www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 13, 2016

FAO နှင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနတို့ ပူးပေါင်း၍ သစ်တောသယံဇာ ဆန်းစစ်လေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်


Poe Kyar forest resort & elephant camp

ရန်ကုန် ၊ ၁၃-၆-၂၀၁၆

ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) နှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ သစ်တော သယံဇာတ ဆန်းစစ် လေ့လာခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''နည်းပညာ အကူအညီရဖို့ ဆွေးနွေးပြီး ပါပြီ။ မိတ်ဖက် အဖွဲ့အစည်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်မယ်'' ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ  က ပြောသည်။

ငါးနှစ်တစ်ကြိမ် ဆောင်ရွက်လျက် ရှိသည့် သစ်တော သယံဇာတ ဆန်းစစ် လေ့လာခြင်း လုပ်ငန်းများတွင် မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု အခြေအနေ၊ အခြေခံ ဒီရေတော စီမံကိန်း တို့တွင် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက် သွားမည့် ဒီရေတော ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသရှိ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်မှု အတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ပတ်ဝန်းကျင် မထိခိုက် စေသော သတ္တု တူးဖော်ရေး အစီအစဉ်များ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းမှု လုပ်ငန်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် စေရန် အသိပညာပေး ဟောပြောပွဲများ၊ ပညာပေး စခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ကျေးလက်အိမ်ရာ စိုက်ခင်းများ၊ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းများ တည်ထောင် ခြင်းများ ပါဝင်ကြောင်း သိရသည်။

ခရိုင်သစ်တော အုပ်ချုပ် လုပ်ကိုင်မှု အနေဖြင့် ၁ဝ နှစ် စီမံကိန်း ရေးဆွဲပြီး ကျွန်း၊ သစ်မာပင် ထောင်ရိုက်မှတ် ခြင်းနှင့် စိုက်ခင်း တည်ထောင် ပြုစု ထိန်းသိမ်းခြင်း အတွက် သစ်တော လုပ်ငန်း ၁၆ မျိုးကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခြင်း ကို ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်အထိ ခရိုင် ၆၈ ခရိုင်အတွက် ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက် သွားမည် ဖြစ်သည်။

နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းမှာ ၁၉၉ဝ ပြည့်နှစ်တွင် ၅၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ ၂ဝဝဝ ပြည့်နှစ်တွင် ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂ဝဝ၅ ခုနှစ်တွင် ၄၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊၂ဝ၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ဖြစ်ပြီး သစ်တော ပြုန်းတီးမှုမှာ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အတွင်း သုည ဒသမ ၅၅ ရာခိုင်နှုန်း နှင့် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ၁ ဒသမ ၇၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger