www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 1, 2016

နှစ်ဦးနှစ်ဖက် အပြုသဘောဆောင်သော လုပ်ဆောင်မှုများသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အတွက် များစွာ အထောက်အကူ ရစေမည်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ၏ အထူး ကိုယ်စားလှယ် ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ နိုင်ငံခြားရေး အတွင်းဝန် H.E.Mr. Md Shahidul Haque အား လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ၏ အထူး ကိုယ်စားလှယ် ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ နိုင်ငံခြားရေး အတွင်းဝန် H.E.Mr. Md Shahidul Haque ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်


နေပြည်တော် ၊ ၁-၇-၂၀၁၆

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကောင်းမွန်ခဲ့သည့် ဆက်ဆံရေး သမိုင်းကြောင်းကို ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ နှစ်နိုင်ငံကြား အခက်အခဲ တချို့ ရှိခဲ့သော်လည်း နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်း နိုင်ခဲ့ကြောင်း၊ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့်အပြင် BIMSTEC အဖွဲ့ဝင် နိုင်ငံများလည်း ဖြစ်၍ အိမ်နီးချင်းကောင်း ပီသစွာ အပြုသဘော ဆောင်သည့် လုပ်ဆောင်ချက်များ ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ နှစ်ဖက် နိုင်ငံသားများ၊ သက်ဆိုင်ရာဌာန၊ တာဝန်ရှိသူများ အနေဖြင့်လည်း မိမိနိုင်ငံ သမိုင်းကြောင်း နှင့် အခြေအနေ များကို သိရှိနားလည်ရန် လိုကြောင်း၊ တစ်ဦးနှင့် တစ်ဦး နားလည်မှု ရှိပြီး ဖြစ်စဉ်အမှန် ကို လက်ခံနိုင်ရန်မှာ အရေးကြီးကြောင်း၊ နှစ်ဦးနှစ်ဖက် အပြုသဘော ဆောင်သော လုပ်ဆောင်မှု များသည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအတွက် များစွာ အထောက်အကူ ရစေမည်ဟု ယုံကြည်ကြောင်း ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ် ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး အတွင်းဝန် H.E.Mr. Md Shahidul Haque ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် နိုင်ငံခြားရေး အတွင်းဝန်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် ကောင်းမွန်သော သမိုင်းကြောင်း ရှိသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေ တွင်လည်း နှစ်နိုင်ငံ ဆက်ဆံရေး အထူးကောင်းမွန် စေရန် ကြိုးပမ်းလုပ်ဆောင် ခဲ့ကြောင်း၊ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး လည်းကောင်း မွန်ခဲ့ကြောင်း၊ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု များသည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် များစွာ အရေးပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်ပြီး တူညီစွာ ခံစားခဲ့ရသည့် ကိုလိုနီ ဆိုးမွေများကြောင့် ရုန်းကန် ဖြတ်သန်း ခဲ့ရသည့် အခြေအနေများ၊ နိုင်ငံအလိုက် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းမှု အခြေအနေများ၊ လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့်နိုင်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် နှစ်ဖက်တပ် များနှင့် လုံခြုံမှု ထိန်းသိမ်းရသည့် အဖွဲ့အစည်း များ ပိုမိုထိတွေ့ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ များအား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သံအမတ်ကြီး H.E. Mr. Md Sufi ur Rahman ၊ စစ်သံမှူး Brig. Gen. Md Mahbubul Haque နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger