း၊ ရွေ့လျားနေ တဲ့ ရောင်စုံ အစက်အပြောက် တွေ ဒါမှမဟုတ် အမည်းစက် တွေကို နေရာတိုင်းမှာ တွေ့မြင် နေရခြင်း၊ ရုပ်ဝတ္ထု တွေကို နှစ်ထပ်မြင် ရခြင်း၊ မျက်စိတစ်ဝိုက် နာကျင်ခြင်း စတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင် တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်ထံမှာ အမြန်ဆုံး စစ်ဆေးမှု ခံယူပါ။ မျက်စဉ်း ဆေးရည်ကို ဆရာဝန် ညွှန်ကြားချက် အတိုင်း စနစ်တကျ ခတ်ပေးပြီး မျက်စဉ်းဘူးကို ရေခဲသေတ္တာ ဒါမှမဟုတ် သန့်ရှင်းပြီး အေးမြတဲ့ နေရာမှာ ထားပါ။

မျက်ကပ်မှန် တပ်ဆင်သူဆိုရင် သန့်ရှင်းတဲ့ လက်နဲ့ကိုင်တွယ် အသုံးပြုပါ။ တစ်နေ့မှာ အများဆုံး ရှစ်နာရီထက် ပိုပြီး မတပ်ဆင်သင့် ပါဘူး။ မျက်ကပ်မှန် တပ်ထားပြီး အိပ်စက်ခြင်း၊ မျက်လုံးကို ဖိပြီး လက်ဖြင့် ပွတ်တိုက်ခြင်း တို့ကို မပြုလုပ်ရ ပါဘူး။ အလင်းလှိုင်း ဖြာထွက်မှု ကိုထိန်းပေးဖို့ မျက်စိတစ်ဝိုက် လုံလောက်စွာ ကာကွယ်ပေးတဲ့ နေကာမျက်မှန် ကို တပ်ဆင် ပါ။ မျက်စိအာရုံ စူးစိုက်ရတဲ့ အလုပ်ကို အတတ်နိုင်ဆုံး လျှော့ချပြီး ဝန်မပိအောင် ဂရုစိုက်ပါ။ 

မျက်စိစွေစောင်း မဖြစ်ရလေအောင် စာအုပ်ကို ဘေးတစောင်း ဖတ်ခြင်း မပြုလုပ်သင့် ပါဘူး။ အမြင်အာရုံ ကြည်လင် စေဖို့ မြန်မာ့ ဆေးမြီးတို တွေဖြစ်တဲ့ ကွမ်းရွက်ကို လက်နဲ့ အသာခြေပြီး နားထင်၊ မျက်ရိုး တစ်လျှောက် နဲ့ မျက်ရည်အိတ် အောက်ဘက်တို့မှာ ကပ်ပေးပါ။ သခွားသီး ကို ပါးပါးလှီးပြီး နားထင်၊ မျက်ခွံနဲ့ မျက်စိတစ်ဝိုက် ကပ်ပေးပါ။ ညအိပ်ခါနီး ဆားကြမ်းနင်းခြင်း ဒါမှမဟုတ် ခြေဖဝါးကို ဆားနဲ့ပွတ်ပြီး ဒူးခေါင်းကနေ ရေလောင်းပါ။ မျက်စိတစ်ဝိုက် မှာ မန်ကျည်းသီး အနှစ်ကို မျက်ကွင်းဆေး အဖြစ် လိမ်းပါ။ ရေချိုးတဲ့ အခါ ဒူးခေါင်း၊ ပေါင်၊ ခါး၊ ပခုံး၊ မျက်နှာနဲ့ ဦးခေါင်းစသဖြင့် အောက်ခြေ ကစပြီး အထက်ပိုင်းကို တစ်ဆင့်ပြီး တစ်ဆင့် ရေလောင်းပေးပါ။

အမြင်အာရုံ ပျက်စီးခြင်းနှင့် ဆက်နွှယ်သော ရောဂါများ

မျက်စိပေါ်ကို ခရမ်းလွန် ရောင်ခြည် တိုက်ရိုက်ကျခြင်း၊ အိပ်ရေးပျက်ခြင်း၊ အလွန်အမင်း မောပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ ကိုလက်စထရော များခြင်း၊ နာတာရှည် ရောဂါဖြစ်ခြင်း နဲ့ ဆေးလိပ်မီးခိုးငွေ့ ရှူရှိုက်မိခြင်း တွေကြောင့် မျက်စိ အတွင်းတိမ် ဖြစ်စေနိုင်ပါတယ်။ ဟိုက်ပိုသိုင်းရွိုက်၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချိုရောဂါ ဖြစ်ခြင်း၊ စိတ်မချမ်းမြေ့ခြင်း၊ ထုံးနဲ့ ပေါင်းသတ်ဆေး စတဲ့ ဓာတုဆေးတွေ မျက်စိထဲ မတော်တဆ ဝင်ခြင်း၊ အဆီများတဲ့ အစားအစာများ စားသုံးခြင်းနဲ့ ကိုယ်လက် လှုပ်ရှား မှု နည်းပြီး အညောင်းမိခြင်း တို့ကြောင့် ရေတိမ်စွဲ စေနိုင်တယ်။ ရေဓာတ် ခန်းခြောက်ခြင်း နဲ့ အရက်၊ ကဖိန်းဓာတ် များတဲ့ အစားအစာ တွေ၊ ဆားကဲတဲ့ အစားအစာ တွေကြောင့် မျက်စိခြောက်ပြီး မျက်ရည်အိတ် ခန်းစေပါ တယ်။ မိမိမျက်စိနဲ့ ပါဝါ မကိုက်ညီတဲ့ မျက်မှန်ကို မှားယွင်းစွာ တပ်ဆင် အသုံးပြုခြင်း ကလည်း အမြင်အာရုံ ပျက်စီး စေနိုင်တယ်။ ဆီးချို၊ လေဖြတ်ခြင်း၊ ခန္ဓာကိုယ်ရှိ တစ်သျှူးများ မာကျောခြင်း၊ ရေယုန်နာ ပေါက်ခြင်း၊ အေအိုင်ဒီအက်စ် ရောဂါ ဝေဒနာရှင်တွေ အတွက် ရောဂါပြင်းထန် နေချိန် မျက်စိပါဝါ စမ်းသပ်ပါက အဖြေမှန် မထွက်နိုင် ပါဘူး။

အကောင်းဆုံးဖြည့်စွက်စာများ

သင့်တင့်မျှတတဲ့ အစားအစာကို ရွေးချယ် စားသုံးခြင်း ကလည်း မျက်စိအတွက် အိမ်တွင်း သမားတော် အဖြစ် အားကိုးနိုင် ပါတယ်။ သင့်လျော်တဲ့ အစားအစာ တွေကို စားသုံး ပေးခြင်းဖြင့် မျက်စိ သွေးလည်ပတ် မှုကို အထောက်အကူ ပြုစေပြီး မျက်စိ အားကောင်း စေတယ်။ ကြက်မျက်သင့် ရောဂါ၊ အတွင်းတိမ်နဲ့ အသက်အရွယ်ကြီး လာတဲ့အတွက် မျက်စိကွယ်ခြင်း တို့ကနေ ထိရောက်စွာ ကာကွယ်ပေး နိုင်တယ်။ ဗီတာမင်အေ ကြွယ်ဝတဲ့ ငါးကြီးဆီ၊ ကြက်ဥ၊ တိရစ္ဆာန် အသည်း ၊ ဘဲငန်းသား ၊ မုန်လာဥနီ ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲပင်ပေါက်၊ ပဲထောပတ်များ၊ လူတိန်းနဲ့ ဇီအာဇန်သင်း ဓာတ်ကြွယ်ဝတဲ့ ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်း၊ မြင်းခွာရွက်၊ အစိမ်းရောင်ပဲသီးများ၊ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ ပန်းငရုတ်ပွ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ သခွားမွှေး၊ ဘိုင်အိုဖလေ ဗိုနွိုက်ဓာတ် ကြွယ်ဝတဲ့ ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ချယ်ရီ သီး၊ စပျစ်သီး၊ ဆီးသီး၊ ဗီတာမင်အီး ဓာတ်ကြွယ်ဝတဲ့ နေကြာစေ့၊ သစ်အယ်သီး၊ မြေပဲ၊ ထောပတ်သီး၊ မက်မွန်သီး၊ ဗာဒံစေ့၊ ဆယ်လီနီယမ် ဓာတ်ကြွယ်ဝတဲ့ ပုစွန်၊ ကဏန်း၊ ကင်းမွန် (ပြည်ကြီးငါး)၊ ရေဘဝဲ၊ ခုံးကောင်စတဲ့ ပင်လယ်စာများ၊ Brazil Nuts (ခေါ်) သုံးမြှောင့် ခွံမာသီးတစ်မျိုး၊ တဆေးနဲ့ အချဉ်ဖောက် ထားတဲ့ နို့ချဉ်၊ ဒိန်ချဉ်များ၊ ဇင့်ဓာတ်ပါရှိတဲ့ ကမာကောင် (မုတ်ကောင်)၊ ဂျုံ၊ အစေ့အဆန် အမျိုးမျိုး၊ အိုမီဂါ(၃) ဖက်တီးအက်စစ် ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ မက်ကရယ်ငါး (ခေါ်) ငါးသလောက် ယောက်ဖ၊ ငါးမည်းလုံး တို့ကို စားသုံးပေးသင့် ပါတယ်။

အမြင်အာရုံချို့ယွင်းစေလို့ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

တညင်းသီး၊ မျှစ် ဒါမှမဟုတ် မျှစ်ချဉ် စတဲ့ အကြောတက် စေတဲ့ အစားအစာများ၊ ဆားနဲ့သကြားကဲထားတဲ့ မုန့်အမျိုးမျိုး၊ တိရစ္ဆန်နို့ ၊ ပဲနို့ ၊ ဟင်းရွက်ဆီ တို့ကို ဟိုက်ဒရိုဂျင် ဓာတ်နဲ့ ပြုပြင်ပြောင်းလဲ ထားသော မာဂျရင်း (ခေါ်) ထောပတ်တု များ၊ အာလူး၊ ကန်စွန်းဥ၊ ငှက်ပျောသီး တို့၏ မူလ သဘာဝ ဓာတ် ပျောက်အောင် အကြွပ်ကြော် ထားတဲ့ ဆီကြော် အစားအစာများ၊ သကြား၊ သကြားလုံးနဲ့ အချိုဓာတ် များလွန်းတဲ့ သရေစာများ စတာတွေကို ရှောင်ကြဉ် ရပါမယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger