www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 13, 2016

ရုရှားနှင့် အမေရိကန်တို့အကြား အားပြိုင်မှုအဖြစ် ထွက်ပေါ်လာသည့် ရက်ကာ မြို့သိမ်းတိုက်ပွဲ




( ဇေယျဘုန်း )

ဆီးရီးယားနိုင်ငံ ရက်ကာမြို့ (အယ်ရက်ကာ) ကို အခိုင်အမာ ခြေကုပ်စခန်း အဖြစ် ကာကွယ်နေသည့် ISIS စစ်သွေးကြွ များသည် ယခုအခါ အယူအဆချင်း မတူညီသော အုပ်စုနှစ်ခု၏ နှစ်ဖက်မှ ညှပ်၍ တိုက်ခိုက်ခြင်းကို မရှုမလှ ခံနေရသည်။ စစ်သွေးကြွ များ၏ အဆိုပါ အခိုင်အမာ ခြေကုပ်စခန်း ရှိရာမြို့ကို အပြီးသိမ်းပိုက် နိုင်ရေးအတွက် ရုရှားက အကူအညီ ပေးနေသည့် ဆီးရီးယားတပ် (SAA) များနှင့် အမေရိကန် အစိုးရ၏ ထောက်ပံ့ခံ အတိုက်အခံ တပ်များက အကြီးအကျယ် ထိုးစစ်ဆင်လျက် ရှိရာ အဆိုပါမြို့သိမ်း တိုက်ပွဲသည် ကိုယ်စား စစ်ပွဲတွင် ပါဝင် ဆင်နွှဲနေသည့် ရုရှား နှင့် အမေရိကန် တို့အကြား အားပြိုင်မှု တစ်ရပ်အဖြစ် ထွက်ပေါ် လာခဲ့သည်ဟု ဆိုနိုင်သည်။

ဆီးရီးယား တပ်ဖွဲ့၏ ထိုးစစ်ဆင်မှု တွင် အဓိက ဦးဆောင် နေသည့် တပ်ဖွဲ့များမှာ ကန္တာရ သိမ်းငှက်များ တပ်မဟာနှင့် ဆီးရီးယား မရိန်းတပ်ဖွဲ့တို့ ပါဝင်ပြီး ၄င်းတို့သည် ရုရှား စစ်လေယာဉ် များ၏ လေကြောင်း ပစ်ကူကို ရယူ၍ စစ်သွေးကြွ များ၏ အခိုင်အမာ ခြေကုပ်စခန်းကို တိုက်ခိုက်လျက် ရှိသည်။ ဆီးရီးယား တပ်များသည် ဇွန် ၁ဝ ရက် အစောပိုင်း က ပြည်နယ် အနောက်ပိုင်း ရှိ ဆဖေယေ လမ်းဆုံကို စစ်သွေးကြွ များနှင့် အပြန်အလှန် တိုက်ခိုက်ပြီး နောက် သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်သည်။

ယခုအခါ အဆိုပါ တပ်များသည် စစ်သွေးကြွ များ၏ မြို့တော်အဖြစ် သတ်မှတ်ထားသည့် ရက်ကာမြို့ကို အပြီး သိမ်းယူနိုင်ရန် ဆက်လက် တိုက်ခိုက်လျက် ရှိသည်။ အလားတူ အမေရိကန် အစိုးရက ထောက်ခံပေး ထားသည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) သည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက စစ်သွေးကြွ များက သိမ်းပိုက်ထားဆဲ ဖြစ်သည့် တူရကီ-ဆီးရီးယား နယ်စပ်ရှိ နယ်မြေကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

SAA နှင့် SDF တို့၏ တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် ယခုအခါ ISIS စစ်သွေးကြွ တပ်မှူး အများအပြားမှာ စိုးရိမ်မှု မြင့်တက် လာခဲ့ပြီး ယင်းတိုက်ပွဲတွင် ၄င်းတို့ချေမှုန်း ခံခဲ့ရမည် ဆိုပါက စစ်သွေးကြွ များ၏ အခိုင်အမာ ခြေကုပ်စခန်းကို လက်လွှတ်ရမည့် အပြင် တူရကီ-ဆီးရီးယား နယ်စပ်မှလည်း မောင်းထုတ်ခြင်း ကို ခံရနိုင်ဖွယ် ရှိသည်။ စစ် သွေးကြွများ စိုးရိမ်နေ သကဲ့သို့ ရုရှားနှင့် အမေရိကန်တို့ ကလည်း အလားတူ စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ အကယ်၍ စစ်သွေးကြွ များ၏ ခြေကုပ်စခန်းကို SAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့မည် ဆိုပါက ယင်းတပ်ဖွဲ့ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် အားဖြုတ်ချရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေသည့် အတိုက်အခံ တပ်များ အပေါ် စစ်ရေးအရ အသာစီး ရရှိနိုင်ဖွယ် ရှိသည့်အပြင် ဆီးရီးယား တပ်များကို စစ်ရေးအရ အကူအညီ ပေးနေသည့် ရုရှားနိုင်ငံ အနေဖြင့်လည်း အရှေ့ အလယ်ပိုင်း ဒေသ၌ ၄င်းတို့၏ သြဇာအာဏာ ကို ယခင်က ထက် ပိုမိုတိုးမြှင့် ဖြန့်ကြက် လာနိုင်မည် ဖြစ်သည်။ ထို့ပြင် ဆီးရီးယား နိုင်ငံအတွင်းရှိ ISIS စစ်သွေးကြွ များကို တိုက်ဖျက် ချေမှုန်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အင်အားကြီးနိုင်ငံ အဖြစ် ဂုဏ်ယူ ဝင့်ကြွား နိုင်မည်ဖြစ်သည်။ ယင်း အချက်ကို အမေရိကန် အစိုးရက ကောင်းစွာ နားလည်ထားသည်။ ထို့ကြောင့် အမေရိကန်နှင့် အပေါင်း အပါ မဟာမိတ် နိုင်ငံများသည် ဆန့်ကျင် ကန့်ကွက်မှုများ ရှိနေသော်လည်း အတိုက် အခံ တပ်များကို လက်နက် အင်အား သာမက လိုအပ်သည့် အကူအညီ များကို လူသိရှင် ကြား ပေးအပ်ခဲ့ သလို တိတ်တဆိတ် ပေးအပ် ခဲ့ကြသည်။ ထို့ပြင် SDF တပ်များ၏ ၁ဝ ရက်ကြာ ပြုလုပ်ခဲ့သည့် ထိုးစစ်ဆင်မှု အတွင်း အမေရိကန် အထူးတပ်ဖွဲ့ဝင် ၁ဝဝ ခန့်နှင့် ဗြိတိန်စစ်သည်  များက ပါဝင်တိုက် ခိုက် ခဲ့ကြသည်။ ဆီးရီးယား အစိုးရတပ်များ က ရက်ကာမြို့ သို့ ချီတက်နေစဉ် ဒေသအနီး တစ်ဝိုက်ရှိ ရေနံစက်ရုံ များကို တိုက်ခိုက် ဖျက်ဆီး ပစ်ခဲ့သည့် ရုရှားတို့၏ မဟာဗျူဟာမှာ မှန်ကန်မှု ရှိကြောင်း အမေရိကန် စစ်ရေး ကျွမ်းကျင်သူများက ပြောကြားထားသည်။

ရုရှား တိုက်လေယာဉ် များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းကြောင့် ISIS စစ်သွေးကြွ များအတွက် ရန်ပုံငွေ အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် ရုရှား တိုက်လေယာဉ် လေးစင်းသည် ရက်ကာမြို့ အနောက်တောင် ပိုင်းမှ ၂၅ မိုင်အကွာရှိ အယ်လ်တူရာ ရေနံမြေမှ စစ်သွေးကြွ များ၏ ရေနံချက် စက်ရုံများကို တိုက်ခိုက် ဖျက်ဆီးပစ် ခဲ့ကြောင်း အီရန် ဖားစ် သတင်းအေဂျင်စီ က ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ရက်ကာမြို့ အနောက်မြောက် ပိုင်းရှိ စစ်သွေးကြွ များ၏ ရေနံစက်ရုံ လေးခုကို ဇွန် ၄ ရက်တွင် ရုရှားလေယာဉ်များက ထပ်မံတိုက်ခိုက် ဖျက်ဆီးပစ် ခဲ့သည်။

လက်ရှိ ပြုလုပ်နေသည့် ရက်ကာမြို့သိမ်း တိုက်ပွဲအတွင်း ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ရုရှားနှင့် အမေရိကန် အစိုးရတို့ အကြားညှိနှိုင်း စေ့စပ်ခဲ့ခြင်း မရှိပေ။ စင်စစ်တွင် ယင်း နှစ်နိုင်ငံသည် ဆီးရီးယား ပြည်တွင်းစစ်စတင် ဖြစ်ပွားသည့် အချိန်မှစ၍ ဆန့်ကျင်ဘက် အဖွဲ့များကို ထောက်ခံ လာခဲ့ကြသည်။ ရုရှားအစိုးရ သည် သမ္မတ အာဆတ် အစိုးရကို ထောက်ခံထားပြီး အမေရိကန်နှင့် ၄င်း၏ မဟာမိတ် အနောက်နိုင်ငံ များနှင့် ဒေသတွင်းရှိ အာရပ်နိုင်ငံ များက ဆီးရီးယား အစိုးရကို တိုက်ခိုက်နေသည့် အတိုက်အခံ တပ်များအား အသီးသီး ထောက်ခံခဲ့ ကြသည်။ ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ် နိုင်ရန်နှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် သမ္မတ အာဆတ် အနေဖြင့် ရာထူးမှ ဆင်းပေးရမည် ဟု အမေရိကန် အပါအဝင် အနောက်နိုင်ငံ များက တောင်းဆို   ခဲ့ကြသည်။ တခြား တစ်ဖက်တွင် ရုရှားအစိုးရက အရှေ့အလယ် ပိုင်းရှိ အဓိက မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဆီးရီးယားနိုင်ငံ ကို တစိုက်မတ်မတ် ထောက်ခံပေး ခဲ့သည့်အပြင် အာဆတ် အစိုးရ ၏ တရားဝင် တောင်းဆိုမှုကြောင့် ဆီးရီးယား နိုင်ငံရှိ အကြမ်းဖက် တိုက်ဖျက်ရေး တွင် ပေါ်ပေါ် ထင်ထင် ပါဝင်လာ ခဲ့သည်။ ဆီးရီးယား အရေး တွင် ရုရှားပါဝင် လာခဲ့ချိန်မှ စ၍ စစ်ရေး ချိန်ခွင်လျှာ ပြောင်းလဲ လာခဲ့ပြီး ရုရှား အစိုးရ၏ အကြမ်းဖက် တိုက်ဖျက်ရေး အစီအစဉ် မှာလည်း ထိရောက်မှု ရှိလာခဲ့သည်ကို အမေရိကန် အစိုးရကပင် အသိအမှတ် ပြုလာကြသည်။ တစ်ချိန်တည်း မှာပင် ရုရှားနိုင်ငံ၏ သြဇာအာဏာ မှာလည်း အရှေ့ အလယ်ပိုင်း ဒေသအတွင်း ပိုမိုကြီးထွား လာခဲ့သည်။

ထို့ကြောင့် ရက်ကာမြို့ကို ရုရှားက ကျောထောက်နောက်ခံ ပေးထားသည့် SAA တပ်များက သိမ်းပိုက်နိုင်ခဲ့မည် ဆိုပါက ရုရှားအစိုးရ၏ ဂုဏ်သတင်း ကျော်စောမှုမှာ ဒေသ အတွင်းရှိ နိုင်ငံအားလုံးသို့ ပျံ့နှံ့ရောက်ရှိ စေမည့်အပြင် ဆီးရီးယားနိုင်ငံ ကို အရှေ့ အလယ်ပိုင်းရှိ ရုရှားနိုင်ငံ၏ အဓိက မဟာမိတ်နိုင်ငံ အဖြစ် ဆက်လက် ထိန်းသိမ်းသွား နိုင်မည်ဖြစ်ရာ သမ္မတ အာဆတ်ကို ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆို ထားသည့် အမေရိကန်၊ မဟာမိတ် နိုင်ငံများနှင့် ဆီးရီးယား ကို အရှေ့ အလယ်ပိုင်းရှိ အဓိက မဟာမိတ် အဖြစ် ဆက်လက် ရပ်တည် စေလိုသည့် ရုရှားနိုင်ငံတို့ အတွက် ရက်ကာမြို့သိမ်း တိုက်ပွဲသည် အမေရိကန်နှင့် အင်အား ပြိုင်ဆိုင်မှု တစ်ရပ်အဖြစ် ထွက်ပေါ် လာလျက်ရှိသည်။

The battle for Raqqa risks pitting the Russians against Americans

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger