www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 13, 2016

စက်မှုဝန်ကြီးဌာနထုတ် လက်ယာသုံးစက်နှင့် စက်ပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိ



ကသာ ၊ ၁၃-၆-၂၀၁၆

စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် (၃၆) အကြီးစားစက်ရုံ (ဆင်တဲ)၊ အမှတ် (၁၇) အကြီးစားစက်ရုံ (မလွန်)တို့မှ ထုတ်လုပ်သော လယ်ယာသုံးစက် နှင့် စက်ပစ္စည်း များကို တောင်သူ လယ်သမားများ လက်လှမ်းမီစွာ သုံးစွဲနိုင်ရေး အတွက် လက်ငင်း ငွေချေစနစ်အပြင် ငွေကျပ်သိန်း ၃ဝ အောက် တန်ဖိုးရှိ စက်ပစ္စည်းများကို တစ်နှစ်ဆိုင်း နှစ်ရစ်ဆပ် စနစ်ဖြင့် လည်းကောင်း၊ ငွေကျပ်သိန်း ၃ဝ အထက် တန်ဖိုးရှိ စက်ပစ္စည်းများ ကို နှစ်နှစ်ဆိုင်း သုံးရစ်ဆပ် ငွေချေစနစ်ဖြင့် လည်းကောင်း အာမခံစာချုပ် စာတမ်း ထောက်ခံချက် တို့ဖြင့် စာချုပ်ချုပ်ဆို၍ အရစ်ကျ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

''စက်ရုံထုတ် ပစ္စည်းတွေကို မှာယူချင်ရင် ဝန်ကြီးဌာန ရုံးစိုက်တဲ့ နေပြည်တော် မှာရော အကြီးစားစက်ရုံ နှစ်ရုံဖြစ်တဲ့ ဆင်တဲနဲ့ မလွန်စက်ရုံ တွေမှာပါ ဆက်သွယ်မှာယူလို့ ရပါတယ်။ မြို့နယ်အလိုက် ကျေးလက်ဒေသ အထိ သွားပြီးရင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဆီမှာ စာရင်းတင် ထားလို့လည်း ရတယ် '' ဟု ကသာမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်း က ပြောသည်။

တောင်သူများသို့ ဝန်ဆောင်မှု ပေးရာတွင် ပစ္စည်းဝယ်ယူပြီး ခြောက်လအတွင်း လူကြောင့် မဟုတ်ဘဲ ပျက်စီးသွားပါက ပစ္စည်းခနှင့် လက်ခမယူဘဲ ပြုပြင်ပေးကာ တစ်နှစ်အတွင်း ပျက်စီးပါက လက်ခမယူဘဲ အိမ်တိုင် ရာရောက် ပြုပြင် ပေးကြောင်း သိရသည်။

တောင်သူ လယ်သမားများ အနေဖြင့် လူ၊ ကျွဲနှင့် နွားများကို အသုံးပြု ဆောင်ရွက်သည့်  မိရိုးဖလာ လက်မှုလယ်ယာ စနစ်ကိုသာ ကျင့်သုံးနေဆဲ ဖြစ်သောကြောင့် ရာသီချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်း လျော့ခြင်း၊ အလေအလွင့် များခြင်း၊ သီးနှံ အရည်အသွေး ကောင်းမွန်မှု မရှိခြင်း၊ ဈေးကွက်၌ ယှဉ်ပြိုင်ရောင်းချ နိုင်မှုမရှိခြင်း နှင့် သီးထပ် သီးညှပ် စိုက်ပျိုးနိုင်မှု မရှိခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်လျက် ရှိသဖြင့် စက်မှု ဝန်ကြီးဌာနမှ လယ်ယာသုံး စက်ပစ္စည်းများ ကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် လုပ်ငန်းခွင်၌ အသုံးပြုမှု များပြားသော လက်ကိုင် ရှည်ထွန်စက် (ကိုင်းရှည်) အမျိုးအစားကို ပိုမိုဝယ်ယူ ကြကြောင်း သိရသည်။

လက်ကိုင်ရှည် ထွန်စက် (ကိုင်းရှည်) မြင်းကောင်ရေ ၁၁ ကောင်အင်ဂျင် နှင့် အပိုပစ္စည်းများ ဖြစ်သည့် လေးပိုင်းထယ်၊ နှစ်သွားထယ် နှင့် ထွန်စက်များ ပါဝင်သည့် လယ်ထွန် စက်တစ်စီးလျှင် ငွေကျပ် ၁၄ဝ၇ဝဝဝ၊ ဒေါင်းဖန်း ထွန်စက် (ကျွဲချို) မြင်းကောင်ရေ ၂၂ ကောင်အင်ဂျင် နှင့် သုံးသွားထယ်ပါ လယ်ထွန်စက် တစ်စီးလျှင် ငွေကျပ် ၁၅ သိန်းကျော်၊ အိန္ဒိယ နိုင်ငံထုတ် ဆိုနာလီကာ အမျိုးအစား မြင်းကောင်ရေ ၇၅ ကောင် လယ်ထွန်စက်ကြီး တစ်စီးလျှင် ငွေကျပ် ၂ဝ၄ သိန်း၊ မြင်းကောင်ရေ အား ၉ဝ ရှိသည့် လယ်ထွန်စက်ကြီး တစ်စီးလျှင်၂၁၇၂ဝဝဝဝ တို့ဖြင့် အရစ်ကျ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger